စမ်းချောင်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူ ရှစ်ယောက်ကိုဖမ်းမိ

စက်တင်ဘာ ၂၂ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ် ၊ ညစျေးတန်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုးသွားသူတွေထဲက မိန်းကလေးတယောက်အပါအဝင် လူငယ်ရှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေက အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ၊သူရိန်ထွန်း ၊ ဇင်ကို ၊ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ မင်းထက်ကျော် နဲ့ နိုင်မင်းခန့် ၊ အသက် ၂၁ နှစ် အောင်အောင်ဦး၊ အသက် ၁၄ နှစ် အောင်မြတ်သူ ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။
” မနေ့က ဖမ်းမိတာလို့ သိရတယ်။ ခုဖမ်းမိတဲ့အထဲက ကောင်မလေးကို တယ်လီဂရမ်မှာ စနောက်လို့ဆိုပြီး ကောင်မလေးရည်းစားက အဖွဲ့လိုက်သွားပြီး IMC ကကျောင်းသားနှစ်ယောက်ကို သွားပြီးလုပ်ကြတာလို့သိရတယ်။ အခုစစ်နေတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူ မြို့ခံတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေထဲက အသေးလေးလို့ခေါ်တဲ့ ကောင်လေးတယောက်က ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကတော့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ Info Myanmar College (IMC) မှ IT ကျောင်းသားနှစ်ယောက်ကို စမ်းချောင်းလင့်ခ် ညစျေးတန်းရှေ့မှာ အုပ်စုဖွဲ့ပြီး ဓားနဲ့ထိုးတဲ့အပြင် ရိုက်နှက်ခြင်း ၊ ထိုးကြိတ်ခြင်း ၊ ကျောက်ခဲနဲ့ ထုရိုက်ခဲ့တာဖြစ်ပါတယ်။
ဓားနဲ့ထိုးပြီး ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် IT ကျောင်းသားနှစ်ယောက်လုံး ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW