တမူးမြို့မှာ စီးပွားရေး လုပ်ငန်းရှင် ၈ ဦး အဖမ်းခံရပြီးနောက် မြို့ခံလုပ်ငန်းရှင်တချို့ နေရပ်စွန့်ခွာ

ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့မှာ မနေ့ ဒီဇင်ဘာ ၉ ရက်က နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းရှင် ၈ ဦးထက်မနည်း အဖမ်းခံရပြီးနောက် စီးပွားရေး လုပ်ငန်းရှင်တချို့ နေရပ်စွန့်ခွာ နေထိုင်လျက်ရှိတယ်လို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်း ဆီက သိရပါတယ်။

” တမူးမြို့မှာ အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးခံနေရတဲ့ လုပ်ငန်းရှင်တွေကတော့ ၊ တမူး စော်ဘွား အမှတ် ၄ ရပ်ကွက်နေ ဦးကျော်ဆန်းမင်း ဆိုင်ကယ်ပြုပြင်ရေးနဲ့ အပိုပစ္စည်းဆိုင် ၊ စျေးတန်း အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ဦးဇော်သန့် ကွန်ပျူတာနဲ့ လျှပ်စစ် ပစ္စည်းဆိုင် ၊ မြို့မ အမှတ် ၅ ရပ်ကွက်နေ ဦးညွှန့်ဦး ၊ ဦးအောင်ချမ်းသူ ၊ ဦးနန္ဒထူးအောင် ၊ ဦးဝင်းထွဋ်အောင် ၊ ဦးကျော်ဆန်းလင်း ၊ဒေါ်တင်တင်လှ အပါအဝင် လုပ်ငန်းရှင် ၈ ဦးဖြစ်တယ် ” လို့ တမူးမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ လုပ်ငန်းရှင် ၈ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၈ ရက်က လုပ်ငန်းရှင် ၅ ဦး နဲ့ မနေ့ ဒီဇင်ဘာ ၉ ရက် က ၃ ဦး ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

တမူးမြို့က စီးပွားရေး လုပ်ငန်းရှင်တချို့ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်လို့ တမူးခရိုင် လုံခြုံရေးနဲ့ နီးစပ်သူ တယောက်က

” တမူးနယ်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်နေတယ် ၊ အဲ့ဒီ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့နေတယ်လို့ သံသယရှိတဲ့သူတွေကို သက်ဆိုင်ရာက စစ်ဆေးနေတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် တမူးမြို့ခံ နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းရှင် တချို့ဟာ တမူးမြို့ကို စွန့်ခွာပြီး ၊ မုံရွာ ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ နေပြည်တော်နဲ့ ရန်ကုန် စတဲ့ မြို့တွေဘက်ကို ပြောင်းရွေ့နေထိုင်ကြတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။

” တမူးမှာ လူသတ်မှုနဲ့ လုယက်မှု ဖြစ်စဥ်တွေက မကြာခဏ ဖြစ်ပွားတယ် ၊ နောက်ပြီး သက်ဆိုင်ရာက သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးတယ် ၊ အဲ့ဒါကြောင့် လုပ်ငန်းရှင်တချို့က ကြားညှပ်မခံရအောင် တခြားမြို့တွေကို ပြောင်းရွေ့နေထိုင်ကြတာဖြစ်တယ် ” လို့ တမူးမြို့ခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တမူးမြို့ ၊ မြို့ရှောင်လမ်း တနေရာမှာ အမျိုးသမီး တယောက် ပစ်သတ်ခံရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်ပျန့်နှံ့လာပါတယ်။

ဒါ့အပြင် တမူးမြို့မှာ အိန္ဒိယ – မြန်မာ ငွေလွဲလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး လုပ်ငန်းရှင် တယောက် ဖမ်းဆီး ပစ်သတ်ခံရပြီး ရူပီးငွေ ၃ သိန်းကျော် ၊ ဆိုင်ကယ် ၊ လက်ကိုင်ဖုန်းတွေ လုယူခံရတဲ့ လူသတ် လုယက် ဖြစ်စဥ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #တမူးစီးပွားရေးလုပ်ငန်းရှင်

Related posts

Leave a Comment

VOM News

FREE
VIEW