ဆူးငှက်
အရှေ့ကျုံးလမ်းသည် မန္တလေး၏ အလှဆုံး လမ်းတစ်လမ်းဖြစ်၏။ ယခုကဲ့သို့ ကျုံးပတ်ခြောက်လမ်းသွား မဖောက်လုပ်မီကပင် အရှေ့ကျုံးလမ်းသည် လမ်းအရည်အသွေး ကောင်းမွန်လှသည်။ လမ်း၏ အရှေ့ဘက်ခြမ်းမှာက အရိပ်ကောင်းလှသော မန်ကျည်းပင်၊ ကုက္ကိုပင်ကြီးတွေ တန်းစီနေသည်။ လူနေအိမ်ခြေ မရှိသလောက် နည်းပါးလှပြီး ခြံဝင်းကျယ်၊
ကွင်းပြင်ကျယ်ကြီးများသာ ရှိသောကြောင့် ရန်ကင်းတောင်နှင့်အရှေ့ရိုးမကို လှမ်းမျှော်ကြည့်နိုင်၏။အောင်ပင်လယ်၏ ကောက်သင်းရနံ့လေလည်း အတားအဆီးမရှိ ဒလဟောဝင်နိုင်သည့် လမ်းမကြီးဖြစ်သည်။ ညဦးပိုင်းကာလများရောက်လျှင် လူပျိုပေါက်အရွယ် ကျွန်တော်တို့တွေသည် စက်ဘီးအုပ်ကြီးဖြင့် အရှေ့ကျုံးလမ်း တစ်လျှောက်မှာ သီချင်းတွေ အောဟစ်သီဆိုခဲ့ရသော ငယ်ဘဝများကိုလည်း သတိရမိသည်။
အနောက်တောင် ကျုံးထောင့် ကျုံးရေစပ် တံတားလေးပေါ်မှာ လူစုကြပြီး စက်ဘီးကိုယ်စီဖြင့်
အရှေ့သို့တက်သည်။ အရှေ့ကျုံးထောင့်ရောက်တော့ မြောက်ဆီဦးတည်၍ စက်ဘီးနင်းကြသည်။
မာကျူရီမီးလုံးရောင်အောက်တွင် ပိုးပုရစ်သံလေးသာ ဟိုမှသည်မှ ပေါ်ထွက်နေပြီး အရှေ့ကျုံးလမ်းသည် တိတ်ဆိတ်ခြင်းသာ မင်းမူနေတော့သည်။ ထိုအခါ ကျွန်တော်တို့သည် စိတ်ရှိလက်ရှိ ရင်ထဲရှိသမျှ သီချင်းတွေကို ဖွင့်အံကြတော့သည်။
အခု အငြိမ်းစား သစ်တောဦးစီးအရာရှိ သူငယ်ချင်းကျော်ရွှေက တွံတေးသိန်းတန်သီချင်းတွေ အစုံရသည်။ သူသီဆိုသော ““မြသီတာ အကြိုထောက်ပေမယ့်””ကို ကျွန်တော်တို့ လွမ်းဆွတ်စွာ နားထောင်ရ၏။ အခုလို တွံတေးသိန်းတန် ကွယ်လွန်သွားချိန်တွင် ကျွန်တော်က ကျော်ရွှေကို သတိရနေသည်။ သူရှိလျှင် ကျွန်တော်သည် အရှေ့ကျုံးလမ်းသို့ ခေါ်သွားပြီး ““ထွေးညို””ကို စကားပြောတွေနှင့် သီဆိုခိုင်းမည်။ ““နှမလက်လျှော့နေလေတော့””ကို ဆိုခိုင်းမည်။ တွံတေးအလွမ်းပြေ အမှတ်တရပါ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်းပေါ့။ ကျွန်တော်တို့သည် သီချင်းတွေ မကုန်မချင်း အရှေ့ကျုံးလမ်းပေါ်မှာ ဘယ်နှခေါက်မှန်းမသိ ခေါက်တုံ့ခေါက်ပြန် စက်ဘီးနင်းကြသည်။ အခုအချိန်အထိ အရှေ့ကျုံးလမ်းပေါ်ရောက်တိုင်း သီချင်းသံလေးတွေ ကြားယောင်နေမိ၏။
မန္တလေးမှာ မပြောင်းမလဲနှင့် ယခင်ရှေးအခါကအတိုင်း ရှိနေသေးတာ ဘုန်းကြီးကျောင်းဝင်းကြီးများဖြစ်ပါသည်။ မန္တလေး ဘုန်းကြီးကျောင်းဝင်းကြီးတွေက ပြပေါက်နီးပါးကျယ်ကြသည်။ ခရေပင်ကြီးတွေ၊ သရက်ပင်ကြီးတွ၊ မန်ကျည်းပင်၊ ကုက္ကိုပင်တွေနှင့် အုံ့ဆိုင်းနေလေ့ရှိ၏။ ခရေပင်ကြီးများအောက်မှာ မြေတလင်းပာင်ပြောင်က တပြန့်တပြောရှိသည်။ မနက်စောစော ကတည်းက ခရေပွင့်လေးတွေ တဖွေးဖွေးကြွေကျနေသည်။ ဘုန်းကြီးကျောင်းဝင်းထဲဖြတ်ပြီး ဈေးသွားဈေးပြန်သူတွေ၊ဆွမ်းပို့ ကွမ်းပို့သူလေးတွေက ခရေပန်းတွေကာက်နေကြ၏။ ဘုန်းကြီးကျောင်းဝင်းထဲက ထိုမြင်ကွင်းလေးတွေက မမေ့နိုင်စရာ။
အရှေ့ကျုံးလမ်းမှာလည်း ဘုန်းကြီးကျောင်းဝင်းကြီး တစ်ဝင်းရှိပါသည်။ နန်းရှေ့ဈေး၏ အနောက်ဘက်တွင်ရှိပြီး မဟာဝိသုကာရာမတိုက် မဟာတုလွှတ်ဘုံစံကျောင်းဟု ဘွဲ့တော်ရသည်။ မန္တလေးမြို့ကတော့ ““တိုက်တော်””ဟုပဲ ခေါ်ကြသည်။ မန္တလေးရတနာပုံမြို့သစ်နန်းသစ် တည်ကတည်းက တစ်ချိန်တည်း မြို့လေးပြင်လေးရပ်တွင် ရဟန်း သံဃာတော်များအတွက် ကျောင်းတိုက်ကြီးများ ပေကွက်ချ၍ ဆောက်လုပ်ခဲ့၏။ မြို့ မတည်မီက အမရပူရမြို့တွင် အပါအဝင်ဖြစ်သော ကျောင်းတိုက်အချို့သည် မန္တလေးရွှေမြို့တော်နယ်အတွင်း ပါဝင်လာ၏။
သက္ကရာဇ် ၁၂၄၃(၁၈၈၁)ခုနှစ် သီပေါမင်း၏ ကထိန်တော် စာရင်းအရ အမရပူရတွင် ကျောင်းတိုက် ၄၄ တိုက်၊ကျောင်းပေါင်း ၁၅၉ ကျောင်း၊ မန္တလေး လေးပြင်လေးရပ်တွင် ကျောင်းတိုက် ၁၅၄ တိုက်၊ ကျောင်းပေါင်း ၁၂၅၇ ကျောင်းရှိသည်ဆို၏။ စုစုပေါင်းကျောင်းတိုက် ၁၉၈တိုက်ရှိသည်။ တောင်ခွင်သာသနာပိုင်လက်ထက်တွင် မဟာဒါန်စာရေးများ စာရင်းအရ မန္တလေး လေးပြင်လေးရပ်တွင် ကျောင်းတိုက်ပေါင်း ၈၅၀ ရှိသည်ဟု ဆို၏။ ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ထုတ် တိုးတက်ရေးသတင်းစာမှာတော့ မန္တလေးမှာ ကျောင်းတိုက်ပေါင်း ၁၇၉တိုက်၊ ကျောင်းပေါင်း ၁၀၂၇ တိုက်ရှိသည်ဟု ဖာ်ပြထားသည်။
ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ ““မန္တလေးရပ်ကွက်သမိုင်း”” သုတေသနစာတမ်းတွင် မန္တလေးကျောင်းတိုက်ကြီးများ စာရင်းနှင့်ပတ်သက်၍ မန္တလေးမြို့အရှေ့မျက်နှာတွင် ကျောင်းတိုက်ကြီးပေါင်း၂၀၊မြောက်မျက်နှာတွင် ကျောင်းတိုက်ကြီးပေါင်း ၁၃ တိုက်၊ မန္တလေး အနောက်ပြင်တွင် ၄၁ တိုက်၊ မန္တလေးတောင်ပြင်တွင် ၄၁ တိုက်၊ မန္တလေးတောင်မြောက်ဘက်တွင် ငါး တိုက်၊ မန္တလေးတောင်အရှေ့ဘက်တွင် ငါးတိုက်၊ မန္တလေးတောင် အနောက်ဘက်နှင့် မြောက်ဘက်တွင် ကိုးတိုက် စုစုပေါင်း ၁၃၄ တိုက်ရှိကြောင်း သုတေသနပြု ရေးသားထားပါသည်။
××××× ×××××
ရတနာပုံ မန္တလေး၏ အရှေ့ပြင် အတုလဝေယန် အတုမရှိကျောင်းတိုက်ကြီး၏ အရှေ့ဘက်တွင်
ရွှေနန်းတော်ကျောင်းကြီး တည်ရှိပြီး အဆိုပါကျောင်း၏ အရှေ့ဘက် လမ်းခြားလျှက် ကြီးကျယ်ခမ်းနားလှသော ကျောင်းကြီး တစ်ကျောင်းလည်း ရှိပါသေး၏။ ကိုယ့်ထီးကိုယ့်နန်းနှင့် အချုပ်အချာ အာဏာပိုင်စဉ်အခါက ရွှေမှန်ကင်းဖြစ်ခဲ့သော အဆိုပါ မဟာဝိဇယာ ပုညတိုက်၊ မဟာစံလွတ်ဝေယန်ကျောင်း (ခေါ်) အရှေ့မှန်ကျောင်းကြီးသည် သံသရာ တစ်ကွေ့တွင် မထင်မှတ်သော အပြောင်းအလဲ င့် ကြုံဆုံခဲ့ရ၏။
၁၂၄၇ခုနှစ် (ခရစ်နှစ် ၁၈၈၅ခုနှစ်)တွင် ပါတော်မူပြီး အင်္ဂလိပ်လက်အောက် ရောက်သောအခါ မန္တလေးမြို့က ကြီးကျယ်ခမ်းနားလှသည့် ဘုန်းတော်ကြီးကျောင်းကြီးများတွင် အင်္ဂလိပ်တပ်များ ဝင်ရောက်နေထိုင် တပ်စွဲခဲ့ကြသည်။ မိဖုရားကြီးစုဖုရားလတ် ကုသိုလ်တော်ဖြစ်သော မန္တလေးအရှေ့ပြင် “မဟာဝိဇယာပုညတိုက်၊ မဟာစံလွတ်ဝေယန်ကျောင်း (ခေါ်)အရှေ့မှန်ကျောင်းကြီး၏ အနောက်ဘက်ဘောဂဆောင်အနီးတွင် ပါတော်မူအပြီး တစ်လကျော်အကြာ ၁၈၈၅ခုနှစ် ဒီဇင်ဘာ၂၅ရက်နေ့ မနက်က ဟမ့်ပ်ရှိုင်းယားတပ်ရင်းက ဗြိတိသျှစစ်သည်များ ခရစ်စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲပင် ကျင်းပခဲ့ကြသည်။ ဆုတောင်းပွဲ အခမ်းအနားကို မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံဆရာ Willoughby Wallace Hooper က ” ဤတပ်ရင်းသည် နန်းမြို့ရိုး၏ အရှေ့မြောက်ဘက်ရှိ များပြားစွာသော ဘုန်းကြီးကျောင်းများအနက်မှ အချို့တွင် စခန်းချနေကြသည်။ ဤအဆောက်အအုံများသည် စစ်သည်များအတွက် အဓိက စစ်တန်းလျားများဖြစ်နေသည်။ ဗြိတိသျှစစ်သည်များအနေဖြင့် ကြည့်မှန်အပိုင်းအစများ စီချယ်ပြီး ရွှေပိန်းချထားခြင်းကြောင့် တညီးညီး ဝင်းထိန်နေသော ဤကဲ့သို့ အဆောက်အအုံများတွင် စခန်းချဖူးကြမည် မဟုတ်ပေ။ ယနေ့ ဝတ်ပြုဆုတောင်းပွဲကို အခြား တနင်္ဂနွေ နံနက်ခင်း
ဆုတောင်းဝတ်ပြုပွဲများ ကဲ့သို့ပင် ဤအဆောက်အအုံများ၏ အပြင်ဘက် လဟာပြင်တွင် ကျင်းပကြသည်။ မည်သည့် အချိန်တွင် တပ်လှန့် အချက်ပေးသံ ကြားရမည်ကို မသိနိုင်သည့်အတွက် လက်နက်အပြည့်အစုံ တပ်ဆင် ကိုင်စွဲလျက်ပင် ကျင်းပကြသည်။ ဤအဆောက်အအုံများကို ကုသိုလ်ရရန် ရည်ရွယ်လျက် တည်ဆောက်ထားခြင်းဖြစ်သည်။
သို့သော် တည်ဆောက်(လှူဒါန်း)ခဲ့သူများ အနေဖြင့် တစ်နေ့နေ့ ဤနေရာများတွင် ဗြိတိသျှ စစ်သည်များက ခရစ်စမတ် ဓမ္မတေးများ သီဆိုကြလိမ့်မည်ဟု နည်းနည်းမှတွးမိခဲ့ကြမည်မဟုတ်ပေ”ဟု မှတ်တမ်းဓာတ်ပုံ၏ ပုံစာညွှန်းတွင် ရေးထားခဲ့သည်။
××××× ×××××
အရှေ့ကျုံးလမ်းတွင်ရှိသော““တိုက်တော်””ကျောင်းတိုက်ကြီးမှာမူ အတွင်းရှိ ကျောင်းများ အသစ်တိုးလာသည်မှအပ ပြင်ပမြင်ကွင်းက ဘာမျှ ထူးထူးခြားခြား မပြောင်းလဲ။ မဟာရံတံတိုင်းကြီးကပင်
မူလအတိုင်းဖြစ်ပုံရသည်။ ““တိုက်တော်””အနောက်ဘက် မျက်နှာစာနှင့် အရှေ့ကျုံးလမ်းကြားတွင်
ထူးခြားရှားပါးစွာ ကျွန်းပင် စိုက်ခင်းကြီး ရှိပါသည်။ ကျွန်းစိုက်ခင်းကြီးက တိုက်တော်ကျောင်းတိုက် ပရဝဏ်အဆုံး ၁၉လမ်းအထိဖြစ်၏။ ထိုနေရာက အရှေ့ ကျုံးပေါက်ဖြစ်သည်။ အရှေ့ ကျုံးပေါက်က ဦးထိပ်တံခါးဖြစ်၏။ မကွေးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ ကြီးကြပ်သည့် အရှေ့ မျက်နှာအလယ် ““သုရဇ္ဇ”” ဓာတ်တံခါးကို
““အန္တော””ဟူသော ဓာတ်ဖက်နံသင့်အရ မြို့ဦးမြို့ထိပ် ဟူသော တည်ရာဌာနကို အစွဲပြု၍
““ဦးထိပ်””တံခါးဟု သမုတ်တော်မူခဲ့သည်ဟု ဖတ်မှတ်ရသည်။
တကယ်တော့ နန်းမြို့တော်ကြီးကို စတင် တည်ဆောက်စဉ်က သာသနာတော် ၂၄၀၀ ပြည့်နှစ်တွင် စတင် တည်ဆောက်ခဲ့သည်ဟု ဥဒါန်းတွင်ရစ်ရန်အတွက် ပညာရှိတို့က နန်းမြို့တော် လေးမျက်နှာကို တာ ၂၄၀၀ အပြည့် စီရင်ခဲ့သည်။ စတုရန်းပုံ နန်းမြို့ကြီးမို့ မြို့ရိုးအနားတစ်ဖက်လျှင် တာ ၆၀၀ စီ အညီအမျှ ရှိခဲ့၏။ မြန်မာအတိုင်းအထွာစံ၊ စနစ်အရ တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင်လျှင် ၁၉ လက်မ
(သံတောင်)အဖြစ် သတ်မှတ်ထားသဖြင့် တာ ၆၀၀ သည် ၂၂၁၆ ကိုက်မျှ ရှိလေသည်။ သို့ရာတွင် တစ်လက်မလျှင် ၃၅ ကိုက်စကေးဖြင့် ရေးဆွဲထားသော မန္တလေးမြို့တော် ပုံကို တိုင်းတာကြည့်သောအခါ ၂၂၅၀ ကိုက်မျှရှိသည်ဟု ဆို၏။ ထို့ကြာင့် မြို့ရိုးတစ်ဖက်လျှင် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်ရှိသည်။
မြို့ရိုး လေးမျက်နှာဆိုပါက ၅ မိုင်နှင့် ၁ ဖာလုံရှိပါမည်။
ဤအတိုင်းအထွာအရဆိုလျှင် မန္တလေးမြို့၏ တစ်ပြဆိုသော အကွာအဝေးသည် ၁၈၇၅ ကိုက်ရှိမည်။ ပြ အားဖြင့် ၅၂၆၅ ပြ ရှိမှာပေါ့။ တံခါးကြီးများအနီးတွင်လည်း အချိန်နာရီများအတွက် စည်ကြီးများ ချိတ်ဆွဲထားရာ အရှေ့ဦးထိပ်တံခါးတွင် သူရဇ္ဇဓာတ် ကျွန်းစည်တော်ကြီးရှိ၏။ အလားတူ တောင်ဘက် ကျော်မိုးတံခါး၌ကာလီဓာတ်ပေါက်သား
စည်တော်၊ အနောက်မျက်နှာ စည်ရှည်တံခါး၌ ပါပဓာတ် သစ်မဉ္ဇူစည်တော်၊မြောက်ဘက် လေးသိန်းတံခါးတွင် အမြိတ္တဓာတ် သရက်သား စည်တော်ကြီးများ ရှိသည်ဟု မှတ်သားရပါသည်။ ယင်းစည်တော်ကြီးများသည် ပဟိုရ်ချက်နှင့်အညီ နေထွက်နေဝင်၊ တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို တိုင်းသူပြည်သားတို့အား အသိပေး တီးခတ်ကြရလေသည်။ ဤသို့သော မြို့တံခါးကြီးတစ်ခု အတွက် အရပ်ရပ် ကုန်ကျငွေမှာ စတင်တည်တော်မူစဉ်က ၂၀၈၇၉ဝိ၂မူး ကုန်ကျသည်ဟု ဆို၏။
ဤသို့သော တံခါးတော်၊ပြာသာဒ်တော်၊ ရွှေနန်းတော်ကြီးများမှာ သက္ကရာဇ် ၁၃၀၆ ခု၊ နှောင်းတန်ခူးလဆန်း(၇) ရက်၊ စက် ၁၁ နာရီ၊ မြန်မာနေ့ တစ်ချက်တီးကျော် ၅ နာရီပါဒ်သုည၊ မိဿလက် ဗြိဿစန်း အင်္ဂါတြင်းသာကြာနဝင်း ၂၇ လုံး ၂ ပါဒ် လက်စီးကျလျက် မိတီ ၆ လုံး ၇ ဃဋီ ၃ ဘွားအချိန်
မီးလောင်ပြာကျခဲ့သည်ဟု ထွန်တုံးဆရာတော်၏ မှတ်တမ်းကို လေ့လာရဖူး၏။ ရွှေနန်းတော်ကြီး
မီးလောင်ခြင်း တေးထပ်တစ်ပုဒ်ကိုလည်း ဤသို့ မှတ်သားရဖူးပါ၏။
“ဧစ်တြိန္နာ သုညာဆ။ နှောင်းတန်ခူးလ ဆန်သတ္တာ၊ ကျားမင်း နံနက် ဆယ့်တစ်ချက်အခါ၊ အထက်အာကာ လေတပ်ကြီး၊ ၃ လုံး၊ ၂ ပါဒ်၊ ၁၁ ဃဋီမှာ၊ အချက်မြည်စွာ အမြောက်သံက ဟည်း၊ လက်မင်းရာဇ ဟိုင်းနာဂါ မဓုံမာသာ ပျော်နေမှီး။ ခြသေ့ဗုဒ္ဓာကုမ်မှာကြီး၍ကွက်ပျော်မှီးတဲ့ ကန်ရပ်ခွင်ရဝီနှင့် သံမိန်ဌာန ပူးမင်းမိဿ စန်းပြိဿပေါ်တွင်၊ ဂျပန်ယုတ်တို့ ရန်ငုပ်မမြင်အောင် အမြန်သုတ်သင် အသေဖမ်းတာမို့ ရွှေနန်းမြပြာသာဒ်တော် မီးပြာကျသော် ကုန်းဘောင်ညွန့် တက်နေတော်မှာ ကျက်သရေနော်ကွယ်ပျောက်ပါပေါ့လေး …”” ဟူ၍ ဖြစ်၏။
အရှေ့ကျုံးလမ်းနှင့် ဦးထိပ်တံခါးထိပ်ရှိ ““တိုက်တော်”ကျောင်းတိုက်ကြီးသည်လည်း ရွှေနန်းတော်ကြီးထက် နှစ်ရက်စောပြီး ၁၃၀၆ ခု၊ နှောင်းတန်ခူးလဆန်း ၅ ရက် စနေနေ့ ၃ နာရီအချိန်တွင်
ဗုံးဒဏ်ဖြင့် မီးသင့်လောင်ကျွမ်းခဲ့လေတော့သည်။
သြော်..၊ လက်နက်ဖြင့်သာ အနိုင်ယူ အဆုံးအဖြတ်ပေးခဲ့သည့် ကမ္ဘာစစ်မီးတွင် မည်သို့ပင် ကြီးကျယ်ခမ်းနားသည့် ရွှေဘုံရွှေနန်း ဆိုခဲ့စေပါမူ ပြာပုံမျှသာ တန်ဖိုးမဲ့စွာ ကျန်ရစ်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်သာ ဖြစ်ချေ၏။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး
…
[Message clipped] View entire message