ဂဏန်းဈေးကျလို့ ရေလုပ်သားတွေ တွက်ခြေမကိုက်ဖြစ်နေ

 

စစ်တွေ၊ ဇန်နဝါရီ ၆-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ရေငန်ဂဏန်းကောင်တွေကို ပုံမှန်ဈေးနှုန်းထွက်လျှော့ပြီး ဝယ်ယူနေတဲ့အတွက် ဒေသတွင်းက ဂဏန်းရှာတဲ့ ရေလုပ်သားတွေအနေနဲ့ တွက်ခြေမကိုက်ဖြစ်နေပါတယ်။

ယခင်က ဂဏန်းအကြီးတစ်ကောင်ကို ကျပ်တစ်ထောင်ကျော်နဲ့ အငယ်တစ်ကောင်ကို ကျပ် ၇၀၀-၅၀၀ ဈေးနှုန်းအထိ ရရှိနေခဲ့ရာကနေ ပြီးခဲ့တဲ့လအကုန်ပိုင်းကစတင်ပြီးတော့ အကြီးတစ်ကောင်ကို ကျပ် ၇၀၀ ဈေးအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဂဏန်းရှာတဲ့သူတွေက ဂဏန်းတွေဈေးကောင်းရနေမှ တွက်ခြေကိုက်တာပါ။ အရင်က ၁၀၀၀ ကျပ်နဲ့ ရောင်းရတဲ့ အရွယ်အစားတွေကို အခု ၇၀၀ ပဲပေးဝယ်နေတော့ တွက်ခြေမကိုက်ဖြစ်တာပေါ့။ ပြီးတော့ ဂဏန်းတွေက လည်း များများစားစားရှာလို့ရနေတာမဟုတ်ဘူး။ အဝယ်ဒိုင်တွေက ဈေးလျှော့ဝယ်နေတော့ ကျွန်တော်တို့လဲ သူတို့ပေးတဲ့ ဈေးတွေနဲ့ပဲ ရောင်းရတာပေါ့။”လို့ ဂဏန်းရှာသမား ဦးမောင်ထွန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကထွက် ဖမ်းဆီးရရှိတဲ့ဂဏန်းတွေကို ရန်ကုန်-မူဆယ်နဲ့ တခြားဒေသတွေကို တင်ပို့ရောင်းချ နေကြတာဖြစ်ပြီး အဝယ်ဒိုင်တွေအနေနဲ့လည်း ဈေးကွက်အပေါ်မူတည်ပြီးဝယ်ယူနေကြရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဂဏန်းတွေကို ကျွန်တော်တို့က ရန်ကုန်ဘက်ကိုပို့တယ်။ တခြားဒိုင်တွေဆိုရင် မူဆယ်ဘက်ကိုပို့တာလည်းရှိပါတယ်။ ပြီးတော့ ဂဏန်းပျော့လုပ်ငန်းတွေလည်းရှိပါတယ်။ တရုတ်တွေလုပ်နေကြတာပေါ့။ ဒီမှာဈေးလျှော့ပြီးဝယ်ရတယ်ဆိုတာ ကလည်း ဟိုဘက်မှာပေါက်နေတဲ့ဈေးအပေါ်မူတည်ပါတယ်။ ဈေးကောင်းရရင်တော့ ဒေသပေါက်ဈေးလည်း ကောင်းမှာပဲ။ အဓိကကတော့ တရုတ်ဘက်ကိုပို့တဲ့လမ်းကြောင်းမှာ ဈေးနှိမ်တဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။”လို့ အဝယ်ဒိုင်တွေက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက တရုတ်နိုင်ငံကိုတိုက်ရိုက်တင်ပို့နေကြတဲ့ ဂဏန်းပျော့လုပ်ငန်းတွေလည်းရှိနေပြီး ဒေသတွင်းဂဏန်းရှာသမားတွေအနေနဲ့ ဖမ်းဆီးရရှိတဲ့ ဂဏန်းတွေကိုအဲဒီလုပ်ငန်းတွေမှာ အဓိကရောင်းချနေကြရတာ ဖြစ်ပါတယ်။

ဂဏန်းတွေကို အခုလိုဆောင်ရာသီးနဲ့နွေရာသီတွေမှာ အများဆုံးဖမ်းဆီးရရှိပြီး ရာသီအလိုက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

#voiceofmyanmar #ဂဏန်းဈေး

Related posts

Leave a Comment

VOM News

FREE
VIEW