အမ်းမှာ စိတ်ဝေဒနာသည် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၂၆-၂၀၂၀
ထက်အောင်စိုင်း(VOM)

ကျောက်ဖြူခရိုင်၊ အမ်းမြို့မှာ အသက် (၁၆) နှစ်အရွယ် စိတ်ရောဂါဝေဒနာခံစားနေရတဲ့ အမျိုးသမီးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံရတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။

အဲဒီ အမျိုးသမီးငယ်ရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်က ” ကျနော်သိရတာကတော့ အဲ့ဒီ မိန်းကလေးက အသိမိတ်ဆွေတစ်ယောက်အိမ်မှာ ဗီဒီယို သွားကြည့်တယ်။ အဲ့ဒီက အပြန်လမ်းမှာ အရက်မူးနေတဲ့ လူနှစ်ယောက်က ပါးစပ်ပိတ်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ အဲ့ဒီ တရားခံ (၂) ယောက်မှာတော့ တစ်ယောက်ဖမ်းမိထားပါတယ်။ ကျန်တဲ့ တစ်ယောက်က ထွက်ပြေးလွှတ်မြောက်နေတယ်” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ အမ်းမြို့ရဲ့ တစ်ဖက်ကမ်း ကမ်ဒိတ်ကျေးရွာက အသက် (၂၂) နှစ်အရွယ် မိုးထက်ယံဆီ (ခ) သက်ပြင်းနဲ့ အသက် (၂၅) နှစ်အရွယ် မောင်သောင်းဖေ တို့ဖြစ်ပြီး အဲ့ဒီထဲက မိုးထက်ယံဆီ (ခ) သက်ပြင်းကို ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူ မိုးထက်ယံဆီ (ခ) သက်ပြင်း ရဲ့ ထွက်ဆိုချက်အရ ထွက်ပြေးလွှတ်မြောက်နေသူဟာ (၃) ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ သူဟာ (၂) ကြိမ်ပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်း ၇ နာရီလောက်က ခရစ်စမတ်နေ့အတွက် ညီအစ်မသုံးယောက် အကသွားတိုက်ဖို့သွားတဲ့အချိန် ညီမ နှစ်ယောက်ကတော့ ဆရာအိမ်မှာ အကတိုက်ပြီး ကျန်ခဲ့ကြောင်းနဲ့ ကာယကံရှင် အမျိုးသမီးငယ်မှာ ဗီဒီယိုကြည့်ပြီး ညီမဖြစ်သူတွေကို ပြန်လာခေါ်ချိန် လမ်းခုလတ်မှာ အရက်မူးလာတဲ့ လူနှစ်ယောက်ရဲ့ ဖမ်းဆီးသွားတာကို ခံခဲ့ရကာ အခုလိုမျိုး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ရဲ့ မိခင်ဖြစ်သူကတော့ ” ထွက်ပြေးလွှတ်မြောက်နေတဲ့ တစ်ယောက်ကိုတော့ အမြန်ဆုံးမိအောင် ဖမ်းဆီးပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုချင်ပါတယ်။ တကယ်လို့ ဖမ်းမမိနိုင်ဘူးဆိုရင်လည်း ဝရမ်းထုတ်ချင်ပါတယ်။ ဒေါ်လေးအနေနဲ့တော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ သူတွေကိုတော့ ထောင်ဒဏ်အပြစ် ပေးစေချင်ပါတယ်။” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကိုတော့ ရာဇသက်ကြီးပုဒ်မ- ၃၇၆/ ၁၁၄ နဲ့ အမ်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသူကို ဆက်လက်စစ်ဆေးနေကြောင်းနဲ့ ထွက်ပြေးလွှတ်မြောက်နေသူကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမ်း #စိတ်ဝေဒနာသည်အမျိုးသမီး #အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW