ပြည်မြို့မှာ ဒုရဲအုပ် သေနတ်ပျောက်တဲ့ကိစ္စနဲ့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ အမျိုးသား စစ်ဆေးနေစဉ် သေဆုံး

မေ ၂၀-၂၀၂၂
GG(VOM)

ပြည်မြို့က KTV တစ်ခုမှာ ဒုရဲအုပ်တဦးရဲ့ သေနတ်နဲ့ကျည် ၊ဖုန်းအပါအဝင် ငွေတွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မေလ ၁၈ ရက်နေ့က ဖမ်းဆီးပြီး စစ်ဆေးခံနေရတဲ့ အမျိုးသားတဦး မနေ့ မေလ ၁၉ရက်က သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

ဖမ်းဆီးခံရသူကတော့ ဒုရဲအုပ် ရဲ့ပစ္စည်းတွေပျောက်ခဲ့တဲ့ Spider KTV ဆိုင်က စားပွဲထိုး ဝန်ထမ်း ဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ပြည် အမှတ် ၂ ရဲစခန်းမှာပဲ စစ်နေရင်းဆုံးတာလို့ကြားတယ် ၊ ဖမ်းခံရတာက KTV ကဝန်ထမ်းပဲ၊သူက ပစ္စည်းတွေယူပြီး ထွက်ပြေးသွားတာလို့ကြားတယ်။လူကိုဖမ်းမိပေမယ့် ပစ္စည်းတွေတော့ ပြန်မရဘူးလို့သိရတယ် ၊ ပျောက်တဲ့ ဒုရဲအုပ်လည်း ပြန်ဖမ်းထားတယ်လို့တော့ကြားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ ဆိုင်ဝန်ထမ်းကို မေလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်မြို့ကို ခေါ်ဆောင်လာကာ ပြည်မြို့အမှတ် ၂ ရဲစခန်းမှာစစ်ဆေးမေးမြန်းနေရင်း သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေဆုံးသူဟာ မြွေကိုက်ပြီး သေဆုံးတာဖြစ်တယ်လို့ ပြောဆိုနေတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ဒုရဲအုပ် အောင်မွန်ဟိန်းရဲ့ အခိုးခံလိုက်ရတာတွေကတော့ ပစ္စတိုသေနတ် တလက်၊ ကျည်၆တောင့်၊လက်ကိုင်ဖုန်းတလုံးနဲ့ ငွေသား၂သိန်း ဖြစ်တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ညက ပြည်မြို့က Spider KTV ကို ဒုရဲအုပ် ရောက်ရှိ အိပ်ပျော်နေချိန် ပစ္စည်းတွေအခိုးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် အမှတ်၂ရဲစခန်းကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ဆက်သွယ်မှုမရခဲ့လို့ VOM အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

#voiceofmyanmar #VOM #ပြည် #ဒုရဲအုပ်သေနတ်ပျောက်တဲ့ကိစ္စ #စစ်ဆေးခံနေရသူ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW