နေပြည်တော်-ဒီဇင်ဘာ ၂၈-၂၀၂၀
ကိုထွန်း(VOM)
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀၀နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက်တဲ့ထဲမှာ NLD ပါတီကိုယ်စားလှယ်လောင်းအများစုဖြစ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ကန့်ကွက်လွာတင်ပြီး ပြန်အထွက်မှာ ဒေါ်ယဉ်မင်းမြင့်ဆွေက သတင်းထောက်တွေကိုပြောပါတယ်။
“ ဘယ်မဲဆန္ဒနယ်မြေတွေလဲဆိုတော့ ပြည်ထောင်စုနယ်မြေပါမယ်၊ ရန်ကုန်တိုင်းအတွင်းမှာလည်း ရှိမယ်၊ မန္တလေးတိုင်းဒေသကြီး ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်တဲ့အတွက် နေရာတိုင်းမှာ တချို့ အချက်အလက်မရတဲ့နေရာတွေမှာတော့ ကန်ကွက်လွှာမတင်ဘူးပေါ့နော် အချက်အလက်ခိုင်မာတဲ့မြို့နယ်တွေတော့ကျမတို့တင်ပါတယ်၊ အချက်အလက်တွေကတော့ကိုယ်စားလှယ်လောင်းတွေတရားမဲ့ပြုကျင့်မှုအချက်အလက်တွေနဲ့ငြိတာတွေပေါ့နော်၊ ဒါကြောင့်ကန့်ကွက်လွှာတင်တိုင်း တရားမဲ့ပြုကျင့်မှု အချက်အလက်တွေထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလို့ ကန့်ကွက်လွှာတင်ခြင်းဖြစ်ပါတယ်” လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
ကန့်ကွက်လွှာတင်တဲ့အထဲမှာ NLD ဘက်ကထင်ရှားသူ ဘယ်သူတွေများပါသလဲဆိုတာကို မေးကြည့်တော့
“အတိအကျပြောဖို့ခက်ပါတယ်၊ ကျမကအမှု ၂၁ မှုစီစဉ်ရတာဆိုတော့ ကျမတာဝန်ယူရတဲ့ ၂၁ ဦးထဲမှာ သာစည်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး(၁)တို့ပါတယ်။ သာစည် သုံးခုပေါ့နော် ကျန်တဲ့မန္တလေးတိုင်းက ပျော်ဘွယ်၊ မိတ္ထီလာတို့လည်း ပါပါလိမ့်မယ်၊ ပြည်ထောင်စုနယ်မြေအားလုံးပါပါတယ် အကုန်ကန့်ကွက်လွှာတင်မှာပါ၊ပြည်ထောင်စုနယ်မြေရှစ်မြို့နယ်လုံး ပါဝင်ပါတယ်” လို့လည်း ဒေါ်ယဉ်မင်းမြင့်ဆွေကဖြေပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးနဲ့ ပတ်သက်ပြီး မဲဆွယ်စည်းရုံးတယ်ဆိုပြီး NLD ပါတီဘက်ကနေ ကန့်ကွက်ထားတဲ့ ကိစ္စကို ဒေါ်ယဉ်မင်းမြင့်ဆွေ ဆက်ရှင်းပြတာက
“ တကယ့်တကယ်မှာတော့ ဦးသန်းဌေးအနေနဲ့ သူ့ရဲ့မဲဆန္ဒနယ်မှာ သူဟာဘယ်ကလာတယ် ဘယ်လူမျိုးကပေါက်ဖွားတယ်၊ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို စည်းရုံးရေးလုပ်စဉ်မှာ မိတ်ဆက်တဲ့ အနေနဲ့ပြောခြင်းသာဖြစ်ပါတယ်၊ ဒါဟာတရားမဲ့ပြုကျင့်မှု မမြောက်ဘူးလို့ ကျမအနေနဲ့မြင်ပါတယ်။ဒါကလည်း ခုံရုံးရောက်တော့မှရှင်းရမယ့်ကိစ္စပါ” လို့ ရှင်းပြသွားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၀၉၀ နေရာ ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အတွက် ၃၃ နေရာ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ၃၈ နေရာ စုစုပေါင်း ၇၁ နေရာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM # ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ #ဒေါ်ယဉ်မင်းမြင့်ဆွေ #ကန့်ကွက်လွှာ #UEC