တိုက်ပွဲရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရ

သြဂုတ် ၊ ၁၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲက ရွာပေါင်း ၅၀ ကျော်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေရဲ့ နေအိမ်တွေဟာ ဖောက်ထွင်းခံရပြီး အိမ်တွင်း အဖိုးတန်ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။

” ဟိုဘက်ရွာကို စစ်ကြောင်းရောက်ရင် ဒီဘက်ရွာက ပြေးမိအောင် ပြေးရတာပါ ၊ အဲ့ဒီလို ထွက်ပြေးတဲ့အခါ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း စတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို အဓိကထားယူပြေးရတယ် ၊ ကိုယ်လွတ်ရုန်းပြီး အသက်လုပြေးရတာဆိုတော့ တနိုင်ဝန်ပဲယူနိုင်တယ် ၊ ပြေးရတာက သုံးလေးရက်ကြာတယ် ၊ ရွာကိုပြန်လာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေ တွေ့ရသလို ၊ မီးရှို့မခံရတဲ့ အိမ်တွေက ဖောက်ထွင်း ခိုးယူခံရတာ တွေ့ရတယ် ” လို့ ဒီပဲယင်းမြို့နယ် ကိုင်းကန်ရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ရာဇဂြိုလ်ရွာခံ တယောက်က ” အခုလ ၅ ရက်က ရွာဘက်မှာ ပစ်ခတ်တာတွေရှိတယ် ၊ တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ၂ ရက်ကြာတော့ ရွာကိုပြန်လာတဲ့အခါ ၊ ရွာက လူနေအိမ် ၁၈ လုံး မီးရှို့ဖျက်ဆီးထားတာတွေ့ရတယ် ၊ အဲ့ဒီအပြင် မီးရှို့မခံရတဲ့ ၇ အိမ်က ဖောက်ထွင်းခံထားရပြီး တန်ကြေးရှိ ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပျောက်နေတယ် ၊ ခိုးယူခံထားရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ရေဦးမြို့နယ် ၊ တင်းတိန်ရန်ရွာခံ ကာယကံရှင် တယောက်ကလည်း ” တိုက်ပွဲရှောင်ပြေးနေတဲ့အခါ အိမ်ကတော့ မီးရှို့ဖျက်ဆီးတာ မခံရဘူး ၊ အိမ်ထဲက တန်ကြေးရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရတယ် ၊ မင်္ဂလာဦး ဝတ်စုံတွေရော ၊ ကလေးမုန့်ဖိုးစုဗူးကိုပါမကျန် အကုန်မွှေနှောက် ခိုးယူခံရတယ် ၊ ပြေးနေရတာဆိုတော့ ဘယ်သူတွေ ခိုးတယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး ” လို့ ပြောပါတယ်။

အဲ့ဒီလို တိုက်ပွဲရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာ နဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် သိရတာက ရွာပေါင်း ၅၀ ကျော်က နေအိမ်တွေဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီလို ဖောက်ထွင်းခိုးယူခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကိုယ်တိုင် ဆက်သွယ်ပြောကြားလာတဲ့ ရွာတွေကတော့ ကလေးမြို့နယ် ၊ ရာဇဂြိုလ်ရွာ ၊ သာယာကုန်းရွာ ၊ နတ်ချောင်းရွာ ၊ လယ်ကြီးရွာ ၊သံဖိုရွာ တွေအပြင် ယင်းမာပင်ခရိုင် ၊ ကနီမြိုနယ်ထဲက ကင်းအုပ်စု ၊ အထက်ကင်း ၊ ဘုမ္မဇင်းအုပ်စု ၊ ချမ်းသာစု ၊ နတ်ကြီးအုပ်စု ၊ ဝက်​ချောင်းကြီး ၊ ရွာသာ ၊ ဝက်​ချောင်း​လေး ၊ ကဲ​ဒေါင့်အုပ်စု ၊ ကင်း​တောင်အုပ်စု ၊ သရက်​တော ၊ ဆင်စမ်း ၊ လက်ပံစု စတဲ့ ရွာ တွေဖြစ်ပါတယ်။

ဒီရွာတွေအပြင် ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်မှာကတော့ ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော ၊ တောင်ယာဆိပ် ၊ ဘအင်း ၊ ပေကုန်း ၊ လယ်လှ ၊ ကုက္ကိုလ်ကုန်း စတဲ့ ရွာပေါင်း ၁ ဒါဇင်ကျော်ကလည်း ပြောပါတယ်။

ရွှေဘိုခရိုင် ၊ ရွှေဘို​မြို့နယ် နဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆားတောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး၊ သရက်ပင်ဆိပ်၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ရွာတွေမှာလည်း အလားတူ ဖြစ်ပွားတာတွေရှိပါတယ်။ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် အကြား မူးမြစ်ဝှမ်းဘက်က ၊ ပေါင်ချိုင်ရွာမ ၊ တည်ပင်ရွာ ၊ သန်းတောရွာ ၊ ရေကြည်ဝရွာ ၊ မူးကမ်းကြီးရွာနဲ့ ရေကြည်ဝရွာတွေဘက်မှာလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရွာတွေက လူနေအိမ် ၂ ရာကျော်ဟာ တိုက်ပွဲရှောင်ဖို့ ပြေးလွှားနေရင်း အိမ်တွေ ဖောက်ထွင်း ခိုးယူခံရတဲ့အတွက် ရွှေထည်ပစ္စည်းတွေ ၊ အဝတ်အထည်တွေ ၊ ပိုက်ဆံတွေ ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေ ၊ ဆိုင်ကယ်တွေ စတာတွေ ပါသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲရှောင်တဲ့အခါ ရွာအစောင့်ကျန်ခဲ့ရင်လည်း ဖမ်းခံရတာ အသတ်ခံရတာရှိတဲ့အတွက် ရွာလုံးကျွတ်လိုလို တိမ်းရှောင်ရတာမို့ မသမာသူတွေက ထင်တိုင်းကျဲခွင့်ရနေတာဖြစ်တယ်လို့ ခံရတဲ့ ဒေသခံတွေက ပြောကြပါတယ်။

#voiceofmyanmar #VOM #တိုက်ပွဲရှောင်တွေရဲ့နေအိမ်တွေဖေါက်ထွင်းခိုးယူခံရ

Related posts

Leave a Comment

VOM News

FREE
VIEW