ဆူးငှက်
ရန်ကုန်ကို ချက်ချင်းလာခဲ့ပါတဲ့
————————————
နန်းရှေ့က ဆရာတော်ထံမှောက် ကျွန်တော်ရောက်တော့ ဆရာတော်က မိန့်သည်။ ဒီမနက်ပဲ ရန်ကုန်က ဒကာကြီး (ဦးတက်တိုး) က ဖုန်းဆက်သတဲ့။ သရက်ကုန်းအဖွဲ့က စာရေးဆရာကို မီရာ ရထားနဲ့ ရန်ကုန်ကို အမြန်ဆုံးလိုက်ခဲ့ပါတဲ့။ အရေးကြီးပါသတဲ့။ ထို့ကြောင့် ချက်ချင်း လိုက်သွားကြပါ။ ဘာ့ကြောင့် ဆိုသည်ကိုလည်း ဒကာကြီးးက မပြောပါတဲ့။ အရေးကြီးလို့နေမှာ လိုက်သွားပါဟု ဆရာတော်က မိန့်သည်။ ကျွန်တော် ခေါင်းကုပ်ရပြီ။ အမေကလည်း နေ့လား ညလား အခြေအနေ၊ အမေ့ဘေးမှာ ကျွန်တော်ရှိချင်သည်။ ရန်ကုန်ကလည်း ကျွန်တော့်ကို ချက်ချင်း လိုက်ခဲ့ပါတဲ့ဟု ဆိုသည်။ ကျွန်တော်က အခြေအနေကို ဆရာတော့်ထံ လျှောက်တော့ ဆရာတော်ကလည်း ဆုံးဖြတ်ရခက်နေသည်။
နောက်တော့ အမေ့အခြေအနေက ရက်ပိုင်းအတွင်း လိမ့်လိမ့်လဲလဲတော့ မဖြစ်နိုင်သေး၊ ရန်ကုန်က အရေးကြီးလို့ ဖြစ်မည်။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်လို့ မဖြစ်။ တင်သည့် စာတွေအားလုံးက ကျွန်တော် လက်မှတ်ထိုးထားတော့ အစားထိုးလို့ မရပေ။ ထို့ကြောင့် အိမ်သို့ အမြန်ပြန်ကာ ရန်ကုန်ဆင်းဖို့ စီစဉ်ရသည်။ ကျွန်တော် တစ်ယောက်ထဲလည်း မဖြစ်၊ ၃ယောက်စလုံး လိုက်ရမည်။ ထုံးစံအတိုင်း ဘူတာရှေ့ရှိ လက်မှတ်မှောင်ခို ဖောက်သည်ထံကပဲ ရိုးရိုးတန်းလက်မှတ် ၃စောင်ဝယ်ကာ ရန်ကုန်သို့ ဆင်းရပြန်၏။ မှတ်မှတ်ရရ ထိုနေ့က ဒီဇင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ အိမ်ကိုတော့ အမေ သတိရလို့မေးလျှင် လူထုတိုက်ကို အလုပ်သွားတယ် ဟုပဲ ပြောပါဟု မှာခဲ့ရသည်။
တောင်ငူဘူတာမှာ တစ်ညတာ
——————————-
တကယ်တော့ ဒီဇင်ဘာ ၉ ရက်နေ့ ညနေထွက်သည့် ရထားက နောက်ရက် ဒီဇင်ဘာ ၁၀ရက် မနက်မှာ ရောက်ရမည်။ သို့သော် ညကြီးသန်ခေါင် တောင်ငူဘူတာရောက်တော့ ရထားက တော်တော်နှင့် မထွက်။ ရပ်နေတာ တစ်နာရီလောက်ပင် မကတော့။ နောက်တော့ သိရသည်မှာ တောင်ငူဘူတာအထွက် ခပေါင်းချောင်း တံတားပေါ် ကုန်ရထား လမ်းချော်နေသတဲ့။ လမ်းရှင်းဖို့ တောင်ငူကရိန်းတော့ ထွက်သွားပြီဟုလည်း ပြောသည်။ သို့သော် ဒီညတော့ ရထားက ထွက်ဖို့ မသေချာတော့။ တောင်ငူဘူတာမှာ ရုံပိုင်ချုပ်က သူငယ်ချင်း ကိုကံစိန်ရှိသည်။ သူနှင့်က ၅တန်းကတည်းက ကျောင်းနေဖက်၊ ၁၀တန်း အတူတူအောင်ပြီး တက္ကသိုလ်ကလည်း ဘွဲ့အတူတူရသည်။ သူက ရူပဗေဒ၊ ကျွန်တော်က သင်္ချာ။ သူနှင့် မတွေ့ရတာလည်းကြာပြီ။ ရထားကလည်း ချက်ချင်း မထွက်နိုင်တော့ အကျိုးအကြောင်းလည်း သိရအောင် ဘူတာက ရုံပိုင်ချုပ်ရုံးခန်းသို့ သွားလိုက်တော့ သူ့ကို ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေတာ တွေ့ရ၏။ ရထား လမ်းချော်သည့် ကိစ္စ အပြန်အလှန် ဆက်သွယ်နေသည်။
ကိုကံစိန်နှင့်က နှစ်၂၀နီးပါး ကွဲကွာနေသော်လည်း သူက ချက်ချင်းမှတ်မိသည်။ ဖုန်းပြော ပြီးတာနှင့် ရထားက ဒီနေ့ည မထွက်နိုင်တော့ဘူးကွ၊ မင်းတို့ အိတ်တွေ ယူပြီး ရုံခန်းထဲပဲ နေကြတော့ ဟု ဆိုကာ အခြေအနေကို ဘူတာအသံချဲ့စက်ကတဆင့် ခရီးသည်များ သိအောင် ကြေညာခိုင်းနေသည်။ ကျွန်တော်တို့လည်း တွဲပေါ်က အိတ်တွေယူပြီး သူ့ရုံးခန်းထဲမှာ ထားကာ ဘူတာထဲ ထွက် လမ်းလျှောက်လိုက်၊ လက်ဖက်ရည်သောက်လိုက်၊ ရုံးခန်းထဲက ခုံမှာ ငိုက်လိုက်နှင့် မိုးလင်းလုပြီ။ ကိုကံစိန်ကတော့ ရုံထဲ ဝင်လာလိုက် ဖုန်းပြောလိုက်၊ နားထောင်လိုက်၊ ကြေးနန်းစက်နှင့် သတင်းပို့လိုက်နှင့် အလုပ်ရှုပ်နေ၏။ တောင်ငူ၏ ဒီဇင်ဘာဆောင်းက လင်းအားကြီးသည်နှင့် သိသိသာသာ အစွမ်းပြနေပြီ။ ထို လင်းအားကြီးချန်မှာပဲ ခရီးသည်အားလုံးကို ကုန်းလမ်းပို့ဆောင်ရေးက ကားများဖြင့် ခပေါင်းတံတား၏ ဟိုတစ်ဖက်ကို ပို့ပေးမည်။ တစ်ဖက်မှာက ရန်ကုန်က လာသည့် ရထားက ဒီဘက်မလာနိုင်တော့လို့ စောင့်နေမည်။
ရထားပြောင်းကြရသည်
—————————
ထိုရထားနှင့် ကျွန်တော်တို့က လိုက်ရမည်။ ထိုရထားက ခရီးသည်များကလည်း ကျွန်တော်တို့ စီးလာသည့် ကားများနှင့်ပင် တောင်ငူဘူတာသို့ လိုက်၍ ကျွန်တော်တို့ စီးလာသည့် ရထားနှင့် မန္တလေးသို့ ခရီးဆက်မည်။ သည်အစီအစဉ်နှင့် ကျွန်တော်တို့လည်း နှင်းသည်းသည်းကြား ခိုက်ခိုက်တုန်ကာ ကားတွေပေါ် အလုအယက်တက်ပြီး ချောင်းတစ်ဖက်က ရထားဆီ သွားကြရ၏။ ကိုကံစိန်လည်း ခရီးသည်တွေ အဆင်ပြေအောင် အော်ဟစ် ပြေးလွှား ညွှန်ကြားရင်း ကျွန်တော်တို့ကို လက်ပြ နှုတ်ဆက်လိုက်ရသည်။ ဒီဘက်ရထားမှာတော့ ဘာခုံနံပတ်နှင့်မှ မစီးကြတော့ အဆင်ပြေသလိုပဲ တွေ့သည့်တွဲပေါ် တက်လိုက်ကြရသည်။ ကျွန်တော် အမှတ်မမှားဘူး ဆိုလျှင် တွဲပြောင်းစီးရသည့် နေရာက သောင်းတိုင်ကုန်း ဘူတာလေး ဖြစ်လိမ့်မည်။ နှင်းတောထဲက ဘူတာလေး၏ ရထားလမ်းဘေး မြက်ပင်များမှာပင် နှင်းရည်တွေ မိုးရွာထားသလို စိုစွတ်နေတော့သည်။ ထိုနေရာက မနက် ၆နာရီလောက်မှ ထွက်သည့် ရထားက ရန်ကုန်သို့ ညမှ ရောက်တော့သည်။
တော်သေးသည် တည်းရမည့် ဘုန်းကြီးကျောင်းက တံခါးမပိတ်သေးလို့။ ကျောင်းရောက်လို့ အထုပ်အပိုး ချပြီး ဆရာတော်ကို ဝတ်ပြုတော့ မနက်က ကျောင်းမှာ ဦးတက်တိုး လာစောင့်သတဲ့။ မန္တလေး နန်းရှေ့ဆရာတော်က ညရထားနှင့် လိုက်သွားကြပြီဟု ဖုန်းဆက်ထားတာ ရောက်ချိန်တန် မရောက်လို့ စိတ်ပူပြိး ဘူတာသို့ ဆက်သွယ် စုံစမ်းမှ ရထားနောက်ကျမည့်အကြောင်း သိသွားသတဲ့။ မနက်ဖြန် သေချာပေါက် လာမယ်တဲ့ ဟု မိန့်သည်။ ကျွန်တော်တို့လည်း ကျောင်းရောက်မှ မန္တလေးက လိုရမယ်ရ ယူလာသည့် ကွင်းအမှတ် ၄၉၂ အကွက်ရိုက် မြေတိုင်း မြေပုံလိပ်ကြီးက တောင်ငူဘူတာမှာဆင်းစဉ် တွဲပေါ် မေ့ကျန်ရစ်ခဲ့တာ သိရတော့သည်။ မတတ်နိုင်တော့။
သည်လိုနှင့် ထိုညက ဗိုက်ဟောင်းလောင်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလိုက်သည်မှာ မနက်၅နာရီ ဆရာတော် အရုဏ်ဆွမ်း ဘုန်းပေးမှ နိုးသည်။ မနိုးလို့လည်းမရ။ မနေ့ညက မောမောနှင့် အိတ်တွေ ခေါင်းခုရင်း အိပ်ပျော်သွာတာက ဆရာတော် ဆွမ်းဘုန်းပေးသည့် နေရာဘေးမှာ ဖြစ်သည်။ ကိုရင်လေးတွေ အခန်းထဲထိ မရောက်တော့။ ထို့ကြောင့် ဆွမ်းပွဲ ပြင်သံကြားတော့ အိပ်နေရာက အမြန်ထကြရတာပေါ့။ ထိုမနက် ဆရာတော်၏ အရုဏ်ဆွမ်း အကျက မြိန်လိုက်သည့် ဖြစ်ခြင်း။ သည်လိုနှင့် မနက်စောစောနိုးလို့ ရွှေတိဂုံ ဘုရားပေါ် အမြန်တက်ကာ ဝတ်ပြု ဆုတောင်း လိုက်ကြသည်။ မနက် ၉နာရီလောက်မှာပဲ ဦးတက်တိုးက သူစီးနေကျ တက္ကစီကားလေးနှင့် ရောက်လာ၏။ မနေ့ညကမှ ကျွန်တော်တို့ ရောက်လာသည်ကို သိပြီး ကိုယ့်လူတွေ ဘာမှ မစားရသေးမှာ မဟုတ်ဘူးဆိုကာ လက်ဖက်ရည်နှင့် မုန့်များပင် ယူလာသေး၏။
ဝန်ကြီးချုပ် ဖြစ်သွားလို့
—————————-
ဦးတက်တိုးက ခရီးရောက်မဆိုက်ပင် အရင်တစ်ခေါက်က သူ့မင်းသားထံ ကိုယ်တိုင် တွေ့ဖို့ကိစ္စက မင်းသား ဝန်ကြီးချုပ်ဖြစ်သွားလို့ ၈မိုင်ရုံးမှာ အရင်လို ပုံမှန်မထိုင်တော့ဟု ဆိုသည်။ ဟုတ်တာပေါ့၊ သူ့မင်းသားက ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ ၂၅ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဦးတက်တိုးက သူ့မင်းသား ဝန်ကြီးချုပ်ဖြစ်ပြီး သူ့ပီအက်အိုနှင့် တွေ့လို့ အကျိုးအကြောင်း ပြောပြသည့် အခါ လာမည့် တနင်္လာမှာ ၈မိုင် ရုံးမှာပဲ ဝန်ကြီးချုပ်လာမည်မို့ ဦးတက်တိုးနှင့် တွေ့ဖို့ သေချာသလောက် ဖြစ်နေပြီ။ ထို့ကြောင့် စာကို ဝန်ကြီးချုပ် အနေနှင့်ရော ပြန်တင်ရမည်။ ဒီတစ်ခါတင်သည့် စာမှာ အသနားခံတာမျိုး တင်ပြလျှောက်ထားတာမျိုး မဟုတ်ဘဲ မတရားမှုကို ခေါင်းငုံ့မခံဘဲ အိမ်ရာများကို လာဖျက်ဆီးမည့် ဘူဒိုဇာအောက် ခေါင်းထိုးကာ မိမိတို့ပိုင်ဆိုင်သည့် နေရာကို ခုခံကာကွယ်မည် ဆိုတာမျိုး ခပ်မာမာ ရေးပြီး ကျွန်တော်က လက်မှတ်ထိုးဖို့ ဖြစ်သည်။
ဦးတက်တိုး ဆက်ပြောတာက “စာရေးဆရာကလည်း စာရေးဆရာပီပီ သတ္တိရှိစမ်းပါ၊ ပျော့ပျော့ညံ့ညံ့ မလုပ်ပါနဲ့၊ ဗန်မော်တင်အောင် သိတယ်မို့လား၊ သူ့လို ရဲရဲတောက်စမ်းပါ” ဟု စကာ ပြောင်ကာ ပြောသည်။ ထိုအခါ ကျွန်တော်က “ အရင်ခေတ်က ထောင်ထဲမှာ ဘီကလပ်ရတယ်၊ ထောင်ထဲကို မိတ်ဆွေတွေလည်း တွေ့လို့ရတယ်၊ ဘောလုံးပွဲတွေလည်း လုပ်လို့ရတယ်၊ အခု အဘတို့ စစ်ကြောရေးနဲ့ ထောင်တော့ မကျပါရစေနဲ့ဗျာ” ဟု ကျွန်တော်ကလည်း ပြောင်သလို နောက်သလိုပြောတော့ တဟဲဟဲ ရယ်ရင်း အဲ့ဒါလည်း ဟုတ်တယ်ကွဟု ဦးတက်တိုးက ပြောသည်။ ထို့ကြောင့် စာကို ပြင်ရေး လိုက်သည်။
တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် ဆိုပါက
—————————————————–
သူပြောသလို ဘူဒိုဇာအောက် ခေါင်းထိုးခံကာ ခုခံကာကွယ်မည်ဟုတော့ မဟုတ်၊ နိုင်ငံတော်၏ အကျိုးစီးပွား မဟုတ်ဘဲ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်ဆိုပါက မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေရာမှ တစ်လက်မပင် မတရားအသိမ်းအဆီး မခံဘဲ အသက်သေသည်အထိ မတရားမှုကို ကာကွယ်ပါမည် ဟု ရေးသားခဲ့သည်။ ဦးတက်တိုးက ဝန်ကြီးချုပ်သို့ ပေးပို့သည့် စာကို ရာထူးသာမက နံမည်ကိုပါ ထည့်စေ၏။ ထို့ပြင် ထိုစာ ထိုနံမည်နှင့် ညွှန်ကြားရေးမှူး ရာထူးနှင့် သူတို့ ဌာနကိုလည်း တင်မည်ဟု ဆိုသည်။ အရင်အတိုင်းပါပဲ ထိုစာကို ကွန်ပျူတာစာစီ မိတ္တူကူးကာ ရန်ကုန်စာတိုက်ကြီးက မှတ်ပုံတင် အမြန်ချောနှင့် ပြန်ပို့မည်။ သူကလည်း တစ်စောင်ကိုင်ထားမည်။
တစ်ခုပါပဲ အရင်ကလို ညမှ ပို့ရမည့် ရန်ကုန်မြို့ထဲက သူတို့ ရုံးခန်းတွေကိုတော့ ပို့စရာ မလိုတော့။ သည်လိုနှင့် ဦးတက်တိုးက နေ့မကူးဘဲ ချက်ချင်းကွန်ပျူတာစီကာ ကျွန်တော်က လက်မှတ်ထိုးပြီး ကျွန်တော့်နံမည်၊ ကျွန်တော့် မှတ်ပုံတင်အမှတ်၊ ကျွန်တော့် လိပ်စာဖြင့် စာတိုက်ကြီးက ပို့ရမည့်စာကို ကျွန်တော်တို့ထံ ပေးကာ သူက မိတ္တူများယူပြီး ပြန်သွားသည်။ ကျွန်တော်တို့လည်း ရရာရထားနှင့် ပြန်နိုင်ရန် စီစဉ်တော့ လက်ထဲမှာ လမ်းစရိတ်ပင် လောက်ငအောင် မကျန်တော့။ ရထားလက်မှတ်ကလည်း မျောင်ခိုက ဝယ်ရမှာမို့ လက်မျတ်ခပင် မပြည့်နိုင်တော့။ ထို့ကြောင့် စာတိုက်ကြီးကအပြန် ၃ဦးသား ခေါင်းချင်းဆိုင်ပြီး မွန်မွန်စန်းပေးသည့် လိပ်စာအတိုင်း အလုံက သူ့ဦးလေးရုံးသို့ ချီတက်ကြရသည်။
လမ်းစရိတ်ပင် မရှိတော့
—————————-
သူ့ဦးလေးက အလုံ သစ်တောရုံးက အရာရှိလေ။ သူကလည်း သရက်ကုန်းက မြေကွက်တွေ အကွက်ရိုက်စဉ်က ပါဝင်ခဲ့သူ ဖြစ်ကာ သူ့မြေကွက်လည်း ရှိသည်။ အဆင်ပြေချင်တော့ ရုံးမှာ ချက်ချင်းတွေ့ပြီး ပြောပြလိုက်သည်နှင့် သရက်ကုန်းမြေကွက်များအတွက် ဆောင်ရွက်နေတာကို ကျေးဇူးတင်စကားပြောသည်။ ထို့နောက် အလှူငွေအဖြစ် ငွေကျပ် ၃သောင်း ထည့်ဝင်လိုက်သည်။ သူက အေးအေးဆေးဆေးနေရန် တားသော်လည်း ချက်ချင်းပြန်ရမှာမို့ လက်မှတ်ဝယ်ရမည့်အကြောင်း ပြောကာ နှုတ်ဆက်ခဲ့ရ၏။
သူက ရုံးအပေါက်ထိ လိုက်ပို့ပြီး လိုအပ်တာ အားမနာပါနှင့် သူ့တူမ မွန်မွန်စန်းကိုသာ ပြောလိုက်ပါဟု မှာလိုက်သည်။ အလုံ သစ်တောဝင်းက အပြန် ဘူတာမှာ လက်မှတ် စုံစမ်းတော့ မှောင်ခိုက ညရထားလက်မှတ် မရတော့။ မနက်ရထားရမည်ဆိုသောကြောင့် ဒီဇင်ဘာ ၁၁ ရက် မနက်ရထားလက်မှတ်ကို ယူခဲ့ရသည်။ သည်တစ်ညတော့ ရန်ကုန်မှာ နေရဦးမည်လေ၊ မန္တလေးက အမေက ဘယ်လို အခြေအနေလည်းမသိ၊ စိတ်ပူမှုက ငယ်ထိပ်ရောက်နေပေါ့၊ သည်လိုနှင့်် ထိုညက ရန်ကုန်မှာ မှတ်မှတ်ရရ ဖြစ်ခဲ့ပါ၏။
ထိုနေ့ညက မှတ်မှတ်ရရ
—————————
ထိုနေ့ညက ရန်ကုန်အလာတွင် မီးရထားအဆင်မပြေတာရော စိတ်ပင်ပန်းတာရောနှင့် မနက်စောစောထ၍ ရထားစီးရ ဦးမှာမို့ စောစောအိပ်မည်ကြံရွယ်ကာ ညစာထမင်းကို ထုံးစံအတိုင်း ကရင်မ ဆိုင်မှာပဲ စောစောစားကြသည်။ စောသည်ဟု ဆိုသည်မှာပင် ကျွန်တော့် ဆရာသမား၂ဦးက ထမင်းမစားမီ တစ်ခွက်တစ်ဖလား ပြုဖွယ်ကိစ္စကြောင့် စောသည်ဟုပင် မဆိုသာတော့ပေ။ ထို့နောက် ကျောင်းသို့အပြန် ဗဟန်းလမ်းပေါ် ဓမ္မာရုံရှေ့က PCO ဆိုင်ရောက်တော့ ကိုလင်းက ဖုန်းဆက်မည်ဟု ဝင်လိုက်တော့ ဖုန်းဆိုင် ထိုင်နေကျ ကလေးမလေးမရှိ။
ခပ်လှမ်းလှမ်း ဓမ္မာရုံပေါက်က ယူနီဖောင်းဝတ် တစ်ဦး ထလာကာ ဖုန်းဆက်လိုက ဆက်ပါဟု ဆိုသည်။ ကိုလင်းက မန္တလေးရှိ သူ့အမေထံ ဖုန်းဆက်ခြင်း ဖြစ်သည်။ ဖုန်းဆက်အပြီး ဖုန်းပြောခ ပေးရင်း ကိုလင်းက ထိုရဲဘော်၏ ပုခုံးပေါ်က တံဆိပ်ကိုကြည့်ပြီး “မင်းက (….) ကလား၊ မင်းတို့ တပ်မှာ (…..) ရှိသေးလား” ဟု မေးလိ့ ုက်သည်။ ရဲဘော်က ကိုလင်း၏ ဥပတိရုပ်ကိုကြည့်ပြီး “ရှိပါတယ်ဗျ၊ ဒီမှာ တပ်မှူးပါ” ဟု တလေးတစားပြန်ပြောသည်။ ထို့နောက် “မင်းတို့ တပ်မှူးကို လှမ်းပြောလိုက်၊ မန္တလေးက ကိုလင်းရောက်နေတယ်” ဟု ပြောသည်နှင့် ရဲဘော်က ဖုန်းနှင့် လှမ်းဆက်သည်။ ဖုန်းရသည်နှင့် တစ်ဖက်က ကိုလင်းကို ဖုန်းပေးလိုက်ပါဆိုပုံရလို့ ဖုန်းခွက်ကို ကိုလင်းထံ ရဲဘော်က ပေးလိုက်၏။
ကိုလင်းက “ ကို(……..) လား၊ ကျွန်တော် ရန်ကုန်ရောက်နေတာ၊ မိတ်ဆွေတွေလည်းပါတယ်” ဟုဆို၍ စကားတွေ ပြောနေ၏။ သူတို့ ၂ယောက်က အတော် ရင်းနှီးပုံရသည်။ ထိုသို့ ဖုန်းပြောပြီးနောက် ကိုလင်းက ကျွန်တော့်ကို “ဆရာဆူး၊ သူက ကားလွှတ်လိုက်မယ်တဲ့ဗျ၊ ဒီနေရာကပဲ စောင့်နေပါတဲ့။ သူ မေမြို့မှာ ကျောင်းတက်တော့ အစ်ကိုနဲ့ တစ်ပတ်ထဲမို့ ကျွန်တော်တို့ မန္တလေးအိမ်က သူ့စားအိမ်သောက်အိမ်၊ ကျွန်တော်နဲ့လည်း ပြောမနာဆိုမနာ ညီအစ်ကိုလို ဖြစ်နေတာ၊ မတွေ့တာလည်း ကြာပြီဗျ။ ဒါကြောင့် ခဏ သွားတွေ့ကြရအောင်” ဟု ပြောသည်။ ကိုင်း.. ကိုယ့်ကိစ္စကလည်း ပြီးသလောက်၊ ထို့ပြင် မနက်လည်း ပြန်ကြမှာ၊ ကိုလင်းကလည်း မထင်မှတ်ဘဲ တွေ့ရသည့် သူ့မိတ်ဆွေကို တွေ့ချင်တော့ ခေါင်းညိတ်လိုက်ပြီး ကားအလာကို စောင့်ကြသည်။
ရန်ကုန်မြို့လယ်ခေါင် ကားတစ်စီးရှေ့ခန်းမှာ
———————————————–
မကြာလိုက် ဓမ္မာရုံရှေ့သို့ ကားတစ်စီး ဆိုက်လာသည်။ ကားပေါ်မှာပါသည့် ၃ရစ် ဆရာကြီး တစ်ယောက်ဆင်းလာပြီး တပ်မှူးက လွှတ်လိုက်တဲ့ ကားပါတဲ့။ သည်တော့ ကိုလင်းက ကျွန်တော့်ကို ဆရာဆူး ရှေ့ခန်းကတက်ပါ ဟုဆိုသည်။ ကျွန်တော်ကြင်းသည်၊ သူက တစ်ဆရာတည်း ဆရာနေတော့ ကားမောင်းသည့် ၃ရစ်ဆရာကြီး ကလည်း ရှေ့ခန်းမှာ ထိုင်ဖို့ဇွတ်ခေါ်တော့သည်။ ထို့ကြောင့် ကျွန်တော်လည်း ရှေ့ခန်းမှာ ဝင်ထိုင် လိုက်ရသည်။ ဆရာကြီးက နောက်ခန်းက ကိုလင်းကို သူ့တပ်မှူးက မှာလိုက်သည့် ပုလင်းအမျိုးအစားနှင့် စားစရာသောက်စရာ အမြီးတွေလည်း တစ်ခါတည်း ဝင်ဝယ်မယ်တဲ့။
ထို့ကြောင့် ထိုကားနှင့်ပင် မီးတွေထိန်နေသည့် ရန်ကုန်မြို့၏ မြို့လယ်က လမ်းတွေပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပုလင်းရှာ အမြီးဝယ်ကြတော့သည်။ ကျွန်တော်ကတော့ ကားရှေ့ခန်းမှာ ထိုင်ရင်း သူတို့ ဆင်းဝယ်ကြတိုင်း “ဘုရား ဘုရား၊ ဒီအချိန်ငါ့ကို အသိတစ်ယောက်ယောက် မမြင်ပါစေနဲ့၊ အထူးသဖြင့် မန္တလေးက မိတ်ဆွေတွေ မမြင်ပါစေနဲ့၊ လှစ်ခနဲ မြင်လိုက်သည်နှင့် သွားပြီ၊ ဘယ်လိုမှ ရှင်းရမှာမဟုတ်တော့” ဟုတွေးကာ ခေါင်းချွေးပြန်သည်အထိ စိုးရိမ်နေတော့သည်။ ထိုအချိန် ကျျွန်တော့ပုံကို ကြည့်ပါဦး၊ ရန်ကုန်မြို့တွင်း ဝိုင်ယာလက်တိုင်တွေ ထောင်ကာ လုံခြုံရေး ကင်းလှည့်သည့် ဖိုးဝှီးစစ်ကားပေါ် ရှေ့ခန်းမှာလေ။ နောက်ခန်းမှာက အီကွင့်မင့် အစုံနှင့် ရဲဘော်၂ယောက်က ပါသေးသည်။ ကိုင်း ရန်ကုန်မှာ သည်ပုံကို မြင်လိုက်သူ မန္တလေးသားက ကျွန်တော့်ကို တစ်ထစ်ချ စွပ်စွဲ လိုက်ကာ မန္တလေးအသိုင်းအဝန်းဆီ လက်တို့ သတင်းပေးလိုက်ကြမှာ သေချာသည်။ ဘာလား ညာလားပေါ့။
တစ်ယောက်နှင့် တစ်ယောက် သို့လော သို့လောကာလ
———————————————————
ထိုစဉ်ကာလ အညာက မီးရထားလမ်းအသစ် ဖောက်လုပ်သည့် စီမံကိန်းမှာ ကျောက်သွင်းရောင်းချလို့ ထိုစံမံကိန်းက စစ်ဗိုလ်နှင့် ကျောက်ဖိုးငွေ လက်ခံသည့် မိတ်ဆွေ ကဗာဆရာတစ်ယောက်ကို မြင်လိုက်သူက ထိုကဗာဆရာမှာ အင်ဖော်မာပါ၊ စစ်ဗိုလ်က ပိုက်ဆံတွေ ပေးနေတာ မျက်မြင်ပါဟူသော သတင်းကြောင့် ထိုကဗျာဆရာကို ဘာမှန်းညာမှန်းမသိ ရှောင်ကြသည်။ ထိုမျှမက တောင်လေးလုံးမှာ ကျင်းပသည့် စာပေပွဲများတွင် ကဗျာဆရာက သူ့မြို့ကပင် တကူးတကန့်လာသည်ကိုပင် သတင်းလာယူတာဟု ပြောကြသေး၏။ နောက်တော့ ကျွန်တော်က ထိုကဗျာဆရာနှင့် ရင်းနှီးသူမို့ သူ့ကို ပွင့်ပွင့်လင်းလင်း မေးရာ သူ့မှာ မျက်စေ့ပေါက် ပိတ်မတတ် ရယ်မောရင်း “ဒီလုပ်ငန်းက ကျွန်တော်တို့မြို့မှာ အဘိုးလက်ထက်ကတည်းက လုပ်တဲ့ လုပ်ငန်းလေဗျာ၊ ပစ္စည်းဝယ်လို့ ပစ္စည်းဖိုးငွေ ထုတ်တာပါဗျာ” ဟု ပြောရှာ၏။
ကိုင်း အခု ကျွန်တော့်ကိုလည်း အင်တာနာတိုင် တထောင်ထောင် ဝိုင်ယာလက်စက်နှင့် ကားရှေ့ခန်းမှာ မြင်လိုက်သူက “ကိုင်း.. ငါမပြောဘူးလား၊ ဆူးငှက်ကို မယုံရဘူး၊ ဒီကောင်က သူတို့မွေးထားပြီး အထဲထိ ထည့်ထားတဲ့ကောင်၊ တော်ရုံ ဘက်ဂရောင်းမဟုတ်ဘူး၊ လူထုတိုက်ထဲထိ ရောက်အောင် ထည့်ထားတာ၊ ငါပြောသားပဲ သူ့အိမ်ရောက်ရင် တစ်ခါတစ်ခါ ဒို့မသိတဲ့ သူတွေ တွေ့နေတတ်တာ” ဟု ချက်ချင်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောကြတော့မည်။ မပြောမှာ မယုံမရှိနှင့် မိတ်ဆွေ၊ ကျွန်တော် တယ်လီဖုန်းလေး ရလိုက်စဉ်ကတည်းက ဒေါ်ဒေါ့်နားပေါက်အောင် ကျွန်တော့်ကို စိတ်မချဖို့ ပြောခဲ့သေးသည်။ ထိုစဉ်ကာလ ကျွန်တော်က လေ့လာစူးစမ်းသည့် ဝါသနာကြောင့် န.ဝ.တ၊ န.အ.ဖ ကောင်စီဝင်တွေ နံမည်၊ တိုင်းမှူး တပ်မမှူးများ နံမည်တွေကိုလည်း မှတ်သားထားရာ စကားဝိုင်းတွင် အကြောင်းသင့်လျှင် ထိုနံမည်များကို ဒက်ခနဲ ပြောနိုင်သည်ကိုပင် မျက်ခုံးပင့်ကြည့်ကြသည်။ တကယ်တော့ ထိုစဉ်က မှတ်ဉာဏ်ကောင်းသည့်အရွယ်မို့ တရုတ်ပြည် နိုင်ငံတော်ကောင်စီက ထပ်ပိုင်း ၁၀ယောက် လောက်ကိုပင် နံမည် အလွတ်ရွတ်ပြနိုင်၏။ အခု သည်ပုံနှင့်တွေ့သူက အရင်ဆုံး ဒေါ်ဒေါ်ထံ သတင်းရောက်အောင် ပြောမှာ သေချာသည်။ တော်သေးသည် ထိုညက ကျွန်တော့်ကို သိသော မိတ်ဆွေများက မြင်လိုက်ကြပုံမရ။ ဘာနောက်ဆက်တွဲမှ ထပ်မကြားရ။
ဤသို့ဖြင့် ပုလင်းနှင့် စားစရာများဝယ်ပြီး သူတို့ စခန်းချသည့်နေရာ သွားကြသည်။ ညကြီးမိုးချုပ်မို့ ဘယ်နေရာဆိုတာမသိ။ သို့သော် အင်းလျားကန်ဘောင် တစ်နေရာက အဆောက်အအုံ တစ်ခုပဲ ဖြစ်မည်။ ခြံဝင်းကလည်း အတော်ကျယ်သည်။ ရောက်တာနှင့် ကိုလင်းနှင့် သူ့မိတ်ဆွေက ဝမ်းသာအားရ နှုတ်ဆက်ကြရင်း မတွေ့ကြရတာ ကြာလို့ တစ်မိသားစုနှင့် တစ်မိသားစု မာကြောင်း သာကြောင်းတွေ မေးကြ မြန်းကြသည်။ သူတို့က ညီအစ်ကိုတွေလို ရင်းနှီးကြတာပဲ။ ဆောင်းတွင်း ကန်ရေစပ်မှာမို့ လေအေးဝှေ့သည်။ ထို့ကြောင့် အဆောက်အအုံကြီးရှေ့ ဆင်ဝင်မှာ မီးဖိုထားသည်။ ထိုနေရာမှာပဲ ခုံတွေခင်းပြီး ကိုလင်းတို့က ပုလင်းဖွင့်ကြတော့သည်။ ထို့နောက် ကိုလင်းက ကျွန်တော်တို့ကို မိတ်ဆက် ပေးရင်း လာရင်းကိစ္စအား ပြောပြနေ၏။ မတတ်နိုင်၊ သူ့လူရင်းပဲလေ၊ ပြောပါစေတော့။ သို့သော် ကိုလင်းက ဦးတက်တိုးနှင့် ချိတ်ဆက် လုပ်ကိုင်နေသည်ကို လုံးဝမပြော၊ တည်းသည့်နေရာကိုပင် မပြော။ တိုင်စာတွေ လာတင် သည်ကိုပဲ ပါးရေနပ်ရေ ပြောသည်။ ထိုသို့ပြောတော့ သူ့လူက ချက်ချင်း စိတ်ဝင်စားသည်။
သရက်ကုန်းကို သဘောကျတယ်ဆိုရင်ကော
———————————————–
ထို့နောက် ကျွန်တော့်ကိုပဲ ဦးတည်ကာ မြေသိမ်းသူ၏ အကြောင်းပြောပြသည်။ သူနှင့် ဂိုဏ်းသားတွေ အကြောင်း ပြောပြသည်။ ထိုအကြောင်းတွေ ပြောရင်း သူ့စကားထဲမှာ တစ်ဖက် အုပ်စုဟူသော အသုံးအနှုန်းကိုလည်း သတိထားမိလိုက်၏။ ထို့နောက် ဘယ်သူတွေထံ စာတင်ထားသလဲဟု မေးတော့ ကမန်တော်လည်း စာတိုက်ကြီးကတဆင့် တင်ထားသည့် ပုဂ္ဂိုလ်တွေကိုပြောပြသည်။ သူက ထိုစဉ်ကာလ တပ်ချုပ်ဖြစ်မည်ဟု သတင်းပြေးနေသည့် ဗိုလ်ချုပ်ကြီးက မြို့တော်အသစ် တည်မည့် ပျဉ်းမနား ဘက်က ရုံးမှာပဲ ရှိနေကြောင်းပြောပြီး သူက အဓိက ကျသည့် ပုဂ္ဂိုလ်ကြီးထံသို့လည်း စာတင်သည်ကို “ဆရာတို့စာ သူ့လက်ထဲရောက်သွားလို့ သူ့သမီးက အဲ့ဒီနေရာ လိုချင်ပါတယ် ဆိုရင်ကော၊ အဲ့ဒီတော့ ဘယ်သူ့ ပြန်တိုင်ကြမလဲ” ဟု ပြောသောအခါ ကျွန်တော်က ရယ်စရာ ပြောသည်ထင်ပြီး ရယ်နေတော့ သူက “တကယ်ပြောတာဆရာ၊ ဆရာကြားဖူးမှာပါ၊ ရောက်တဲ့နေရာက ရွှေဆိုင် စိန်ဆိုင် ဘောင်ချာတွေ အကြောင်း” အစချီပြီး ပြောပြတာတွေက ကျွန်တော်လည်း မျက်လုံးပြူး အံ့သြ နေတော့၏။
အရပ်ထဲကလူ ပြောတာမဟုတ်ဘဲ တာဝန်ရှိသူ တာဝန်ကြီးသူ တစ်ယောက်က အရက်မူးကျွဲခိုးပေါ် မဟုတ်သည့် ရင်ထဲက စကားတွေကြောင့် အံ့သြမိခြင်း ဖြစ်သည်။ မန္တလေးက အထင်ကရဖြစ်သည့် ဘဏ်၁ရှေ့ ကားဝင်းကြီး ပါသွားသည့် အကြောင်း၊ လက်ရှိ ဓာတ်စက်ရုံနေရာကို မျက်စောင်းထိုးနေလို့ ချက်ချင်းပင် ဌာနက ရုံးဆောက်မည့်နေရာဟု ဆိုင်းဘုတ်တင်လိုက်ရသည့် အကြောင်း၊ ထိုသို့ပြောပြီး အခု ဆရာတို့ သရက်ကုန်းလည်း သိသွားရင် မြို့ဦးမြို့ထိပ်က နေရာကောင်းမို့ မျက်စေ့ကျ လောက်တယ်နော်ဟု ဆက်ပြော၏။ ကျွန်တော်လည်း ဘာပြောရမှန်းမသိတော့။ သို့သော် သူဆက်ပြောသည့် စကား တစ်ခွန်းကြောင့်တော့ စိတ်သက်သာရာ ရသွားပါသည်။ “ဝန်ကြီးချုပ်ဆီ စာရောက်ပြီး သိသွားရင် အဆင်ပြေမှာပါ” တဲ့။
ထိုနေ့ညက ညာဉ့်မနက်ခင်မှာပင် ကျောင်းပြန်ရောက်ပါသည်။ မှတ်မှတ်ရရ ညပါလေ၊ ဘာတဲ့ တစ်ဖက်အုပ်စုတဲ့။ ထိုစကားက အတွေးပွားစေခဲ့သည်။ ၂အုပ်စု ဖြစ်နေပြီလားလေ။ ထားပါတော့၊ ကျွန်တော်ကတော့ မနက်ရထားစီးပြီး အိမ်ကိုပဲ အမြန်ပြန်ချင်ပါပြီ။ အမေ့ အခြေအနေက ဘယ်လိုမှန်း မသိ။
ဆူးငှက်
