ဧရာဝတီလင်းပိုင်မျိုးတုန်းမှု ကာကွယ်ဖို့ ဧရာဝတီလင်းပိုင်ဇုန်ကို တိုးချဲ့သတ်မှတ်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ လင်းပိုင်ဇုန်များကို တိုးချဲ့သတ်မှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန် ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ၊တူးချောင်းကျေးရွာဘက်ကမ်းနှင့် တူးချောင်းကျေးရွာကနေ သပြေလှကျေးရွာထိ ၊ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကနေ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အထိ ဧရာဝတီမြစ်ပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ထပ်မံတိုးချဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း ရေလမ်းကြောင်း ပိတ်ဆို့ ချထားတဲ့ တန်းပိုက်၊ အလျား ၃၀၀ ထက်ပိုသည် မျောပိုက်များ၊ ဘက်ထရီကျင်စက်၊ မီးစက်နဲ့ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ မိုင်းခွဲ ငါးဖမ်းဆီးခြင်း စတဲ့ ကိရိယာတွေနဲ့ ငါးဖမ်းတာတွေမလုပ်ဖို့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိရင် ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူ ခံရမှဖြစ်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါ့အပြင် ရေလုပ်သားတွေဟာ ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ ရောင်းဝယ်တာတွေ မလုပ်ဖို့နဲ့ ဧရာဝတီလင်းပိုင်ကြီးတွေနဲ့ ဧရာဝတီလင်းပိုင်သားပေါက်တွေကို ဖမ်းမိရင် ချက်ခြင်း ပြန်လွှတ်ဖို့ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်း ငါးပေါက်ဖွားဖို့ အရေးပါတဲ့ ရေတိမ်သောင်ခုံတွေ၊ ကျူတော ကိုင်းတောတွေပျက်စီးတာတွေ ဓါတုဆေးဝါးနဲ့ ဓါတ်သတ္တုပစ္စည်းတွေ မြစ်ထဲ စွန့်ပစ်ခြင်းတာ လုံးဝမလုပ်ကြဖို့ တားမြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒီနှစ် ဖေဖ၀ါရီလက ကောက်ယူထားတဲ့ စစ်တမ်းအရ မန္တလေးကနေ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ထဲမှာ ကျက်စားနေတဲ့ ဧရာဝတီလင်းပိုင် အကောင်ရေဟာ ၇၀ ခန့်ရှိကြောင်းသိရပါတယ်။

ဓါတ်ပုံ World Wildlife Fund

Related posts

Leave a Comment

VOM News

FREE
VIEW