ချင်းပြည်နယ်မြောက်ပိုင်းက Zo Land PDF အဖွဲ့ခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၅ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ စကောလမ်း ရပ်ကွက်မှာနေထိုင်တဲ့ Zo Land PDF အဖွဲ့ခေါင်းဆောင် ဦးကျင်ရှန်ဆုမ်ဟာ ဒီမနက် အစောပိုင်းက သူ့ရဲ့အစ်မဖြစ်သူနေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ချင်းပြည်နယ်မြောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
တီးတိန်မြို့မှာနေထိုင်ပြီး ချင်းအမျိုးသားရေးရာ ယဥ်ကျေးမှုနဲ့ ခရစ်ယာန် ဓမ္မစာပေရေးရာ သုတေသန ပညာရှင် တဦးက ” ပါးကျင်ရှန်ဆုမ် ကို ဒီမနက် ၄ နာရီလောက်မှာ သေနတ်သမား ၂ ယောက်က လာပြီး လုပ်ကြံသွားတာပါ ၊ ကျင်ရှန်ဆုမ်ရဲ့ အသက်က ၃၈ နှစ်ဖြစ်သူက ၊ Zo Land PDF အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ် ၊ ဘာကိစ္စကြောင့် အခုလို သူ လုပ်ကြံခံရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဒီကနေ့ နာရေးအိမ်မှာတော့ အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေတာ ရှိတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် သေဆုံးသူ ဦးကျင်ရှန်းဆုမ်ရဲ့ မွေးချင်းတော်စပ်သူ တယောက်က ” ပါး ဆုမ် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး သံသရဖြစ်မိတာရှိတယ် ၊ မနေ့က ပါးဆုမ်ဆီကို သံသယဖြစ်ဖွယ်ရာ ဖုန်းဆက်ထားတာတွေ တွေ့ရတယ် ၊ သူက ဂေါက်ရောဂါအခံရှိတော့ အခုလို အအေးပိုတဲ့ ရက်တွေမှာ သူ့ရောဂါက ထလို့ အနေအထိုင် ဆင်ခြင်နေရတာ ၊ သူ့ဆီကို သံသယဖြစ်ဖွယ်ရာ ဖုန်းတွေဝင်လာလို့ သူ့အိမ်မှာ မအိပ်ဘဲ သူ့အစ်မအိမ်မှာ သွားအိပ်နေရင်း သေနတ်သမား ၂ ယောက်က ဒီ မနက် ၄ နာရီလောက်မှာ လာပစ်သတ်တာ ” လို့ ပြောပါတယ်။
 
သေဆုံးသူ ဦးကျင်ရှန်းဆုမ်း ဆိုသူဟာ ချင်းပြည်နယ် မြောက်ပိုင်းက တီးတိန် ၊ တွန်းဇံ ၊ ကျီခါး မြို့နယ်ဘက်က လူငယ်အများစုနဲ့ စုဖွဲ့ထားတဲ့ Zo Land PDF ကို ဦးဆောင်သူတယောက်ဖြစ်တယ်လို့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ လအနည်းငယ်ဝန်းကျင်က အဲ့ဒီ Zo Land PDF နဲ့ Hualngo PDF အဖွဲ့တွေ အခြေပြုနေထိုင်ရာ စခန်းတွေကို အိန္ဒိယ-မြန်မာ နယ်စပ်မှာရှိတဲ့ ZRA အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာနဲ့ ဖမ်းဆီးရိုက်နှက်တာတွေ ဖြစ်ခဲ့ဖူးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ချင်း #Zolanpdf #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW