သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ ထိုင်းနိုင်ငံမှာ ယာယီခိုလှုံနေ ၊ နေထိုင်သမျှကာလအတွင်း ဟိုတယ်ကနေ အပြင်မထွက်ဖို့ တာ၀န်ရှိသူတွေ ညွှန်ကြားထား

ကိုလံဘို၊ သြဂုတ်-၁၂-၂၀၂၂
မျိုးဆက်(VOM)

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာရှိတဲ့ ဟိုတယ်တခုမှာ တည်းခိုနေထိုင်နေပြီး သူ့ရဲ့လုံခြုံရေးအရ အပြင်မထွက်ဖို့ ရဲတွေက အကြံပြု ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်တွေက သြဂုတ် ၁၂ ရက်မှာပြောပါတယ်။

သူဟာ အခြားသူသုံးဦးနဲ့အတူ စင်ကာပူနိုင်ငံကနေ စင်းလုံးငှားလေယာဉ်တစင်းနဲ့ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်နဲ့ ကပ်ရက်မှာရှိတဲ့ တပ်မတော်လေဆိပ်ကို သြဂုတ် ၁၁ ရက် ည ၈ နာရီမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်းနဲ့အဖွဲ့ဟာ ကနဦးမှာ ဖူးခက်မှာလေယာဉ်ဆင်းသက်ဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ သတင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် ဘန်ကောက်ရှိ စစ်တပ်လေဆိပ်ကို လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပါတယ်။

လက်ရှိနေထိုင်တဲ့ ဟိုတယ်နေရာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် သူ့ရဲ့လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့က အရပ်၀တ်ရဲတွေကို ဖြန့်ကြက်ထားပြီး ထိုင်းနိုင်ငံမှာ နေထိုင်စဉ်ကာလအတွင်း အပြင်မသွားဘဲ ဟိုတယ်မှာပဲနေဖို့ တာ၀န်ရှိသူတွေက ညွှန်ကြားထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆိုးရွားလှတဲ့ စီးပွားရေးအကျပ်အတည်းပေါ် အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် နိုင်ငံကနေ မော်လ်ဒိုက်ကို ထွက်ပြေးခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ စင်ကာပူကိုရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ယာယီခိုလှုံနေတာဖြစ်ပါတယ်။

Ref: Bangkok Post
Photo: Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW