ဂန့်ဂေါမြို့နယ်မှာ ကျောင်းဆရာမ ၂ ဦး အသတ်ခံရပြီး ၁ နှစ်အတွင်း လူသတ်မှု ၁ ရာကျော်ခဲ့

သြဂုတ် ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ မင်းရွာ ကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာမ ၂ ဦးဟာ မနေ့ သြဂုတ် ၁၈ ရက်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ ကျောင်းဆရာမ ၂ ဦးကတော့ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း နဲ့ ဆရာမ ဒေါ်ယမင်းအေး တို့ဖြစ်တယ် ” လို့ မင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ကျောင်းဆရာမ ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မနေ့ကလူမှုကွန်ရက် ပေါ်မှာ ” စစ်တပ်ကို သတင်းပေးနေတဲ့ ဒလန်ဖြစ်တာကြောင့် ဆက်ပြီးမလုပ်ကြရန် အကြိမ်ကြိမ် သတိပေးပြီးနောက် ရှင်းလင်းလိုက်ရတာ ဖြစ်တယ် ” လို့ CDF- KKG Battalion-5 Gangaw Region အဖွဲ့က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ဂန့်ဂေါ ရဲစခန်းက ရဲမေ မခိုင်ဇာခြည်လွင်နဲ့ ရဲတပ်သား ဖြိုးသက်ကျော် ဆိုသူအပြင် သူ့ရဲ့ညီဖြစ်သူ မောင်နိုင်ဝင်းထွန်း တို့ ၃ ဦးဟာ ဆိုင်ကယ်နဲ့ နယ်မြေသတင်းစုံစမ်းနေချိန် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရဲမေ မခိုင်ဇာခြည်လွင် အသတ်ခံရပြီး ကျန် ရဲ ၁ ယောက်နဲ့ သူရဲ့ ညီဖြစ်သူတို့ ၂ ယောက်ဟာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာ အကြား ၊ ရဲလှရွာ လမ်းခွဲ နေရာအနီးမှာ ဂန့်ဂေါမြို့ကနေ လစာထုတ် အစည်းဝေး တက်ပြီးပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ယောက် ၊ ရွာစာရေး ၁ ယောက် ၊ ပညာရေးဝန်ထမ်း ကျောင်းဆရာမ ၁ ယောက်နဲ့ကျန်းမာရေးဝန်ထမ်း သူနာပြု ဆရာမ ၂ ယောက် ၊ ပေါင်း လူ ၆ ယောက် လိုက်ပါလာတဲ့ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ပြီး သေဆုံးသူ ရုပ်အလောင်းတွေနဲ့ ကားကိုပါ မီးရှို့ခဲ့တဲ့ ဖြစ်စဥ်ပေါ်ပေါက်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဇူလိုင် ၉ ရက် မနက်အစောပိုင်းက ဂန့်ဂေါ ကလေး ကားလမ်း ကုက္ကားကျေးရွာက စိုက်ပျိုးရေး ဆေးနဲ့ စိုက်ပျိုးရေး ပစ္စည်း အရောင်း ကိုယ်စားလှယ်ရဲ့ နေအိမ်မှာ တည်းခိုနေတဲ့ စိုက်ပျိုးရေး သိပ္ပံကျောင်း(ပွင့်ဖြူမြို့)ဆင်း စိုက်ပျိုးရေး ပညာရှင် ကိုဝေယံကျော် ၊ ကိုသန့်ဇင်ကိုနဲ့ အိမ်ရှင် ဒေါ်သီတာ တို့ ၃ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်တာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၀ ရက်ဝန်းကျင်က ဂန့်ဂေါ ကလေးကားလမ်း ထယ်လှော်ရွာနဲ့
ဘော်ပြင်းရွာအကြား ဝါးရှင်းချောင်းအနီးက ဒလန်လို့ စွပ်စွဲခံထားရတဲ့ လေထိုးကျွတ်ဖာ လုပ်ငန်း လုပ်ကိုင်သူ မိသားစုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်တဲ့အတွက် ဆိုင်ရှင် လင်မယား သေဆုံးခဲ့ရတဲ့ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့ပါတယ် ။

အဲ့ဒီ လူသတ်မှုတွေ အပါအဝင် ဂန့်ဂေါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဒီနှစ် သြဂုတ်အထိ လူသတ်မှုဖြစ်စဥ် ၁ ရာ ကျော်ရှိပြီး သေဆုံးသူ ၁၀ ဒါဇင်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၈ လအတွင်း နိုင်ငံအဝှမ်းမှာ အစိုးရဝန်ထမ်း သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရ ၁၁၃ ဦး ၊ ပညာရေးဝန်ထမ်း သေဆုံးသူ ၄၈ ဦး၊ ဒဏ်ရာရ ၄၇ ဦးကျန်းမာရေးဝန်ထမ်း သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရ ၁၇ ဦးအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ သေဆုံး ၅၇၇ ဦး၊ ဒဏ်ရာရ ၃၇၂ ဦး ၊ ရဟန်း/သံဃာ/သီလရှင် သေဆုံး ၅၂ ဦး၊ ဒဏ်ရာရ ၂၄ ဦးကလေးသူငယ် သေဆုံး ၇၈ ဦး၊ ဒဏ်ရာရ ၂၁၀ ဦး ၊ အပြစ်မဲ့ပြည်သူ သေဆုံး ၂၆၉၀ ဦး၊ ဒဏ်ရာရ ၂၃၂၃ ဦး ၊ စုစုပေါင်း သေဆုံးသူ ၃၄၈၃ ဦးနဲ့ ဒဏ်ရာရရှိခဲ့သူ ၃၁၀၆ ဦးရှိခဲ့ပြီဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ #ဝန်ထမ်းတွေသတ်ဖြတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW