မြဝတီမြို့မှာ နှစ်ရက်အတွင်း လိုင်စင်မဲ့မော်‌တော်ယာဉ် အစီးရေ ၁၄၀ နီးပါး ဖမ်းမိ

ဒီဇင်ဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်တင်သွင်းသို‌လှောင်ထားတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၁၄၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” အမှုနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်သုံးဦးကို အမှုဖွင့်လှစ်အရေးယူထားတယ်။ လက်တလောပုဒ်မအနေနဲ့ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ-၈နဲ့ပါ။ အသေးစိတ်အချက်လက်ကိုတော့ ပြောလို့မရသေးဘူး”လို့ မြဝတီမြို့မရဲစခန်းမှာ စခန်းမှူး ဒု-ရဲမှူးအောင်ကျော်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်က နယ်မြေခံရဲတပ်ဖွဲ့၊ အုပ် ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တစ်ခုဟာ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းခြံတစ်ခုကနေ လိုင်စင်မဲ့မော်တော်ယာဉ်၂၃စီးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီး၊ ခြံဝင်းနောက်တစ်ခုမှ လိုင်စင်မဲ့ မော်တော်ယာဉ် ၃၁ စီး စုစု‌ပေါင်း တရားမဝင် အကောက်ခွန်မဲ့ (လိုင်စင်မဲ့) မော်တော်ယာဉ်ပေါင်းစုံ ၆၈ စီးကို တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်‌နေ့ မနက်ပိုင်းကလည်း မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ချစ်ကြည်ရေလမ်းထဲက ခြံဝန်းတစ်ခုထဲကို ဝင်ရောက်ရှာဖွေရာ ယာဉ်ငယ်မျိုးစုံ ၁၉ စီး၊ ကရိန်းယာဉ် ၃ စီး၊ မြေသယ်ယာဉ် ၇ စီး၊ ဘိလပ်မြေဖျော်စက်၂ စီး၊ ဆီဘောက်ဆာယာဉ် ၃ စီး၊ ယာဉ်ကြီးမျိုးစုံ ၃၆ စီး စုစုပေါင်း ယာဉ်အစီးရေ ၇၀ နဲ့ ယာဉ်အပိုပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ဟာ တစ်ဖက်နိုင်ငံက ဂျပန်မော်တော်ယာဉ်ပေါင်းစုံကို တစ်ဆင့်ပြန်သွင်းပြီး မြန်မာအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံအချို့ကို တရားမဝင်ပို့ဆောင်ရောင်းချရာ အဓိကမြို့တစ်မြို့အဖြစ်တည်ရှိနေတဲ့အပြင် မြို့နယ်အတွင်း လက်နတ်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်တာကြောင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်စီး
နင်းသူ အလွန်များပြားတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” မြဝတီကနေ ပြန်တင်သွင်းတဲ့ လိုင်စင်မဲ့ယာဉ် တော်တော်များများဟာ အရင်က ဒိုက်ဦးလမ်းခွဲကနေ ဝင်တာများတယ်။ အခု ကိုဗစ်ကာလ ဂိတ်တွေနည်းနည်းပိုတင်းကြပ်တော့ စစ်တောင်း-မုပ္ပလင်လမ်‌းကြောင်းဘက် လှည့်နေကြတယ်” လို့ မော်တော်ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးရမိခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့မရဲစခန်းက တရားမဝင် ပို့ကုန်သွင်းကုန်ပစ္စည်များ တားဆီးကာကွယ်ရေးဆိုင်ရာအက်ဥပဒေပုဒ်မ-၈ နဲ့ တာဝန်ရှိသူ ၃ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – Winzaw Winzaw
#voiceofmyanmar #VOM #မြဝတီ #၂ရက်အတွင်း #လိုင်စင်မဲ့ယာဉ်၁၄၀နီးပါးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW