KNU တပ်စခန်းကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်

မတ် ၂၉-၂၀၂၁
Voice Of Myanmar

စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ထိတွေ့တိုက်ခိုက်မှုအချို့ အခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မတ် ၂၉ရက် မနက်ပိုင်းက စတင်ပြီး ကျောက်ကြီးမြို့နယ် အရှေ့ဆင်မတောင်အနီး KNU တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း၉ မြေနီကုန်းစခန်းတဝိုက်ကို စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

“လက်တစ်လော ထိတွေ့တိုက်ခိုက်နေကြတာမဟုတ်ဘဲ အနီးနားမှာရှိတဲ့ အခြေစိုက်တပ်စခန်းက‌နေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တွေနဲ့ ပစ်ခတ်နေတာလို့သိတယ်။ စစ်ဘေးရှောင်တွေက တပ်မဟာ ၃ ဂွင်မှာ မရှိပေမယ့် မူတြောခရိုင် တပ်မဟာ ၅ ဘက်မှာ ရှိနေတယ်” လို့ဒေသခံ အရပ်ဖက် အဖွဲ့စည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

KNU တပ်ရင်း ၉က အနီးဝန်းကျင်က စစ်တပ်ဗျူဟာကုန်းတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က အခုလို တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ ကျောက်ကြီးမြို့ခံတဦးဆီက သိရပါတယ်။

ကရင်အမျိုးသား အစည်းအရုံး လက်အောက် KNU/KNLA လက်နက်ကိုင်တပ်မဟာ ၇ ခုရှိပြီး ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေမှာ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့တို့ပါဝင်ပါတယ်။

မတ်လ၂၇ ရက်က KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက သီးမူထာအခြေစိုက် တပ်မတော်စခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း‌တွေနဲ့ တပ်မတော်သားအချို့ကို ဖမ်းဆီးသွားခဲ့တာကြောင့် မူတြော်ခရိုင် ဌာနချုပ်ကို အဲ့ဒီနေ့ ညကစတင်ပြီး စစ်တပ်က လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှ သုံးဦးသေဆုံးပြီး စစ်ဘေး ရှောင်နေရသူဦးရေ ၁၀၀၀၀ နီးပါးရှိတယ်လို့ ကော်သူလေးသတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-ကော်သူလေး သတင်းပြန်ကြားရေး

#VoiceOfMyanmar #VOM #KNU #တပ်မဟာ၃

Related posts

Leave a Comment

VOM News

FREE
VIEW