စက်တင်ဘာ ၂၂ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာဆိုင်မှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး ၊ မီလောင်ကျွမ်းချိန်မကြာပေမယ့် မီးကူးစက်မှုမြန် တဲ့အတွက် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးခဲ့ပါတယ်။
” Apple ကွန်ပျူတာမိတ္ထူဆိုင် မီးလောင်တာ။ လောင်တာအိမ်က တအိမ်တည်းပါ။ဆုံးတာက ဆိုင်အလုပ်သမားအမျိုးသမီးသုံးယောက် အပေါ်ထပ်မှာအိပ်ကြတာ။ ပိုင်ရှင်တွေက အောက်ထပ်မှာအိပ်တာ။ သူတို့က ဘေးကင်းတယ်။ မြို့မှာကတော့ ဆိုလာအင်ဗာတာနဲ့ သုံးကြတယ်။ညကျတော့ဖုန်းတွေအားသွင်းတယ်။ အဲဒီကနေ ဖုန်းအားသွင်းကပဲ အပူလွန်ကဲပြီး အနီးနားမှာရှိတဲ့စာရွက်စာတမ်းကို ကူးစက်လောင်တဲ့သဘောပါ။ အောက်ထပ်ကစလောင်တာပါ။မီးကစလောင်တဲ့အချိန် ဖြေးဖြေးချင်းလောင်မှာဆိုပေမယ့် မိတ္ထူဆိုင်ဆိုပေမယ့် လောင်စာကများတော့ မီးကူးစက်မှုမြန်သွားတာပေါ့။ ” လို့ ခရိုင်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
မီးလောင်မှုအတွင်းသေဆုံးတဲ့ အမျိုးသမီးတွေက မင်းကင်းမြိုနယ် ဆိပ်သာကျေးရွာနဲ့ ကလေးဝမြို့နယ်တွေကနေ လာရောက်လုပ်ကိုင်ကြတာ ဖြစ်ပြီး အသက် ၂၅ နှစ် နဲ့ ၂၇ နှစ်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုက ၁၁ နာရီ ၁၀ မိနစ်မှာစတင်မီးလောင်ပြီး ၁၁ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းကြောင်း ၊ မီးငြိမ်းသတ်မှုကိုတော့ ခရိုင်နဲ့မြို့နယ်မီးသတ်ဦးစီးဌာနက ငြိမ်းသတ်ခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ မြို့ခံလူမှုကူညီရေးအသင်းတွေက ကလေးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်မှာရှိတဲ့ Bar4U ဘီယာဆိုင်လည်း စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်က မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသား နှစ်ယောက်သေဆုံးခဲ့ပါတယ်။
ဇွန် ၁၉ ရက်နေ့ ကလည်း ကရင်ပြည်နယ် ၊မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ နေအိမ်တအိမ်မှာ မီးလောင်မှု ဖြစ်ပြီး ကိုးလအရွယ်ကလေးနဲ့ ၁၃ နှစ် ကလေးနှစ်ယောက် သေဆုံးကာ သက်ကြီးအမျိုးသားတယောက်သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – မီးသတ်ဌာန
