Kaung For You တည်ထောင်သူ ဖမ်းခံရပြီးနောက် ဆရာမတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ဇူလိုင် ၁၅-၂၀၂၂
KK(VOM)

Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ဆရာမတွေဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတွေက ဆရာမတွေဖမ်းဆီးခံရတာဟာ ဇူလိုင် ၁၃ရက်ကနေ ဒီကနေ့အထိဆိုရင် (၁၀)ဦးကျော်ရှိနေပြီလို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“သတိပေးတယ် ထုတ်ပြန်ချက်တွေလည်း ထုတ်နေရင်းနဲ့အဖမ်းခံနေရတာ စိတ်မကောင်းဘူး၊ အခုဆို ၁၂ ဦးလောက်ရှိမယ်၊ ရှောင်တိမ်းနေဖို့ပြောချင်တယ်”လို့ သူကပြောပါတယ်။

ကလော၊ဟဲဟိုး၊မြစ်သား၊ကော့သောင်းနဲ့မြိုနယ်အချို့က CDM ကျောင်းဆရာမ ၁၀ ဦးကျော် ဖမ်းဆီးခံရတာဟာ လုံခြုံရေးကျိုးပေါက်မှုကြောင့် ဖြစ်တယ်လို့ CDMကျောင်းဆရာမတဦးက ပြောပါတယ်။

“ဆရာကောင်း အဖမ်းခံရတယ်ဆိုပြီး Post တင်တယ် ဖျက်တယ်၊ သတင်းမသေချာသေးဘူးဆိုပြီးဖြစ်ပြန်တယ်၊ ဆရာမတွေနဲ့ မိဘတွေက စိတ်ထဲမတင်မကျဖြစ်နေတယ် အခုအဲ့pageက ဖျက်သွားပြီ၊ ဒါတောင် ဆရာမတွေအဖမ်းခံရပြီးမှဖျက်တာ ကျွန်မအထင်ပေါ့၊ အဲ့page ကို တခြားက သုံးနေတာဖြစ်မယ်”လို့ ရှင်းပြပါတယ်။

Kaung For You Educationက ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံနေရတဲ့အပေါ် ဇူလိုင်လ ၁၃ ရက်နေ့က အချက်သုံးချက်ပါတဲ့သဘောထားထုတ်ပြန်တစ်စောင်ကို “အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီလို ဆရာ၊ဆရာမတွေနဲ့ကျောင်းသားတွေကို ဖမ်းဆီးတာဟာ ပညာရေးအခွင့်အရေး (Right to Education) အခြေခံလူ့အခွင့်အရေးတစ်ရပ်ကိုချိုးဖောက်တာဖြစ်ပြီး Kaung For You Education အနေနဲ့ ကျောင်းသားတွေနဲ့ မိဘတွေရဲ့ကိုယ်ရေးအချက်အလက်ကျိုးပေါက်မှုအတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေနဲ့ တာဝန်ခံဖို့ တာဝန်ရှိတယ်လို့ ဇူလိူင်လ ၁၄ ရက်က NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

လက်တလောမှာ ဆရာမတွေ ဖမ်းဆီးခံရတာအပြင်ကျောင်းသားမိဘတွေကို အမည်မသိသူတွေက ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်နေလို့ အဲ့ဒီဒုက္ခနဲ့လည်းရင်ဆိုင်နေရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“ကျွန်မဖုန်းကို မက်ဆေ့ပို့တယ် ပိုက်ဆံဘယ်လောက်လွှဲပေးပေါ့၊ မလွှဲပေးရင် Kaung For Youမှာ ပေးထားတဲ့ အချက်အလက်ကို လိုင်းပေါ်တင်ဖြန့်မယ် ရဲစခန်းကိုပို့မယ်ဆိုပြီးလုပ်တယ်၊ အဲ့ဒီဖုန်းကို ဘလော့ခ်လိုက်ရင် အခြားနောက်တစ်လုံးနဲ့ ထပ်ပို့တယ်၊ နောက်ဆုံးဆင်းကတ်ကို ဖြုတ်ထားလိုက်ရတယ်”လို့ သူရဲ့ကြုံတွေရတာကို ပြောပြပါတယ်။

အွန်လိုင်းအခြေပြုပညာသင်ကြားရေးဖြစ်တဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူဦးကောင်းဆက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်နေပေမယ့် လက်ရှိအခြေအနေအထိ ဘယ်သူကမှ အတည်ပြုခြင်းမရှိသေးပါဘူး။

လက်တလောမှာတော့ Kaung For You Education Pageဟာ လူမှုကွန်ရက်စာမျက်နှာက ဖြုတ်ချထားပြီး ကျောင်းဘက်တာဝန်ရှိသူတွေနဲ့ တစ်စုံတစ်ရာထုတ်ပြန်ကြေညာတာတွေ ယနေ့အချိန်ထိမပြုလုပ်သေးဘူးလို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #KaungForYou

Related posts

Leave a Comment

VOM News

FREE
VIEW