ဆူးငှက်
ပထမဆုံးပွဲခရရှိပုံ
————————-
ကျွန်တော်ကတော့ သည်လိုဖြစ်ရုံနှင့် လုံးဝကင်းလွတ် စိတ်ချရပြီဟုမဆိုသာ။သို့သော် အရင်လိုလိမ့်လိမ့်လဲလဲမဖြစ်တော့ ဟုသာစိတ်သက်သာရာရတော့သည်။ သည်တော့ စိတ်ချလက်ချ ခေါင်းပြားအောင် မအိပ်ရသေးသော်လည်း ရှေ့ခရီးအတွက်ကစိတ်ပူရသေး၏။
ကျွန်တော်လည်းရပ်ကွက်ကိစ္စကိုခေတ္တခဏဘေးချပြီးကိုယ့်အလုပ်လေးတွေ ပြန်လုပ်ရတော့သည်။ ရပ်ကွက်ကသာ နေ့လားညလားဖြစ်နေတာ၊ ရပ်ကွက်ထဲမှာမြေအရောင်းအဝယ်ကမပြတ်၊ အိမ်ခြေလည်းတိုး၊ လူနေလည်းတိုးလာသည်။ သည်ကြားထဲ ကျွန်တော့ကိုအထင်တကြီးနှင့် မြေကွက်တွေ လာရောင်းကြသည်။ လာရောင်းသ ည်သာမကရပ်ကွက်ထဲမြေလာဝယ်သူတွေကလည်းမြေပိုင်ရှင်ထံမြေဝယ်ကြတော့ သည်မြေခိုင်မခိုင် မေးမြန်းကြတိုင်း မြေပိုင်ရှင်တွေက ကျွန်တော့်ဆီသို့ချည်းလွှတ်ကြတော့ ကျွန်တော့မှာတစ်ပြားတစ်ချပ်မှ မရဘဲ အချိန်ကုန်ခံ လေကုန်ခံကာ မြေရာဇဝင်ကိုရှင်းပြရသေးသည်။
မှတ်မှတ်ရရ ကွင်းအတွင်းအရှေ့ခြမ်းက မြေကွက်ကြီး တစ်ကွက်ကိုလည်း ပိုင်ရှင်ဖြစ်သူ ရှေ့နေကြီးတစ်ဦးက အကူအညီတောင်းလို့ မြေကွက်ရိုက် မြေပုံဆွဲပေးရသည်။ ထူးခြားသည်မှာထိုမြေကွက်ကြီးကတရားဝင် ကြွေဂရံပင် ရထားသည်။ ရထားတာကလည်းအခုလိုသိမ်းမယ် ဆီးမယ် ကာလမတိုင်ခင် ကတည်းက ဖြစ်သည်။ ပိုင်ပါပေ့ ရှေ့နေကြီးရယ်ဟုသာ လက်ဖျားခါရသည်။ သူ့မြေကွက်ကို အကွက်ရိုက်ပြီးရောင်းချတော့ ကျွန်တော့မိတ်ဆွေ စာရေးဆရာတစ်ဦးက ဝယ်သည်။ ထို့အတူခိုင်မာသည့် မြေကွက်ဟုဆိုကာ ဖောင်ဒေးရှင်းဖွဲ့စည်းမည့် ရှေ့နေကြီး တစ်ဦးကလည်းဝယ်သည်။ ထို၂ဦးစလုံးက ကျွန်တော့် အဆက်အသွယ်နှင့် ဝယ်ကြလို့ ဘဝမှာပွဲခဟူ၍ ရဖူးခဲ့ခြင်း ဖြစ်သည်။
၉သိန်းတန် မြေကွက် တစ်ကွက်
—————————————–
ထိုစဉ်ကာလ ရပ်ကွက်အတွင်းရှိ မြေပိုင်ရှင်များမှာ ာအခြေအနေက အဆိုးအကောင်း ၅၀စီမို့ ဝယ်လက်လေး ရှိတုန်း ရသည့်ဈေးနှင့် ရောင်းမည်ဟုဆိုသလိုသည်တစ်ခါ တကယ်သိမ်းဆည်းလျှင်မှ အနည်းဆွုးမြေကွက် တစ်ကွက်၊ သို့မဟုတ် တိုက်ခန်းတစ်ခန်းအစားရနိုင်သည်။ လုံးဝကင်းလွတ်သွားလျှင် ရွှေဖြစ်ပြီဟုဆိုကာဥသူကဥထားကြသည်။ ရတုန်းလေး အဖတ်တင်အောင်ဟုဆိုပြီးရောင်းကြသူထဲတွင် ကျွန်တော့် အိမ်တောင်ဘက်နားကအကွက်တစ်ကွက်ပါသည်။ အကွက်လေးကလှသည်။ မျက်နှာဖွင့်က ပေ၃၀နှင့် အရှည် ပေ၉၀ ရှိသည်။ ပိုင်ရှင်ကညီအစ်မနှစ်ယောက် ဖြစ်သည်။ သူတို့ကသည်မှာတော့ မနေကြ။ နန်းရှေ့ဈေးအနီးမှာအိမ်ငှားနေကြသည်။ ဘယ်သူကလမ်းညွှန်လိုက်လေသည် မသိ။ အစ်မလုပ်သူက ကျွန်တော့်အိမ်ရောက်လာသည်။ သူတို့မြေကွက်ရောင်းမှာမို့ ဝယ်ပါတဲ့၊ တော်တော်လည်းအကျပ်အတည်း ဖြစ်နေလို့ပါတဲ့။ ၁၀သိန်းမှန်းထားပေမယ့် ၉သိန်းနှင့် ဝယ်ပါတဲ့။ အခြားလေးမရောင်းချင်လို့ အစ်ကိုဝယ်ပါတဲ့။
လာသည့် ပိုင်ရှင် အစ်မဆိုသူကလဘာရှိဦးမလဲ ၂၀ဝန်းကျင်ပေါ့၊ ၂၀က ကျော်လှ ၂နှစ်ပေါ့။ အတော်ချောသည်။ မြန်မာချောချောသည်ဟုလဆိုရမည်။ အသားအရေက ညိုသည့် ဘက်လုရုံနှင့် ဆံပင်က ကျောလယ်မျှမက တံခေါက်ကွေးလောက်ထိ ရှည်သည်။ ကျွန်တော်တို့ ခေတ်က တင်နီလာဝင်းတို့လို ဆံပင်နှင့် ကိုယ်ဟန် အနေအထား မျိုးပေါ့။ အလိုလေး.. ကျွန်တော့်မှာ ၉သိန်းမပြောနှင့် ၉ထောင်ပင် အနိုင်နိုင်၊ မဝယ်နိုင်ပါဘူးဆိုတော့ သူ့မှာ လတ်တလော အကျပ်အတည်းရှိနေလို့ပါတဲ့၊ ၃သိန်းလောက် အရင်ပေးထားပါ၊ ကျန်ငွေကို ဖြည်းဖြည်းမှ ပေးပါ ရပါတယ်တဲ့ ဟုဆိုပြီးပိုင်ဆိုင်မှု စာချုပ်တွေ ဇွတ်ပေးတော့သည်။ ကျွန်တော့မှာ ဝယ်စရာမရှိပါဘူး ဆိုတာ သူကမယုံကြည်။ သူကရပ်ကွက်ထဲတွင် နံကပ်တိုက်လေးနှင့် ခြံလေးနှင့် နေနိုင်တာ (ထိုစဉ်က) လက်၅ချောင်း မပြည့်အထဲ ကျွန်တော်က ဝမ်းတူသရီးထဲ ပါတော့ အတော် အထင်ကြီးနေသည်။
ညနေ ဆက်ဆက်လာပေးပါနော်
————————————
ကျွန်တော်ငြင်းတာကို မယုံကြည်နိုင်ဘဲ မျက်ရည်များပင် ကျလုမတတ် တောင်းပန်နေသည်။ သည်တော့ ကျွန်တော်က ကြာရင် ဈေးက ပြန်လာမည့် ခင်သော်ဇင်ကပင် အထင်လွဲလောက်နိုင်တာမို့ ညနေပိုင်းလောက် ဖြစ်အောင် စီစဉ်ပေးပါ့မယ်၊ ဒီစာရွက် စာတမ်းစာချုပ်တွေကို ပြန်ယူထားပါဟုဆိုသည်ကိုပင် မယူပါဘူးညနေဆိုအဆင်ပြေမှာဆိုတော့ အစ်ကိုပဲယူထားပါဟုပြောပြီးသူနေသည့် လိပ်စာကိုပေးကာစက်ဘီးလေးစီးပြီး ပြန်သွားသည်။ စက်ဘီးပေါ် ရောက်သည်ကိုပင် အစ်ကိုညနေတော့ ဖြစ်အောင် လုပ်ပေးပါနော် ညီမစောင့်နေပါ့မယ်ဟု ငိုသံပါလေးနှင့် ပြောသွားရှာသည်။ သူတကယ် အကျပ်အတည်း ဖြစ်လို့နေမှာ။ တကယ်တမ်းသူ့မြေကွက်ကိုရောင်းလျှင် အနည်းဆုံး ၁၅သိန်းတော့ ရနိုင်သည်။ ပေ၃၀×ပေ၉၀ ကွက်လေ။ ဒါကို ၉သိန်းရရင် တော်ပါပြီဆိုတော့ ယူထားသင့်သည်။
သို့သော် စောစောက ကျွန်တော်ပြောသလိုပါပဲ၊ ကိုယ့်မှာ ၉ထောင်ပင် အနိုင်နိုင်ဆိုတော့ မတတ်သာ။ ဒါပေမယ့် ကျွန်တော်ကဟန်ကြီးတစ်ခွဲသားနှင့် ညနေအဆင်ပြေစေရပါမယ်လို့ အာမခံလိုက်ပြီ။ ဘယ့်နှယ်လုပ်ရပါ့။ သည်တော့ တတ်နိုင်သည့် မိတ်ဆွေကိုအကျိုးအကြောင်းပြောပြီးတန်လှချည့် ဟုဆိုကာယူခိုင်းလိုက်ရတော့သည်။ မိတ်ဆွေကလည်း သူ့အတွက် ၉သိန်းဆိုတာ ထမင်းစားရေသောက်မို့ စရံတွေ ဘာတွေ လုပ်မနေပါနဲ့ကွာ၊ မြေကသူပိုင်ဟုတ်တာသေချာဖို့ အရေးကြီးတာ၊ ငွေအကြေချေလိုက်ပါ့မယ်။ စာချုပ်လေးတော့ မင်းပဲလုပ်ထားပေးပါ။ သက်သေအနေနဲ့ လက်မှတ်ထိုးပြီးမင်းယူထားလိုက်ပေါ့၊ ရော့ ၉သိန်း၃သောင်း၊ ပွဲခ ၃သောင်း မင်းယူထားလိုက်တော့တဲ့။ ကိုင်းအဆင်ပြေလှချည့်။
သည်တော့ ကျွန်တော်ကမိတ်ဆွေထံကပိုက်ဆံယူကာညနေစောင်းအချိန်လည်းလင့်နေပြီ။ မြေပိုင်ရှင် ညီမထံစရံ ၃သိန်းသွားပေးမည်။ မနက်မှ စာချုပ်လုပ်ပြီးသူ့ကိုအိမ်ခေါ် ငွေကျန်ချေပြီးစာချုပ် လက်မှတ်ထိုးခိုင်းမည်။ ဤသို့ဖြင့် နန်းရှေ့ဈေးအနီးကသူလိပ်စာပေးသည့် နေရာရှာတော့ အလွယ်တကူတွေ့ပါသည်။ သူက ကျွန်တော့် မြင်မြင်ချင်းသူတို့ အငှားနေသည့် အိမ်အပေါ်ထပ်ကပင် ဝမ်းသာအားရပြေးဆင်းလာသည်။ သူတို့ အငှားနေသည့် အိမ်အပေါ်ထပ်သို့ခေါ်သည်။ ကျွန်တော်ကအခုစရွလာပေးတာဖြစ်ကြောင်းမနက်ကျ အိမ်လာပြီး စာချုပ်လက်မှတ်ထိုး ကျန်ငွေယူဖို့ ပြောပြတော့ မျက်ရည်လည်အောင် ဝမ်းသာရှာကာခေါင်းကဆံပင်တွေ အိခနဲ လှုင်းထသွားအောင် တခါခါနှင့် ကျေးဇူးတင်စကားဆိုသည်။
ဆံပင်တိုတိုလည်ဟိုက်အင်္ကျီ စကပ်တိုတိုနှင့်
————————————————-
ထိုစဉ် အိမ်အခန်းထဲကမိတ်ကပ်တွေနှင့် သူ့ထက် ငယ်ရွယ်သူ ကလေးမလေး ထွက်လာတော့ သူ့ညီမဟု မိတ်ဆက်ပေးသည်။ သူ့ညီမကသူနှင့် ဆန့်ကျင်ဖက်ဟုပြောရမည်။ ဆံပင်က ဂုတ်ပေါ် ဝဲရုံ အတိုအကောက်နှင့် ဖြစ်သည်။ အင်္ကျီက အဟိုက် အကြီးစား။ မျက်နှာလွှဲရလောက်အောင် ဟိုက်သည်။ စက်ကအတိုနှင့် ရွှေရောင် ပင်ဆယ်ဟီးလ်ကို ခုံမှာထိုင်ရင်း စွပ်နေလို့ စကပ်အတိုက ပေါင်ရင်းထိရောက်နေ၏။ အစ်မဖြစ်သူက သူ့ညီမကအလုပ်သွားရမှာ ည ၁၁နာရီလောက်မှ ပြန်ရောက်မှာဟုပြောသည်။ ညီမနှစ်ယောက် အဝတ်အစား ဟန်ပန် မတူသော်လည်း ရုပ်ကအတော်တူသည်။ ကျွန်တော်လည်း စရွ၃သိန်းပေးခဲ့ပြီးမန် ၉နာရီလောက် လာခဲ့ဖို့ မှာပြီးကိုယ့်စက်ဘီးလေးနှင့် ပြန်ခဲ့ပါ၏။ ၆၂လမ်း ခင်မကန်ကျောင်းပေါက်ရောက်သည်အထိအငယ်မလေး၏ ရေမွှေးရနံ့ က ကိုယ့်စက်ဘီး ကယ်ရီယာပေါ်အထိ လိုက်ပါလာသလား အောင့်မေ့ရအောင် ရနံ့ကစွဲမက်ဖွယ် ဖြစ်သည်။
နောက်နေ့မနက်မှာပဲချိန်းထားသည့် အချိန်မှာ ညီအစ်မ၂ယောက် စက်ဘီးလေးနှင့် ရောက်လာကြသည်။ အိမ်နေအဝတ်အစားလေးတွေနှင့် ပေမယ့် ညီမဖြစ်သူမှာချည်ထည် လည်ဟိုက် နှင့် စကက်တိုလေးပဲ ဖြစ်သည်။ ပင်ဆယ်ဟီးလ် တော့မဟုတ်။ ချယ်ရီခွာမြင့် ဒေါက်လေးနှင့်ပေါ့။ အိမ်မှာရောက်တော့ ကျန်ငွေပေးပြီးစာချုပ် လက်မှတ်ထိုးခိုင်းလိုက်တော့ အလုပ်ပြီးပါပြီ။ သို့သော် မပြီးသေး၊ အကြီးမလေးကသူတို့ လတ်တလောအကျပ်အတည်း ဖြစ်ရပုံကိုတရင်းတနှီးရင်ဖွင့် ပြောပြသည်။ သူတို့ကမိတ္ထီလာနယ်ဘက်ကတဲ့။ မန္တလေးမှာအလုပ်လုပ်ကြရသည်။ အလုပ်အကိုင်ကရှားပါးတော့ ရသည့်အလုပ်ကိုလိုက်ကြသည်။
ကြုံသလိုဖြေရှင်းရမှာပေါ့
——————————
အကြီးမအလုပ်က အရောင်းစာရေးတဲ့၊ အဆင်မပြေလှ။ အငယ်မက သူဝါသနာပါသည့် သီချင်းဆိုအလုပ်ဖြင့် ကာရာအိုကေ တစ်ဆိုင်မှာ မဆိုးလှဘူးတဲ့။ သို့သော် အိမ်ငှားခနှင့် နယ်ကအိမ်ကို ပြန်ပေးရနှင့် တစ်လတစ်လ ခက်ခဲလှသတဲ့။ ထိုစဉ် အကြီးမက လားရှိူးဖက် အရောင်းစာရေးအနေနှင့် အလုပ်တာဝန်အရ ခရီးထွက်ရင်းလားရှိုး မန္တလေးကားဒရိုင်ဘာ တစ်ဦးနှင့် မိတ်ဆွေဖြစ်ပြီး အကူအညီမျာ းရသတဲ့၊ (ထိုအကြောင်းကိုပြောတော့ အကြီးမက မျက်လွှာလေးချကာ ရှက်နေ၏၊ ကျွန်တော်က သဘောပေါက်လိုက်သည်။ ခင်သော်ဇင်က သဘောမပေါက်တော့ ဆွေမျိုးတွေလားဟု မေးလို့ သူ့ခမျာ အဖြေခက်နေသေး၏)။
ထိုသူက ကိုယ်ပိုင်ကားကို လိုင်းထဲထည့်ပြီး ကိုယ်တိုင် မောင်းတာမို့ နန်းရှေ့က သူတို့နေသည့် အိမ်ကလေးအပေါ်ထပ်ကို ငှားပေးမှာပေါ့၊ တချို့သော ရက်များမှာ သူ့ကားလေးက ရောက်လာပြီး ညအိပ်ညနေလည်း နေသွားမှာပေါ့။ ကျွန်တော်ကတော့ အဲ့သလောက်ထိ ကြိုတွေးဇာတ်အိမ်ဖွဲ့ထားပါပြီ။ အခုပြဿနာကသည်တခေါက် သူ့မိတ်ဆွေ လားရှိုးကအဆင်းကားပေါ်ကမူးယစ်ဆေးဝါးတွေ ဖမ်းမိသတဲ့။ လူလည်းအဖမ်းခံရသည့် အပြင် ကားလည်း အသိမ်းခံရသတဲ့။ ထို့ကြောင့် သူ့အမှုလိုက်ဖို့အတွက် သုဝယ်ပေးထားတဲ့ သရက်ကုန်းမြေကွက်လေးရတဲ့ဈေးနဲ့ အမြန်ရောင်းလိုက်ပါ။ နက်ဖြန်ရုံးချိန်းမှာအဆင်ပြေဖို့ ငွေ၃သိန်းကို အဲ့ဒီမည်းနဲ့ ဖြေရှင်းပေးပါလို့ မှာလိုက်လို့တဲ့၊ ဒါကြောင့် မဖြစ်မနေရှာရတာပါတဲ့၊ သူ့အမှုကလည်း ၉သိန်မက ကုန်ဦးမှာဆိုတော့ ကျန်ငွေ ကျန်ကိစ္စကတော့ အဆင်ပြေသလို ကြုံသလိုဖြေရှင်းရမှာပေါ့တဲ့။ ဇာတ်လမ်းကအဲ့သလို၊ သရက်ကုန်းမြေကွက်ကဇာတ်လိုက်။ ၏
ဇာတ်ရှုပ်လိုက်တဲ့ ပွဲခ
———————–
နန်းရှေ့ဈေးအနီးတွင် အိမ်ငှားနေကြသည့် ညီအစ်မနှစ်ယောက်က သူတို့မြေကွက် ရောင်းပြီး ပိုက်ဆံယူ၊ စာချုပ် လက်မှတ် ထိုး၍ ဝမ်းပန်းတသာ နှုတ်ဆက်ပြီး ပြန်ကြတာ ရပ်ကွက်အထွက် ပြွန်တစ်လုံး ရေတံခါး လောက်ရှိဦးမည်၊ ရပ်ကွက်ထဲတွင် မြေတွေ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်ပြီး မြေပွဲစားလည်း လုပ်ကိုင်နေသူ တစ်ဦးက ကျွန်တော့်အိမ်သို့ စက်ဘီးဒုန်းဆိုင်းစီးကာ မောကြီးပန်းကြီး ရောက်လာ၏။ ထို့နောက် သည်မြေက သူ့အပ်ထားတာ ဖြစ်ကြောင်း ကျွန်တော်က ဘာ့လို့ သူ့ကိုကျော်ပြီး ကြားဖြတ်ယူတာ မကျေနပ်ကြောင်း၊ ပွဲခက သူနှင့်သာ ဆိုင်ကြောင်း အော်ကြီးဟစ်ကျယ် ရန်တွေ့တော့သည်။ ကျွန်တော်က ပိုင်ရှင်ကိုယ်တိုင် လာရောင်းလို့ မိတ်ဆွေက ဝယ်လိုက်ကြောင်း အပ်ထားတာလည်း မသိကြောင်း ပြန်ရှင်းပြတာကို လက်မခံ။ ပိုင်ရှင် ကလေးမလေးတွေ အိမ်ကိုသွားမယ်၊ လိုက်ခဲ့၊ ရှင်းမယ် လင်းမယ်၊ ဒီလိုလုပ်လို့ မရဘူး စသည်ဖြင့် ဆူညံနေတော့သည်။
ကြာတော့ စိတ်ပေါက် ဒေါသဖြစ်ပြီး “ခင်သော်ဇင်.. အဲ့ဒ ီပွဲခပိုက်ဆံ ၃သောင်းလုံး ပေးလိုက်စမ်းဟာ၊ ဇာတ်လမ်းရှုပ်တယ်” ဟုပြောပြီးသူ့ကို ၃သောင်းပေးလိုက်ရသည်။ သြော်.. မြေအရောင်းအဝယ်နဲ့ ပွဲစားပွဲခဟူသည် အတော် ဇာတ်ရှုပ်ပါလား။ ထိူကတည်းက မြေကိစ္စ လာမေးသူတိုင်းမရှိဘူး၊ မသိဘူးဟုချည်း ပြောလွှတ် လိုက်တော့သည်။ မကင်းရာ မကင်းကြောင်းသူက လာမေး လာစုံစမ်းလျှင်လည်း မြေပိုင်ရှင်အိမ်ကိုပဲ လမ်းညွှန် လိုက်တော့သည်။ ကိုယ်တိုင်ပင် မလိုက်တော့။
သြော် တရားကျစရာ ကောင်းပါဘိ၊ သည်မြေ သည်ကွင်း သိမ်းမယ် ဆည်းမယ် ဆိုစဉ်က ကိုယ်ပဲ ထောင်မကြောက် တန်းမကြောက် ချို့ချို့တဲ့တဲ့နှင့် သွားလာ လှုပ်ရှားရသည်။ ထိုစဉ်ကာလ စောစောက မြေပိုင်ရှင် မြေပွဲစားက တုတ်တုတ်ပင်မလှုပ်၊ ကွင်းထဲကိုပင် ခြေဦးမလှည့်၊ သူကဒီကွင်းနှင့် လုပ်စားလို့ ဆယ်ပြန်မကဝနေပြီ၊ သိမ်းလည်းမပူတော့။ ထို့ကြောင့် ကွင်းထဲလာလျှင် ကျွန်တော်တို့ စရိတ်အတွက် အလှူငွေ မထည့် ချင်ဘဲထည့်နေရမည်။ သည်တော့ ကွင်းထဲလာဖို့ဝေး၊ ခြေဦးပင်မလှည့်ခဲ့။
နောက်ရက် ပိုင်ရှင် ကလေးမလေးနှင့် နန်းရှေ့ဈေးမှာ တွေ့လို့ ပြောပြတော့ “ရောင်းဖို့ မအပ်ပါဘူးအစ်ကိုရယ်၊ မနှစ်က ညီမ ခြံရှင်းနေတုန်းရှေ့က စက်ဘီးနဲ့ ဖြတ်ပြီး ရောင်းမှာလားဟေ့၊ ၅သိန်းပေးမယ်ပြောတော့ ၁၀သိန်း အောက်ထစ်ရမှ ရောင်းမှာအဘရေ”လို့ ပြောဖူး တာပဲရှိတာပါ၊ အဲ့ဒီတုန်းကသူကလည်းနောက်သလိုပြောင်သလိုပြောလို့ ကျွန်တော်က ပြန်ပြောတာပါ။ စိတ်မကောင်း လိုက်တာအစ်ကိုရာ၊ ညီမထဲက ၃သောင်း ပြန်ပေးပါ့မယ်” တဲ့။ ကျွန်တော် ဘယ်ယူပါ့မလဲ။ နောက်နောင် မြေအရောင်းအဝယ်ထဲ မပါတော့ပါ ဟူသောသင်ခန်းစာပဲ ယူလိုက်ပါတော့သည်။
ဆူးငှက်
