သူတို့အိမ် အခန်း (၁၃၁)

ဆူးငှက်

လုပ်သားထု အစည်းအဝေးက အတွေ့အကြုံ
————————————————

သည် တနင်္ဂနွေ လုပ်သားထု အစည်းအဝေးက လူစုံတက်စုံ တက်ရောက်ကာ စိတ်ဝင်စားမှု အပြည့်ရှိကြသည်။ အစည်းအဝေးမတိုင်မီကပင် လုပ်သားအချင်းချင်း အစည်းအဝေးတွင် ဆွေးနွေးပြောဆိုကြမည့် အကြောင်းအရာတွေကို တိုင်ပင်နေကြသည်။ သည်အစည်းအဝေးကို စိတ်ဝင်းစားကြသည်မှာ ဘဏ္ဍာရေးနှစ် တစ်နှစ်စာအတွက် လုပ်သားထု သက်သာချောင်ချိရေး ရံပုံငွေကို အတည်ပြုမည့် အစည်းအဝေးမို့ ဖြစ်သည်။ နံနက် ၉နာရီကို အစည်းအဝေး ခေါ်ထားရာ ၉နာရီမထိုးမီကပင် လူစုံနေသည်မို့ စောင့်စရာမလိုဘဲ အချိန်တိကျစွာ အစည်းအဝေး စတင်နိုင်ခဲ့၏။

သည်နေရာတွင် ဤအလုပ်ရုံမှ ဦးဆောင် လူကြီးများက သူတို့ တက်ရောက်ရသည့် မြို့နယ်အဆင့် တုင်းအဆင့် အစည်းအဝေးများတွင် ဖိတ်စာတွင်ပါသော အစည်းအဝေးအချိန်အတိုင်း ဘယ်သောအခါမှ တိကျစွာ မစနိုင်ဘဲ အနည်းဆုံး နာရီဝက် တစ်နာရီ နောက်ကျမှ အစည်းအဝေးစတင်နိုင်ခြင်းကို စိတ်ပျက်နေကြသောကြောင့် မိမိ အလုပ်ရုံ အစည်းအဝေးများကိူ အချိန် တိကျစွာ ကျင်းပသည့် အလေ့ကို ကျင့်သုံးသဖြင့် လုပ်သားထုကပင် အစည်းအဝေး အချိန်ကို နောက်မကျစေဘဲ တက်ရောက်ကြခြင်းလည်း ဖြစ်သည်။

ရေရှည် အကျိုး ဒို့မျှော်ကိုး၍
———————————

အစည်းအဝေးတွင် လုပ်သားထု သက်သာရံပုံငွေ ဆွေးနွေးကြရာ မင်္ဂလာဆောင် သာရေးစံရိတ်၊ နာရေးစံရိတ်၊ မီးဖွားစံရိတ် နှင့် ကျောင်းတက်စံရိတ်များ ဟူသော ခေါင်းစီးများတွင် လုပ်သားထု၏ ၉၀ ရာခိုင်နှုန်းကျော်က သားဖွားစံရိတ်ဟူသော ခေါင်းစီးကို ဖြုတ်စေချင်ပြီး ထိုခေါင်းစီးအောက်က ရံပုံငွေကို ကျောင်းစံရိတ်ထဲ ထည့်ဖို့ အဆိုတင် ထောက်ခံနေကြသည်။ ကျွန်တော်က ထိုကိစ္စကို နားမလည်နိုင်။ အားလုံး အိမ်ထောင်သည်တွေ အရွယ်ရှိ သန်သန်မာမာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် ယောက်ျားသားတွေ၊ ဘယ့်နှယ် မီးဖွားစံရိတ်ကို ဖြုတ်စေချင်ကြတာပါလိမ့်ဟု ပဟေဠိဖြစ်နေ၏။ ထိုစဉ် လုပ်သားထုထဲမှ မိန်မစီးဖိနပ်များ ပြုလုပ်သည့် အမှုဆောင်အဖွဲ့ဝင် တစ်ဦးကသာ သားဖွားစံရိတ်ကို ထည့်စေချင်ကြောင်း ထ၍ ဆွေးနွေးသည်။

သူက သားဖွားစံရိတ်ထည့်သင့်ကြောင်း အဆိုပြုတင်ပြနေစဉ် မထည့်ရန် ကန့်ကွက်ကြသူထဲမှ သားကြိုးချုပ် လုပ်သား တစ်ဦးက “ မင်းက တတ်နိုင်တဲ့သူပါကွာ၊ မင့်မိန်းမကလည်း မင်္ဂလာဈေးထဲ ဆိုင်ခန်းနဲ့ ဘာနဲ့၊ ပြီးတော့ မင့်ဒေါက်ဖိနပ် တွေက ပိုက်ဆံပိုရပါတယ်။ ဒီအလုပ်ရုံမှာ မတတ်နိုင်တော့လို့ ငါအပါအဝင် သားကြော ဖြတ်ထားသူတွေ ချည်းပါ။ အလုပ်ရုံ တစ်ရုံလုံးမှ မင်းတို့ ၄ယောက်လောက်ပဲ ကလေးထပ်ရဖို့ အခွင့်အရေး ရှိကြတော့တာပါ။ အဲ့ဒီ၄ယောက်ကလည်း အဆင်ပြေတဲ့ သူတွေ ချည်းပါကွာ၊ ကလေးမွေးရင် တတ်နိုင်တဲ့သူတွေပါ။ ဒို့မှာ ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ပျာယာခတ်အောင် ရှာရဖွေရလို့ အဲ့ဒီမီးဖွားစံရိတ်ကို ဒို့ကျောင်းစံရိတ်ထဲ ပြောင်းပေးဖို့ ဒို့က အများစုကိုယ်စား ထပြောရတာပါဟ” ဟု ပြောတော့ လုပ်သားထုက ဝိုင်း၍ သြဘာပေးကြသည်။ ထိုအခါမှ ကျွန်တော်လည်း သဘောပေါက်ကာ ရယ်မောရတော့သည်။

 

အရိပ်သုံးပါး နားလည်မှပေါ့
———————————–

ထိုအခါ မြို့နယ် အလုပ်သမားအစည်းအရုံး ကိုယ်စားလှယ်သာမက အလုပ်ရုံ၏ အလုပ်သမား အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူက ရီရီမောမောနှင့်ပင် ခေါင်းစီးကိုတော့ မဖြုတ်ပါနှင့်၊ သားမွေးနိုင်သေးသည့်သူတွေလည်း သူတို့ အခွင့်အရေးရှိပါတယ်။ သားဖွားစံရိတ်ကို လျော့ပြီး ကျောင်းစံရိတ်ကို ထပ်တိုးပါ့မယ် ဟု ပြောမှ အားလုံး ကျေနပ်သွားကြ၏။ ထို့ပြင် မင်္ဂလာစံရိတ်နှင့် ပတ်သက်၍ အသင်းသား ကိုယ်တိုင်(သို့မဟုတ်) အသင်းသား၏ သားရင်း သမီးရင်း ကိုယ်တိုင် မင်္ဂလာဆောင်မှ မင်္ဂလာစံရိတ် လက်ဖွဲ့မည်ဟူသော စည်းကမ်းကို ကျွန်တော်က ဖတ်ပြရင်း “သားရင်းသမီးရင်းမဟုတ်ရင် မွေးစားသား မွေးစားသမီးကိုပင် ရံပုံငွေက လက်ဖွဲ့စရာမလိုလို့ ဆိုလိုပါတယ်” ဟု ရှင်းပြသောအခါ လုပ်သားထုက အချင်းချင်း လက်တို့ကာ တိုးတိုးတိုးတိုးပြောနေကြတော့ ကျွန်တော်လည်း နဝေတိမ်တောင်ဖြစ်သွားသည်။

ထိုစဉ် ကျွန်တော့ဘေးမှာထိုင်နေသည့် အလုပ်ရုံတာဝန်ခံစာရေးကြီးက “အဲ့ဒီမှာ အသင်းသား၏ သားရင်း သမီးရင်းသာမက အတူနေ မွေးစားသား မွေးစားသမီးဆိုတဲ့ စာသားလေး ထပ်ဖြည့်လိုက်ပါ” ကပ်ပြောမှ ကျွန်တော်လည်း သဘောပေါက် သွား၏။ ဟုတ်တာပေါ့ ခုန မြို့နယ် အလုပ်သမားအစည်းအရုံး ကိုယ်စားလှယ် အလုပ်ရုံအစည်းအရုံး ဥက္ကဋ္ဌ အသင်းသားကြီးမှာ သားသမီးအရင်းမရှိဘဲ မွေးစားသားတစ်ဦးပဲ ရှိတာလေ၊ ထို့ကြောင့် တာဝန်ခံစာရေးကြီးပြောသော နောက်တိုး စည်းကမ်း စာသားကို ချက်ချင်းဖြည့်လိုက်ရ၏။

ကက်ဆက်နှင့် သီချင်းပြဿနာ
———————————–

ထို့နောက် စာကြည့်တိုက်ကိစ္စ၊ အသင်းပိုင် ကက်ဆက် ကိစ္စများ ဆက်၍ ဆွေးနွေးကြရာ စာကြည့်တိုက် စာအုပ်သစ် ဝယ်ယူရန်၊ ဖွင့်လှစ်ချိန်၊ စာအုပ်ငှားရမ်းမှုပုံစံ၊ စာအုပ်ရက်လွန် ပျောက်ဆုံးအတွက် လျော်ကြေး စသည့်အချက်များကို အဆင်ပြေစွာ ဆွေးနွေးအတည်ပြုခဲ့ကြသည်။ အသင်းပိုင် ကက်ဆက်ကိစ္စမှာတော့ အတော် ပြောကြရ ဆိုကြရ၏။ ယခင် လုပ်သားပိုင်ခေတ်က အသင်းမှာ ရေဒီယိုပဲရှိသည်။ ထိုရေဒီယိုကို မနက်စော နံနက်ချိန်ခါ တေးသံသာကိုသာ ဖွင့်ရပြီး ကျန်အချန်များတွင် မနက်၈နာရီသတင်း၊ ၁၁နာရီသတင်းနှင့် မွန်းလွဲ ၁နာရီသတင်းကိုသာ ဖွင့်ရသည်။ ကျန်အချန်များ မဖွင့်ရပေ။

လုပ်သားပိုင်မှ သမဝါယမအသွင် ကူးပြောင်းပြီး ယခူ သင်္ဘောတန်းနေရာရောက်မှ ကက်ဆက် တစ်လုံးနှင့် ဆောင်းဘောက် တစ်လုံး ဝယ်စေကာ ထိုကက်ဆက်ကို အလုပ်ရုံ အမှုဆောင် တစ်ဦးမှသာ ကိုင်စေရသည်။ ယခု ပြဿနာက ကက်ဆက်မှာ မကောင်းတော့သည့်အပြင် တစ်လုံးတည်းသော ဆောင်းဘောက် ကလည်း စပီကာက ကွဲသံထွက်နေပြီ။ ထို့ထက်ဆိုးသည်က ကက်ဆက်ကိုင်သည့် အမှုဆောင်က သူကြိုက်သည့် သီချင်းခွေကိုသာ ထပ်တလဲလဲ ဖွင့်နေပြီး အသင်းသားများက ခွေကိုပင်ငှားလာကာ ဖွင့်ပေးရန် တောင်းဆိုသည့် သီချင်းများကို ဖွင့်မပေးသည့် ပြဿနာ ဖြစ်သည်။

စတီရီယိုက လမ်းသူရဲ သီချင်းလား
————————————-

ကက်ဆက် တာဝန်ခံ အမှုဆောင်က ကက်ဆက်မှာ ကျနေပြီး ဆောင်းဘောက်ကလည်း ကြာနေကာ စပီကာမှာလည်း အက်နေကြောင်း၊ ထို့ကြောင့် အသံမကောင်းနိုင်ကြောင်း၊ ယူလာသည့် ကက်ဆက်ခွေကို မဖွင့်သည်မှာ လမ်းသူရဲသီချင်း သရုပ်ပျက်သီချင်းများမို့ ဖွင့်မပေးကြောင်း၊ တချို့ခွေများက ဘုန်းကြီးပျံဧယဉ်ကျူးကို ကိုယ့်ဖာသာ သွင်းလာသည့် ခွေများမို့ ဖျော်ဖြေရေးမဟုတ်ကြောင်း၊ ထို့ပြင် အရပ်ထဲက အလှူ ဘိသိတ်ခွေတွေလည်း ဖွင့်ခိုင်းကြကြောင်း ထိုခွေကလည်း အားလုံးနှင့် မသက်ဆိုင်၍ မဖွင့်ပေးကြောင်း စသည်ဖြင့် ရှင်းလင်းသည်။ လမ်းသူရဲခွေဟု အပြောခံရသည့် ခွေငှားလာသူ အိတ်ချုပ်လုပ်သားလေးက ခေတ်ပေါ် စတီရီယို သီချင်းဖြစ်ကြောင်း၊ လမ်းသူရဲသီချင်း မဟုတ်ကြောင်း၊ လူငယ်များကြား ယခုခေတ်စားနေသည့် ဘိုဘိုဟန်၏ သီချင်းခွေနှင့် ထွန်းနောင်၏ သီချင်းခွေဖြစ်ကြောင်း၊ တစ်ခါလာ ငိုသံပါကြီးနှင့် ကိုတင်လှိုင် ကိုသန်းလှိုင်သီချင်းများချည်း ထပ်တလဲလဲဖွင့်နေ၍ အသစ်အဆန်းများဖွင့်စေချင်ကြောင်းလည်း ထဆွေးနွေးပြန်သည်။

ထိုအခါ နောက်ထပ် အလုပ်သမား တစ်ယောက်က ကက်ဆက်နှင့် ဆောင်းဘောက်မကောင်းတာ မှန်ကန်ကြောင်း၊ ကက်ဆက်တာဝန်ခံက သူ့ခွေကိုပဲ ထပ်တလဲလဲ ဖွင့်ခြင်းကိုလည်း လက်မခံပါကြောင်း၊ သို့သော် ခေတ်ပေါ်သီချင်းခွေများဟု ဆိုတိုင်းလည်း မဖွင့်သင့်ပါကြောင်း၊ ဘိုဘိုဟန်လောက်တော့ လက်ခံပါကြောင်း၊ မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ် ဆိုတာမျိုးတော့ လက်မခံကြောင်း၊ ကိုတင်လှိုင် ကိုသန်းလှိုင်လို ဂန္ထဝင် အဆိုတော်ကြီးများ၏ သီချင်းတွေကိ ငိုသံပါကြီးနဲ့ဟု ပြောခြင်းကိုလည်း လက်မခံပါကြောင်း ထပြောပြန်၏။ လုပ်သားထုအတွင်းလည်း အချင်းချင်းပြောကြသည့် အသံတွေ ဆူညံလာသည်။ စကုတိုက် တိုက်အုပ်ဘုန်းကြီးပျံမှာ မာယာတင်ဧယဉ်ကျူးတာ ကောင်းလွန်းလို့ အားလုံးနားထောင်ရအောင် ငါကိုယ်တိုင် အရပ်ထဲက ကက်ဆက်ဆက်ငှားပြီး အသံသွင်းလာတာပါ ဟူသောအသံ၊ ဘိသိတ်က ဒို့ပဲဝင်းက ရွှေမန်းအောင်ကြည်လေ၊ ရွှေမန်းတင်မောင်အသံနဲ့ ချွတ်ဆွတ်တူလို့ ဖွင့်ခိုင်းတာပါဟူသော အသံများနှင့် သူထပြောမယ် ငါထပြောမယ် ဖြစ်လာကြသည်။

ဘာမှတ်လဲ၊ အသံချဲ့စက်တာဝန်ခံ
—————————————

ထိုအခါ အစည်းအရုံးဥက္ကဋ္ဌက မတ်တပ်ရပ်ပြီး “ကိုင်း ဒီကိစ္စက ဆွေးနွေးနေကြမယ်ဆိုရင် ပြီးနိုင်မှာ မဟုတ်တော့ဘူး၊ ဒီတော့ နံပတ် ၁ ကက်ဆက်နဲ့ ဆောင်းဘောက် မကောင်းတာကို အကောင်းဆုံးမဟုတ်တောင် ဒီထက်ပိုကောင်းတဲ့ ဘာတဲ့ စတီရီယို ကက်ဆက်ဆိုလား၊ အဲ့ဒီ ကက်ဆက်အပြင် ကျောက်စက်နဲ့ ဖွင့်ရတဲ့ ဆောင်းဘောက်တွေလည်း လဲဖို့ စီစဉ်ပေးပါ့မယ်။ ကက်ဆက်ဖွင့်ဖို့ ဘယ်ခွေတွေကို ဘယ်လိုဖွင့်မယ်ဆိုတဲ့ လုပ်ငန်းတာဝန်နဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ဖို့ကို အခု အသစ်ဖွဲ့လိုက်တဲ့ စာကြည့်တိုက်ကော်မီတီကို လွှဲအပ်ပြီး ဒီကော်မီတီက ဆုံးဖြတ်ပါလိမ့်မယ်။ ဒါဆိုရင် ကျေနပ်ကြမယ်ထင်ပါတယ်။

ဒါကြောင့် စာကြည့်တိုက်ကော်မီတီကိုယ်စား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မီတီဥက္ကဋ္ဌ ကိုကျော်ဆန်းက တာဝန်ယူပါ။ ကက်ဆက်အသစ်၊ ဆောင်းဘောက်အသစ်ဝယ်ယူ တတ်ဆင်ရေးနဲ့ ကက်ဆက်ဖွင့်ဖို့တာဝန်နဲ့ အထွေထွေ စည်းမျဉ်း စည်းကမ်းတွေ ရေးဆွဲပြီး တစ်ပတ်အတွင်း လုပ်ငန်းတွေ ပြီးစီးဖို့ တာဝန်ယူပါ။ ကိုင်း ဒါဆို ကျေနပ်ကြပြီ မဟုတ်လား ဟု ဆိုတော့ လုပ်သားများက လက်ခုပ်တီးကာ သြဘာပေးကြသည်။ အစည်းအဝေးပြီးတော့ မွန်းလွဲ ၁နာရီထိုးလုပြီ။ အစည်းအဝေးတက်သူများ အားလုံးအတွက် ဂွေးချိုတိုက် အနောက်ဘက် မိကျောင်းတံတား လမ်းပေါ်ရှိ ဦးအေးကို မြင်းပျံ ထမင်းဆိုင်က တစ်ထုပ် ၃ကျပ်တန် ထမင်းထုပ်တွေလည်း သက်သာ လက်ဖက်ရည်ဆိုင် စာပွဲပေါ် အပုံလိုက် ရောက်နေပြီ။ ဟင်းနံ့တွေက သင်းလို့။ ကျွန်တော်လည်း ဆာလှပြီမို့ တန်းစီပြီး ကြက်သားဟင်းပါသည့် ထမင်းတစ်ထုပ်ယူလိုက်သည်။

 

ကက်ဆက်ရှာပုံတော်
—————————-

ထိုစဉ်ကာလ ကက်ဆက်အသစ်ဝယ်ယူလိုပါက ဈေးချိုတိုက်တန်းတွင် ဝယ်ယူနိုင်သည်။ ထို့ပြင် ၂၆ဘီလမ်း ၈၁လမ်းနှင့် ၈၃လမ်းကြား တွင်လည်း ဝယ်ယူနိုင်သည်။ စတီရီယို ကက်ဆက်အသစ် ဝယ်ဖို့က ခွင့်ပြုထားသည့် ရံပုံငွေနှင့် မလောက်ငှပေ။ ရိုးရိုး မိုနိုကက်ဆက်ပဲ ရနိုင်သည်။ အကယ်၍ အသစ်ဝယ်ယူပါက တိုက်တန်းပေါ်က ပေါ်ဦးကက်ဆက်ဆိုင်တွင် ဝယ်ယူနိုင်သည်။ ထိုဆိုင်မှာ တက္ကသိုလ်တတ်ဘက် ကိုတင်အောင်ရှိသည်။ သူ့ဆီ သွားလိုက်လျှင် ပစ္စည်းရော ဈေးရော စိတ်ချလက်ချ ရရှိနိုင်သည်။ သို့သော် ငွေက မမှီ။ ထို့ကြောင့် ကက်ဆက်ပြင်သည့် မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရသည်။

သူ့ဆီမှာ အရှေ့တော ရွာတွေက ကက်ဆက်တွေ အများဆုံး လာပြင်ကြသည်။ သူတို့က စပါးပေါ်ချိန်ဆိုလျှင် စတီရီယို စက်ကောင်း ဆောင်းဘောက်ကောင်းတွေ ဝယ်ကြသည်။ အကယ်၍ နောက်နှစ်စပါးပေါ်ချိန် စပါးဈေး ကောင်းလျှင် ထိုစက်ကို ထုတ်ပြီး ပိုကောင်းသည့် စက်တွေ ပြန်ဝယ်ကြသတဲ့။ ထို့ကြောင့် ကက်ဆက်ပြင်သည့် မိတ်ဆွေက သူမေးမြန်းပေးမည်ဟုဆိုသည်။ မကြာလိုက်ပါ။ တစ်ပတ်အတွင်းမှာပင် တစ်လက်ကိုင် ဟိတာချီ စတီရီယို ကက်ဆက်ဟောင်း တစ်လုံးကို ကျီကုန်းရွာက ရလိုက်သည်။ တစ်ထောင့် နှစ်ရာတဲ့။ စက်က အတော်မာသည်။ အသံကလည်း စွာသည်။ စတွေ့စက စက်၏ အပြင်က ဆေးသားလေး နည်းနည်း ပွန်းတာပဲ ပါသည်။ ဝယ်ဖို့ သေချာတော့ ကက်ဆက်ပြင်ဆရာက ထိုအပွန်းကို ဆေးမှုတ်ပေးပြီး တစ်လုံစလုံး ချေးချွတ်ပြီး ဗားနစ် အရောင်တင် ဆေးပါ မှုတ်ပေး လိုက်တော့ အသစ်နီးပါး ဖြစ်သွားသည်။

ထို့နောက် ဆိုင်းတန်း ခင်မောင်ကြည်ဆိုင်က ကျောက်စက်အသေးတစ်လုံးနှင့် ဆောင်းဘောက် ၂လုံး ဝယ်ပြီး အလုပ်ရုံ အတွင်း ဆင်ပေးလိုက်သည်။ အလုပ်ရုံမှာ မူလ ရှိပြီး တိတ်ခွေများထဲမှ မောင်မောင်ညွန့်၊ တွံ့တေးသိန်းတန်၊ မင်းအောင်၊ မာမာအေး၊ ကိုမင်းနောင် ကိုသန်းလှိုင် ကိုတင်လှိုင် ရွေးကူးခွေသာ ချန်ပြီး ဇာတ်လမ်းများသွင်းထားသည့် ခွေ ၄ခွေကို နောက်ထပ်ရွေးကူးသီချင်းများ ပြန်ကူးခဲ့သည်။ ထို ပြန်ကူးမည့် ရွေးကူးခွေ သီချင်းများအတွက် အသင်းသား တစ်ဦးလျှင် မမိစိတ်ကြိုက် သီချင်း ၂ပုဒ်စီ ရွေးခိုင်းသည်။ အသင်းသားအားလုံးက တစ်ယောက်၂ပုဒ်စီအဆိုပြုထားသော သီချင်းများကို တူရာစုကာ ပြန်လည်စီစစ်ပြီး ပြန်သွင်းသည်။ ထိုသီချင်းခွေများကိုပဲ ဖွင့်မည်။ ဒါဆို အားလုံးက ကိုယ့်အကြိုက်ရော သူ့အကြိုက်ရော ပါနေပြီမို့ အငြင်းမပွားနိုင်တော့။ ထို့ကြောင့် နောက်ဆုံးပိတ် စုစည်းရရှိသော သီချင်းများ စာရင်းအတိုင်း ဇာတ်လမ်းခွေများကို ဖက်ကာ ပြန်သွင်းမည်။ အကယ်၍ မလောက်ပါက ခွေသစ်ဝယ်ပြီး သွင်းမည်။ ထိုအစီအစဉ်ကို အသင်းသား တစ်ဦးဖြစ်သူ ပဲဝင်းကိုအောင်သန်းက တာဝန်ယူသည်။ သူက ကျုံးထောင့်က လှိုင်းတေးသံသွင်းဆိုင်မှာ တိတ်ခွေတွေ မကြာခဏကူးနေကျမို့ ထိုအလုပ်ကို ကျွမ်းကျင်သည်။

 

အများကြိုက် တိတ်ခွေ
————————–

ဤသို့ဖြင့် လှိုင်းတေးသံသွင်းဆိုင်မှာ သီချင်းတွေ သွင်းလိုက်တော့ ၆ခွေစာရသည်။ ခွေဟောင်းက ၄ခွေဆိုတော့ ခွေသစ် ၂ခွေ ထပ်ဝယ်ရတာပေါ့။ ထိုခွေတွေရလာလို့ အလုပ်ရုံမှာ စတင်ဖွင့်တော့ ကြားမိကာစတော့ ဟုတ်နေ အဆင်ပြေနေ၏။ နိပ်သားပေါ့။ စဖွင့်သည်နှင့် ကြည်နူးဖွယ်၊ ထို့နောက် အစိန္တေယ၊ ဆက်တိုက်ဆိုသလို အောင်ခြင်း၈ပါး၊ ရှင်သီဝလိ၊ ဒီအထိတော့ ချောနေသည်။ ဆက်တိုက်ဆိုသလို ကြားလိုက်ရတာက စိုင်းထီးဆိုင် မောင့်လပြည့်ဝန်းတဲ့၊ ကိုမင်းနောင် ဂျင်မလေးဂျမ်းတဲ့၊ ချိုပြုံး ကျောင်းပိတ်ရက်တဲ့၊ တွံ့တေးသိန်းတန် အသီးတရာ အညှာတခုတဲ့၊ ဘိုဘိုဟန် ပွမ်ပွမ်မြည်တဲ့ အသည်းလေးတဲ့၊ သုခ ဘဝသံသရာတဲ့၊ မာမာအေး စိန်နားကပ်ကြီးပန်ရမလိုတဲ့။ နောက်အခွေတွေမှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါ၏။

ကျွန်တော်က ကိုအောင်သန်းကို သီချင်းအမျိုးတူတာလေးတွေ စုကူးရောပေါ့ဗျာ၊ အခုဟာ ပုတီးကိုင်ရမလို၊ ထ ကရမလို၊ သံဝေဂ ရရမလို၊ အရက်ပုလင်းကိုင်ရမလို ဟု ပြောတော့ “အံမယ် ဆရာတို့ပေးလိုက်တဲ့ သီချင်းစာရင်းလည်း ကြည့်ပါဦး၊ ၉၆ပါး လေမျိုး ၈၀ ဟိုရောက်ဒီရောက်နဲ့ လှိုင်းက ကျွန်တော့်မို့ ကူးပေးတာ၊ သူတို့တောင် ဆရာ့ သီချင်း စာရင်းကြည့်ပြီး ခေါင်းရမ်းနေကြတာ။ အဆင်ပြေသလိုပဲ ကူးလို့ရတာလေ” ဟု ရှင်းပြသည်။ ဟုတ်တာပဲ။ ထိုသီချင်းခွေ ကိစ္စကို နောက်တော့ ပြန်စဉ်းစားမိလေတိုင်း တစ်ဦးချင်းဆန္ဒမှန်သမျှလိုက်လျောရေးဟူသည် အခြေခံ ဉာဏ်ရည်ချင်း ပြည့်ဝတူညီမှုက အရေးပါသည်ကို သဘောပေါက်မိသည်။

စာဖတ်ချိန်ကို မနည်းလုနေကြရပုံ
———————————–

အလုပ်ရုံ၏ စာကြည့်တိုက်ကို ပြန်လည် ဖွင့်လှစ်တော့ စာဖတ်အားကမဆိုး။ အသင်းသား အားလုံး နီးနီးလောက်က စာအုပ်ငှားကြသည်။ ငှားကြတာတော့ မဂ္ဂဇင်း အများစုပေါ့ ထိုသို့ မဂ္ဂဇင်းတွေ ဖတ်နေကျသူတွေက လုံးချင်းဝတ္ထုတွေကို ဖတ်လာကြသည်။ စာကြည့်တိုက်မှာ ရှိသော လုံးချင်းတွေထဲက ရွေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ရောင်နီ၊ သခင်မြသန်း၊ ဖိုးကျော့၊ မင်းသိင်္ခ၊ ဗန်းမော်တင်အောင်၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ မြသန်းတင့်၊ ဂျာနယ်ကျော် မမလေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ပွင့်လန်း၊ ညိုဝင်း၊ မိုးမိုး(အင်းလျား)၊ မစန္ဒာတို့ကို အဖတ်များကြသည်။

တစ်ခုပါပဲ သတ်မှတ်ထားတဲ့ စာအုပ်ငှားရက် တစ်ပတ်ထက် ပိုကာ ရက်လွန်ကြတာလည်း အများစု ဖြစ်သည်။ စာအုပ်တစ်အုပ်ကို တစ်ပတ်ထက်လည်း ပို၍ ရက်မပေးနိုင်၊ နောက်လူ အတွက်လည်း ကြည့်ရသေး၏။ ထို့ကြောင့် ညနေ ၅နာရီ စာကြည့်တိုက်ဖွင့်တိုင်း ရက်လွန်ကြေး တစ်ရက် ပြား၅၀ ကောက်ရတာက အလုပ်တစ်ခု ဖြစ်နေသည်။ ရက်လွန်တာကလည်း အနည်းဆုံး ၃ရက် မှသည် တစ်ပတ်အထိ ကြာတတ်သည်။ ထိုသို့ ရက်လွန်ကြေး ကောက်စဉ် ရီစရာ တစ်ခုကြုံရသေးသည်။ ရှူးဖိနပ်ချုပ်သည့် လုပ်သား တစ်ယောက်က မင်းသိင်္ခ၏ စာအုပ်အသစ်တစ်အုပ် ရက်လွန်နေသည်။ တစ်ပတ်ထိ ရက်လွန်နေတော့ သတိပေးရသည်။ အကြိမ်ကြိမ်သတိပေးမှ ၂ပတ်မြောက်တွင် စာအုပ်အပ်ရန် ပါလာပါသည်ဟု အကြောင်းပြန်၏။ သူ့အလုပ်ခုံဘေးမှာ စာအုပ်ကိုလည်း မြင်နေရလို့ စိတ်ချသွားသည်။

သို့သော် အများစု စာအုပ်အပ်ချန်တွင် သူက မအပ်သေး၊အားလုံးရှင်း၍ စာကြည့်တိုက် ပိတ်ချိန်ရောက်မှ စာအုပ်ကို လာအပ်သည်။ ကျွန်တော်က စာအုပ်၏ အဖုံးနှင့် ပြင်ပ အနေအထားကို စစ်ကြည့်ပြီး ဘာမှ အပြစ် အနာအဆာ မရှိလို့ လက်ခံရန် ရက်လွန်ကြေးကို တွက်လိုက်တော့ ရက်လွန်ကြေးက ၈ကျပ်လောက်ကျနေသည်။ ထို့ကြောင့် ကျွန်တော်က ရက်လွန်ကြေးက ၈ကျပ်တောင် ကျနေတာဗျ ဟု ပြောတော့ သူက ကျွန်တော့်နား ကပ်ပြီး စာအုပ်ထဲကို လှန်ကြည့်လိုက်ပါဆရာ ဟု ပြောလို့ ကျွန်တော်လည်း လှန်ကြည့်လိုက်တော့ စာအုပ်အလယ်လောက်မှာ သက်သာဆိုင်က လက်ဖက်ရည်သောက်ခွင့် တိုကင်သံပြားဝိုင်းလေး ၅ပြား ညှပ်ထားတာ တွေ့သည်။ သူက “ အဲ့ဒီ တိုကင်တွေ ဆရာယူလိုက်ပါ၊ ကျွန်တော့်မှာ ရက်လွန်ကြေးမပေးနိုင်တာ ဆရာက ကြည့်လုပ်ပေးပါဆရာ’ ဟု တိုးတိုးပြောသည်။

ထိုအခါမှ ကျွန်တော့်ကို စာအုပ်ရက်လွန်ကြေး ၈ကျပ် ဖြေလျော့ဖို့ တိုကင် ၅ပြား တန်ဖိုး ၃ကျပ်နှင့် လာဘ်ထိုးမှန်း သဘောပေါက်တော့သည်။ ကျွန်တော်က ရယ်ပြီး၊ ကဲပါဗျာ၊ ခင်ဗျား တိုကင်တွေလည်း မယူပါရစေနဲ့၊ ရက်လွန်ကြေး ၈ကျပ်ကို ကျွန်တော် စိုက်သွင်းလိုက်ပါ့မယ်။ နောက်တစ်ခါတော့ ရက်မလွန်ပါစေနဲ့ဗျာ” ဟု အများကြားအောင် ခပ်ကျယ်ကျယ်ပြောလိုက်ရသည်။ သူက ကျွန်တော်က ၃ရက်လောက် ရက်လွန်ပြီး စာအုပ်က ပြီးနေလို့ အပ်မလိုပ့ါ။ ဒါပေမယ့် အဲ့ဒီတုန်းက ကျသင့်တဲ့ ရက်လွန်ကြေးကို မပေးနိုင်လို့ပါဟု ပြောပါသေး၏။

လူမှုဖူလုံရေး ခံစားခွင့်
—————————

ထို့ပြင် လုပ်သားတစ်ယောက်က အလုပ်ရုံအတွင်း လုပ်ငန်းခွင်ထိခိုက်မှုရှိပါက အာဠဝီ စီလမ်းက လူမှုဖူလုံရေး ရုံးတွင် အခမဲ့ဆေးကုသနိုင်သည်။ လိုအပ်ပါက အရှေ့ကျုံးလမ်းရှိ အလုပ်သမားဆေးရုံတွင် အခမဲ့ ဆေးရုံတက်နိုင်သည်။ ထို့ပြင် လူမှုဖူလုံရေးရုံးက လုပ်ငန်းခွင် ထိခိုက်မှုအတွက် ဆေးခွင့်နှင့်အတူ နစ်နာကြေးလည်း ထုတ်ပေးသည်။ ကျွန်တော်တို့ လုပ်ငန်းက မြိနေအောင်သွေးထားသည့် ဓားအမျိုးမျိုးကို အသုံးပြုရသည်။ သားရေဖြတ်ရာ ဖိနပ်ပုံဝိုင်းရာ ခြေနင်း အောက်ခံ သားရေ ပုံဖော်ရာနှင့် ခွာရိုက်ရာများတွင် သူ့နေရာနှင့်သူ ဓားအမျိုးမျိုးသုံးရတော့ ထိခိုက်တတ်သည်။ ထို့ပြင် စူးအမျိုးမျိုး ကပ်ကြေးနှင့် မော်တာသုံးကြိတ်စက်များလည်း သုံးရသောကြောင့် ထိခိုက်မှုများရှိတတ်သည်။

ထိုသို့ ထိခိုက်လျှင် ကျွန်တော်က လူမှုဖူလုံရေးပုံစံစာရွက်တွင် လိုအပ်သော အချက်အလက်များ ဖြည့်ပြီး လုပ်ငန်းခွင်တွင် ထိခိုက်သည်မှာ မှန်ကန်ကြောင်း လက်မှတ်ထိုးပေးရသည်။ ထိုစာရွက်ဖြင့် ရုံးသွား လိုအပ်လျှင် ဆေးရုံသွားပြီး အခမဲ့ ဆေးကုနိုင်ပြီး နစ်နာကြေးလည်း ထုတ်ယူနိုင်သည်။ ထိုအခါ ထိခိုက်သည့် လုပ်သားက စာရွက်ပုံစံဖြည့်ပေးသည့် ကျွန်တော့်ကို လက်ဖက်ရည် တိုကင်ပေးတာမျိုး လုပ်တတ်သည်။ တကယ်တော့ သူတို့ အမှန်တကယ်ပင် လုပ်ငန်းခွင်၌ ထိခိုက်သောကြောင့် သူတို့ရပိုင်ခွင့်ကို ရကြခြင်းဖြစ်သည်။ ထိုသို့ ရရှိခြင်းမှာ သူတို့အတွက် မမျှော်လင့်ရဲသောကြောင့် ရရှိရန်လည်း မမျှော်လင့်ခဲ့သောကြောင့် ထီပေါက်သည်အလား အောက်မေ့ကာ လက်မှတ်ထိုးပေးသော ကျွန်တော့်ကို တာဝန်အရ လုပ်ဆောင်ပေးရမည်ဟု မထင်မှတ်ဘဲ ကျေးဇူးရှင်အလား လက်ဖက်ရည် တိုကင်ဖြင့် တတ်နိုင်သည့်ဘက်က ကျေးဇူးဆပ်သည်ဟု အောက်မေ့နေကြ၏။

တကယ်တော့ ကျွန်တော့်မှာ ရိုးသားလွန်းသော အလုပ်သမားများ၏ အဖြူရောင် အသိစိတ်တွင် လာဘ်ထိုးမှု အစွန်းအထင်း ကွက်သွားလို့ စိတ်မကောင်း ဖြစ်မိတော့သည်။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW