သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် ၇ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၁၂-၂၀၂၂
MM (VOM)

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ အရင်က ထောင် ၅ နှစ်ချမှတ်ခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ရာဇသတ်ကြီးပုဒ်မ – ၁၂၄(က)နဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၇နှစ်နဲ့ ငွေဒဏ် ၁ သောင်း ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီက သိရပါတယ်။

”ဆရာစည်ကို ပုဒ်မ ၁၂၄(က)နဲ့ အထူးတရားရုံး ကနေ ထောင်ဒဏ် ၇ နှစ်ထပ်ချတာပါ ၊ ၉ ရက်နေ့ကအမိန့်ချတာ ရွှင်ရွှင်လန်းလန်းပါပဲ ၊အရင်က ၅၀၅(က) နှစ်မှုက ထောင်ငါးနှစ်ချထားတော့ စုစုပေါင်း ထောင် ၁၂ နှစ်ဖြစ်သွားပါပြီ၊ အခုလို သူ့အပေါ်ထောင်ဒဏ်တွေ ထပ်ခါ ထပ်ခါချနေတာကို ဆရာ ဦးစည်က ဘာတစ်ခုမှကို တုန့်ပြန်တာမရှိဘူး။”လို့ သူကပြောပါတယ်။

အခု ထောင်ဒဏ်ထပ်ချခံရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင်ကို နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ပြီး ၆ လကျော် ၂၀၂၁ ခုနှစ် ဩဂုတ်လက ဗဟန်းမြို့နယ်က နေအိမ်တစ်အိမ်မှာ BBC Media Action အစီစဉ်တင်ဆက်သူ မထက်ထက်ခိုင်နဲ့တူ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဦးစည်သူအောင်မြင်နဲ့ ရင်းနှီးသူတဦးကပြောပါတယ်။

”ကိုစည်သူအောင်မြင့်နဲ့ မထက်ထက်တို့ကို အိမ်တလုံးထဲမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အဖမ်းခံထားရတာ ၊ ကိုစည်သူအောင်မြင့်က ၁၉၈၈ အရေးအခင်းနောက်ပိုင်း အချိန်ကနေ ဝေဖန်ထောက်ပြတဲ့ သတင်းဆောင်းပါးတွေ ရေးသားခဲ့တဲ့ ဝါရင့်သတင်းစာ ဆရာတစ်ဦးဖြစ်တယ် ၊သူတတ်ကျွမ်းတဲ့ပညာနဲ့ ပြည်သူတွေကို အကျိုးပြုသူပါ ၊၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေမှာလည်း ဒီမိုကရက်တစ်မြန်မာ့အသံ DVB အတွက် ပြင်ပဆောင်းပါးတွေ ရေးသားတင်ဆက်ခဲ့သလို တိုင်းပြည်အပြောင်းအလဲဖြစ်ချိန် ၂၀၁၂ ခုနှစ်နောက်ပိုင်းကစလို့ Skynet Up to Date သတင်းဌာနမှာ အယ်ဒီတာချုပ်နဲ့ ဒု အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ် ၊ဖမ်းဆီးခံရချိန်မှာလည်း VOA မြန်မာပိုင်းသတင်းဌာနအတွက် ပြင်ပဆောင်းပါးရှင်တဦးအနေနဲ့ ဝေဖန်သုံးသပ်ချက်တွေ ရေးသားတင်ဆက်ခဲ့သူ ဖြစ်တယ် ၊ အခု အချိန်မှာ တစ်ခုပဲပြောချင်တယ်၊သူ့အတွက် အချိန်တွေ နှမျောတယ်။”လို့ သူက ဆက်ပြောပါတယ်။

ထောင်ဒဏ် ၁၂ နှစ်အထိ ထပ်ချခံရတဲ့ဦးစည်သူအောင်မြင်ဟာ လက်ရှိ ကျန်းမာရေးကောင်းမွန်နေတယ်လို့သိရပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေ စတင် ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ နိုင်ငံတဝှမ်းမှာ သတင်းဌာနပေါင်း ၄၀ ကျော်ကနေ သတင်းသမား အယောက် ၁၅၀ ကျော် အဖမ်းခံထားရပြီး လွတ်ငြိမ်းချမ်းသာနဲ့ ၉၅ ဦးသာ ပြန်လည်လွှတ်မြောက်လာသေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် အဖမ်းခံထားရသူတွေထဲက လူငယ် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ အဖမ်းခံရပြီး ရက်အနည်းအငယ်အကြာ စစ်ကြောရေးမှာသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဦးစည်သူအောင်မြင့် #ထောင်ဒဏ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW