မုံရွာ-မန္တလေး ကားလမ်းမှာ ကား ၁ စီးမိုင်းထိမှန်ပြီး သေနတ်နဲ့ပစ်ခံရလို့ ခရီးသည် ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး ၊ မုံရွာ-မန္တလေး ကားလမ်းမှာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်က ခရီးသည်တင်ကား မိုင်းထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းမူဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တဲ့နေရာက မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၅၇ နဲ့ ၅၈ အကြားမှာပါ ၊ မိုင်းထိမှန်တဲ့ကားက ပုလဲကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားဖြစ်တယ် ၊ ခရီးသည် ၂ ဦးသေပြီး ၊ ၂ ဦးဒဏ်ရာရတာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ခရီးသည်တင်ကား မိုင်းထိမှန်တာနဲ့ ပတ်သက်ပြီး မြင်းမူမြို့နယ် အုပ်ချုပ်ရုံးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပုလဲ-မန္တလေး ခရီးသည်လိုင်းကား ဖြစ်တယ် ၊ မိုင်းထိမှန်ပြီး ကားရပ်သွားတဲ့အခါ သေနတ်နဲ့ ဝိုင်းပစ်တာကို ခံရတာပါ ၊ အဲ့ဒါကြောင့် ခရီးသည် မောင်ဝေဖြိုးအောင် အသက် ၁၇ နှစ်က ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့သေဆုံးတယ် ၊ နောက် ခရီးသည် တဦး မကြည်ဖြူဝင်း အသက် ၂၀ကတော့ မိုင်းစထိမှန် ဒဏ်ရာနဲ့ သေဆုံးတာပါ ၊ ခရီးသည် ဦးမျိုးညွှန့်နဲ့ ကိုအောင်ဇော်မင်းတို့ကတော့ ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ၊ ခင်မွန် ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းပေါ်မှာလည်း အခုလ ၁၁ ရက် ညနေပိုင်းက မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲပြီး မုံရွာ-ရန်ကုန် ခရီးသည်တင် မှန်လုံကား ရွှေသလ္လာကို ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံးကာ ခရီးသည် ၁၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

အခုလ ၁၂ ရက် မနက်ပိုင်းက ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနား ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ လည်း ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည် ၁ ဦးသေ ၊ ၈ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြင်းမူ

Related posts

Leave a Comment

VOM News

FREE
VIEW