မုံးကိုးက စစ်ဘေးဒုက္ခသည်တွေ ကြမ်းခင်း အခက်အခဲ ဖြစ်နေ

စက်တင်ဘာ ၆-၂၀၂၁
Shy V (VOM)
 
မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ကြမ်းခင်း အခက်အခဲဖြစ်နေပြီး အထပ်သားတွေအရေးပေါ် လိုအပ်နေတယ်လို့ လက်ရှိကူညီနေသူတွေဆီက သိရပါတယ်။
 
လက်ရှိ ကူညီနေသူတစ်ဦးက “တမံတလင်းမှာ မိုးကာပဲခင်းလို့ အခက်အခဲ ဖြစ်နေတယ်။ အောက်မှာခင်းဖို့ အထပ်သားအချပ် သုံး၊ လေးဆယ်လောက် လိုနေတယ်။” လို့ သူက ပြောပါတယ်။
 
စစ်ဘေးဒုက္ခသည်တွေထဲမှာ အသက် ၆၀ အထက် လူဦးရေ ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၀ ဦး၊ ၁၂ နှစ်အောက်ကလေး ၁၇၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ရှိပါတယ်။
 
သက်ကြီးရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ နို့တိုက်မိခင်တွေလည်းပါဝင်နေတာဖြစ်ပြီး တလင်းပေါ် မိုးကာပဲခင်းအိပ်ရတာ ရက်ကြာလာတော့ ကျန်းမာရေးထိခိုက်လာတဲ့အတွက် အခင်းအောက်မှာ အထပ်သားခင်းဖို့ လိုလာတယ်လို့ ပြောပါတယ်။
 
“ထပ်တိုးတာတော့ မရှိဘူး။ မနေ့နဲ့ ဒီနေ့တော့ မုံးကိုးထိ ငြိမ်နေတယ်။ ဖောင်းဆိုင်ဘက်တော့ ‌ဖြစ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကချင်ဘုရားကျောင်း တွေမှာ ခိုလှုံနေကြရပြီး ရက်ကြာလာတာနဲ့အမျှ အစားအသောက် ခက်ခဲလာတဲ့အပြင် ဆေးဝါးတွေလည်း လိုအပ်မှုများလာတယ်လို့ သိရပါတယ်။
 
နစကတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် မုံးကိုးမြို့နယ်ရှိ ရွာ ၉ ရွာက ပြည်သူ ၇၀၀ ကျော် မုံးကိုးမြို့ကို ဩဂုတ် ၂၉ ရက်နေ့ကစ ရှောင်တိမ်းလာကြတာဖြစ်ပါတယ်။
 
ဖောင်းဆိုင်ဘက်က ရွာ ၂ ရွာက စစ်ဘေးဒုက္ခသည်တွေဟာ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် ၁၀၂ ဘက်မှာ လူဦးရေ ၁၇၀ ကျော်၊ ကြူကုတ် (ပန်ဆိုင်း) တရုတ်နယ်စပ်လယ်ကွင်းမှာ ရွာပေါင်း ၈ ရွာက လူဦးရေ ၁၄၀၀ ကျော်နဲ့ ပန်ဆိုင်းမြို့ထဲ ဆွေမျိုးအိမ်တွေမှာ ယိခူးရွာက အိမ်ခြေ ၃၀ ခန့် ရှိနေပါတယ်။
 
#voiceofmyanmar #VOM #မုံးကိုး

Related posts

Leave a Comment

VOM News

FREE
VIEW