ရွာထဲကနေအထွက်မခံလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်လိုက်ခုတ်ခဲ့သူ သေနတ်နဲ့ပစ်ဖမ်းခဲ့ရ

ဒီဇင်ဘာ ၉-၂၀၂၀
သက်ထားခင်(VOM)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာထိပ် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲကနေ ရွာပြင်ကိုအထွက်မခံတဲ့ ကိစ္စနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ရာကနေ ရပ်မိရပ်ဖနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်ခုတ်လို့ သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတယ်လို့ သလဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“သူက ဂိတ်တဲကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီးတော့ ဂိတ်စောင့်နေတဲ့ ရပ်မိရပ်ဖ နှစ်ယောက်ကို တဲနားမှာရှိတဲ့ ထိုင်ခုံနဲ့ရိုက်တယ်၊ ကျန်တဲ့သူတွေလည်း လိုက်ရိုက်တာပဲ၊ ကျန်တဲ့သူတွေလည်း ပြေးလို့၊ အဲ့ဒါနဲ့ ကျွန်တော်တို့က စခန်းမှာ အမှုဖွင့်သွားတာပေါ့၊ နောက်မဖြစ်ဖို့ရာ အဲ့ဒါလေးလုပ်ဖို့ရာ စခန်းသွားတာပေါ့၊ အဲ့ဒီအခါကျ စခန်းကလိုက်လာတယ်၊ စခန်းက လိုက်လာတဲအခါ သူ့အိမ်မှာရောက်တယ်၊ အဲ့ဒီမှာ သူ့အိမ်မှာ အဝင်မခံဘူး၊ သူ့အိမ်ထဲကနေ ခဲတွေနဲ့ ဘာတွေနဲ့ ထုတယ်ပေါ့၊ ကားတွေလည်း ခဲနဲ့ထုတာပဲ ရဲတွေလည်း အဝင်မခံဘူး၊ နောက်ဆုံး သူ့ တံခါးဖွင့်ပြီး ဓားနဲ့လိုက်ခုတ်တော့တာပဲ”လို့ သလဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်လွင်က ပြောပါတယ်။

ညနေ၅နာရီခန့်မှာတော့ ရဲတပ်ဖွဲ့က အဲ့ဒီရွာသားကို အရေးယူဖို့ နေအိမ်လိုက်သွားခဲ့ပေမယ့် နေအိမ်ထဲအဝင်မခံသလို ခဲနဲ့ပစ်ပေါက်ခြင်း၊ ဓားနဲ့လိုက်လံခုတ်ခြင်းများပြုလုပ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားဒဏ်ရာရခဲ့ပါတယ်လို့ ရွာရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။

ဓားနဲ့လိုက်ခုတ်လို့ ရဲတပ်ဖွဲ့ကလည်း သေနတ်နဲ့ သုံးချက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အဲ့ဒီရွာသားဟာ သေနတ်ဒဏ်ရာတွေနဲ့ မန္တလေးအထွေထွေရောဂါကုပြည့်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။

သလဲကုန်းရွာထိပ်မှာ ကိုဗစ်စစ်ဆေးတာတွေ ပြုလုပ်နေချိန် ရွာသားတစ်ဦး ရွာပြင်ထွက်ဖို့လုပ်ဆောင်ရာ ၁၂နာရီနောက်ပိုင်းအပြင်မထွက်ဖို့ပြောဆိုကြရင်း အခုလိုအချင်းများခဲ့ကြတာဖြစ်ပြီး အဲ့ဒီရွာသားကိုလည်း သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW