ဘရပ်ဆယ်၊ ဒီဇင်ဘာ ၁၄-၂၀၁၈
မျိုးဆက် (VOM)
ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( အီးယူ) က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် ခြောက်လသက်တမ်းတိုးသွားမယ်လို့ ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်က ဒီဇင်ဘာ ၁၃ ရက်မှာ ၎င်းရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာပါတယ်။
ဒီလို အရေးယူပိတ်ဆို့မှု ထပ်မံသက်တမ်းတိုးခြင်းအတွက် ဘရပ်ဆယ်မှာ ပြုလုပ်တဲ့ အီးယူဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးက တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ယူကရိန်းအရှေ့ပိုင်းရှိ သမ္မတနိုင်ငံအဖြစ်တစ်ဖက်သတ်ကြေညာထားတဲ့ ဒေသတို့အကြား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုလုံးဝမရှိတာကြောင့် အရေးယူပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ဒေါ်နယ်တပ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းယူလိုက်တာနဲ့ ယူကရိန်းမှာဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံအပေါ် အီးယူက ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုချမှတ်ရာမှာ ရုရှားရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ ကာကွယ်ရေးကဏ္ဍတွေအပေါ် အချိန်ကြာမြင့်စွာ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပြီး အဆိုပါပိတ်ပင်မှုတွေကို ယခုအခါ ထပ်မံသက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။
#voiceofmyanmar#ရုရှားအပေါ်#အီးယူရဲ့အရေးယူပိတ်ဆို့မှုထပ်မံသက်တမ်းတိုး#
Ref: RT
Photo : AFP