ရန်ကုန်က မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေ

ဇူလိုင် ၂၉ – ၂၀၂၆
SS (VOM)
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့၊ ညပိုင်းကနေစပြီး နှစ်ညဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့နယ်တချို့က ရပ်ကွက်၊ နေအိမ်နဲ့ ဆိုင်တွေအတွင်း ရေဝင်ရောက်နေသလို ကားလမ်းမတချို့လည်း ရေကျော်နေတာကြောင့် ကားအသေးတွေ သွားလာရ ခက်ခဲနေတယ်လို့ သိရပါတယ်။
လှိုင်သာယာ၊ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ သာကေတ၊ ကမာရွတ်၊ လှည်းတန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း) အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရေပြန်မကျသေးသလို မိုးကလည်း ဆက်လက် ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“ရွှေပြည်သာမြို့နယ်နဲ့ အင်းစိန်မြို့နယ်အစပ်၊ ရွှေပြည်သာတံတားအဆင်း၊ ဒညင်းကုန်းဈေးနားက ၁၄ လမ်းဆုံဘက်မှာလည်း ကားလမ်း ရေကျော်နေတယ်။ မီးပွိုင့်နားမှာဆို ပိုဆိုးတယ်။ ရေနည်းနည်းများတယ်။ ရေတွေက မဆင်းဘဲ အိုင်နေတာ။ မိုးကလည်း တညလုံး ရွာလိုက်တာကိုး။ နိမ့်တဲ့ကားတွေဆို ရေထဲမှာ ရပ်သွားတာ တွေ့ရတယ်။ အနိမ့်ပိုင်းကားလေးတွေ ဂရုစိုက်ပြီး မောင်းစေချင်တယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
အဲဒီလိုပဲ မရမ်းကုန်းမြို့နယ်က သမိုင်းလမ်းဆုံနဲ့ ကျိုက်ဝိုင်းဘုရား လမ်းမမှာလည်း ရေကျော်မှုတွေ ကြောင့် လမ်းကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပြီး အဲဒီမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ကတည်းက ရေတက်နေတာဖြစ်ကာ ဒီကနေ့ ဇူလိုင် ၂၉ ရက်မှာတော့ ရေအမြင့် ဒူးခေါင်းနားအထိ ရောက်လာပြီး ရေစီးလည်း အနည်းငယ် မြန်နေတယ်လို့ အဲဒီမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“ချောင်းရေလျှံနေတာ။ အရှေ့ကရေတွေ ဒလဟော စီးကျနေတာ။ မရမ်းကုန်း၊ အောင်သိဒ္ဓိဘက်မှာဆိုလည်း ဒီနေ့မနက် ၄ နာရီလောက်စပြီး ရေတွေတော်တော်တက်လာတာ။ ရေတက်တဲ့အမြင့်က ပြီးခဲ့တဲ့နှစ်တွေကထက် ပိုဆိုးလာတယ် ပြောရမယ်။ ဒါတောင် ဒီမနက် ၂ နာရီလောက်ကစပြီး မိုးအရှိန် နည်းနည်းလျော့သွားလို့။ နောက်မို့ဆို ဒီထက်ပိုဆိုးနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က ၁၃ ရပ်ကွက်အတွင်းမှာလည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ လက်ရှိအချိန်အထိ ရေပြန်မကျသေးသလို အင်းစိန်မြို့နယ်မှာလည်း အနိမ့်ပိုင်းရပ်တွေ အကုန်လုံးနီးပါး ရေကြီးနေတယ်လို့ သိရပြီး လှိုင်သာယာမြို့နယ်မှာလည်း ရပ်ကွက်၊ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အခုလို ရန်ကုန်မှာ မိုးဆက်တိုက်ရွာတိုင်း ရေကြီးနေတာ အစဉ်အလာလို ဖြစ်နေပြီ။ အထပ်မြင့်တွေပဲ ဆောက်နေကြတာ။ ရေနုတ်မြောင်းတွေ သန့်ရှင်းရေး မလုပ်ကြတာရယ်၊ လူတွေ စည်းမဲ့ကမ်းမဲ့ အမှိုက်တွေ ပစ်ကြတာရယ်ကြောင့် block ဖြစ်ပြီး လမ်းမပေါ်အထိ ရေလျှံနေတာ။ တနှစ်ထက်တနှစ် ပိုပိုဆိုးလာတယ်။ အဓိက က ရေနုတ်မြောင်းတွေ ပြုပြင်ဖို့ လိုအပ်နေတာပါ” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေခြင်းနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် ဒီကနေ့ ဇူလိုင် ၂၉ ရက်၊ မနက်ပိုင်းကစပြီး လာမယ့် သြဂုတ်လ ၃ ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် အများအပြားမှာ မိုးထစ်ချုန်းရွာသွန်းကာ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မိုးရွာသွန်းမှု အခြေအနေတွေနဲ့ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ လိုအပ်သလို ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိပြုကြဖို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW