ဖားကန့် ၊လုံးခင်းမှာ သေနတ်နဲ့ပစ်သတ်ခံရသူတွေရှိလာသလို ဓား​ပြတိုက်မှုတွေလည်း များလာနေ

မေ ၂၉ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေသလို လမ်းဘေး ပစ်သတ်ခံရသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံဆီက သိရပါတယ် ။
ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်းက လုံးခင်းတိုက်နယ်ဆေးရုံကုန်းအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း သုံးလောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
” အသတ်ခံရတဲ့ သူသုံးယောက်လုံးက လုံးခင်းမှာပဲ နေကြတာ ။ ဘယ်သူတွေသတ်သွားလဲတော့ မသိကြဘူး။ အလောင်းတွေက ဒီနေ့မနက်မှတွေ့တာ ။ လုံးခင်းမှာ ဓားပြတိုက်မှုတွေလည်း များလာတယ်။ တချို့က ထုတ်မပြောလို့ အင်တာနက်ပေါ်ရောက်မလာတော့ လူသိပ်မသိဘူး ။ အင်တာနက်ပေါ်ရောက်လာတာလောက်ပဲ သိရတာ ။ ဘယ်သူတွေလုပ်မှန်းလည်းမသိဘူး ။ ” လို့ ဒေသခံကပြောပါတယ်။
မနေ့က မေ ၂၈ ရက်မှာ လုံးခင်းကျေးရွာ ၊ရပ်ကွက်(၃)ရှိ နေအိမ် ဓားပြတိုက်ခံရပြီး သိန်း ၁၂၀ လောက် ပါသွားတယ်လို့ သိရပါတယ်။
၂၆ ရက်နေ့ကလည်း လုံးခင်း၊ ရွှေမော် တည်းခိုခန်းရှေ့မှာ ကားတစီး ဓားပြတိုက်ခံရပြီး ငွေသားတချို့နဲ့ ဖုန်းတွေ ပေးလိုက်ရတယ်လို့ သိရပါတယ်။
အလားတူ မှော်စီဆာရွာဘက်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ဓားပြတိုက် လုယက်မှုတွေ များလာတယ်လို့ သိရပါတယ်။
” ဘယ်သူတွေက လုပ်မှန်းလည်းမသိဘူး ။ ဓားပြတိုက်တဲ့သူတွေက သေနတ်ပါတာများတယ်။ အခုနောက်ပိုင်း ဓားပြတိုက်တာတွေ လုတာတွေပိုများလာတယ်။ တာဝန်ရှိသူတွေက အရေးယူဖမ်းဆီးတာမျိုးလည်း မကြားရဘူး ။ နယ်မြေမအေးချမ်းတာကို အခွင့်ကောင်းယူပြီး လုပ်နေကြတာ ။ ကြားထဲက ပြည်သူတွေက ဒုက္ခရောက်ရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ ဖားကန့် ဒေသမှာ မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုး.သိပ်မရှိပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW