ဆူးငှက်
ကျွန်တော် ‘ပန်းမြိုင်လယ်’ကို တော်တော်စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း ‘ပန်းမြိုင်လယ်’ ကို နှစ်ခြိုက်စွဲလန်းခဲ့ပေမယ့်လည်း ‘ပန်းမြိုင်လယ်’ ကို ဂဏသေချာစွာ ကျွန်တော်မသိရိုး အမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို ‘ပန်းမြိုင်လယ်ဆိုတာ ကိုဖိုးခလယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ်ပါ့’ဆိုတဲ့ ပက်လုံးထဲကလိုပင် မတွေးမိခဲ့…။
ကျွန်တော် စာအုပ်အငှားဆိုင်လေးဖွင့်မှာမို့ ဆိုင်နာမည် ဆိုင်းဘုတ်လေးကို အဲဒီအချိန်ကခတ်စားနေတဲ့ ရောင်စုံစတစ်ကာ ပလတ်စတစ်အစိမ်းရောင်လေး စာလုံးလှီးပြီး ကျောက်သင်ပုန်းဆေး အနက်သုတ်ထားတဲ့ သုံးထပ်ပြားလေးပေါ် ကပ်တော့ ရွာကရောက်နေတဲ့ ဦးကြီးက ပါးစောင်ရှိ ကွမ်းတွေ ဖွီးကနဲ ထွေးပြီး “မင်းဆိုင် နာမည်ကလည်းကွယ် အတိတ်နိမိတ်မရှိ…၊ ပန်းလည်းပန်း၊ လယ်လည်းလယ်ဦးမှာ ဆိုတော့ မဟန်ပါဘူးကွယ်…”လို့ ဆိုတယ်။ ကျွန်တော်လည်း ဦးကြီးကို ရှင်းပြမနေတော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရပြီးလူငယ်တစ်ယောက်ပေမယ့် ဦးကြီးပြောသလို အဆင်မပြေ တပင်တပန်း တလည်လည်ဖြစ်ရချေရဲ့ဆိုပြီး အဲဒီဆိုင်းဘုတ်လေး မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေသိ အကယ်၍များ ရေတံခွန်တောင်ခြေ၊ ရန်ကင်းတောင်ခြေမှာ ခြံကျယ်ကြီးနဲ့ သီးပင်၊ စားပင်၊ ပန်းပင်တွေ၊ စမ်းချောင်ရေထွက်လေးတွေ၊သစ်သား တစ်ထပ်အိမ်လေးနဲ့များ နေလိုက်ရရင် အဲဒီခြံလေးကို ‘ပန်းမြိုင်လယ်’လို့ နာမည်ပေးမယ်လို့ စိတ်ကူးယဉ်ပြီး ဆိုင်းဘုတ်လေးကို အိမ်ပေါ်က သင်္ဘောဝါးခြမ်းစင်ကလေးပေါ် သိမ်းထားမိသေးရဲ့…။
‘ပန်းမြိုင်လယ်’ ကို စထိတွေ့မိတာက ကျွန်တော် လေးငါးနှစ်သားလောက်ပါ။ အဲဒီအချိန် ကျွန်တော့်အထက်က အစ်မက မန္တလေးပန်တျာကျောင်းမှာ အကသင်တန်းတက်နေပါပြီ။ သင်တန်းမှာက မဟာဂီတကိုလည်း သင်ပါတယ်။ အကဆရာမက ဒေါ်သြဘာသောင်း၊ အဆိုက ဆရာထူးနဲ့ ဒေါ်လှလေးစိန်၊ ဂီတသင်္ကေတက ဦးကျော်ဒင်ဖြစ်မှာပေါ့။ အဆိုသင်တန်းက ‘နိုင်ငံတော်မူမဟာဂီတ’ဆိုတဲ့ အဖုံးစိမ်းဖန့်ဖန့်လေးနဲ့ စာအုပ်ကို သင်ပါတယ်။ အခုလို မိုးအေးအေး၊ မိုးစွေစွေ၊ မိုးသည်းသည်း ရွာပြီဆိုရင် အစ်မက အိပ်ရာထဲ စောင်ခြုံပြီး သီချင်းကြီးစာအုပ်ဖွင့်ကာ ဟစ်တော့တာပါပဲ။ မိုးသံနဲ့အပြိုင်ပါပဲ။ ကျွန်တော်ကလည်း လေးငါးခြောက်နှစ်သားပေမယ့် ‘နွားမအိုနောက်ကျသား’လို့ အပြောခံရသလို အမေက အသက်ငါးဆယ်နားနီးမှ ကံကောင်းထောက်မစွာ ကျွန်တော့်ကို လူ့ပြည်ပို့ခဲ့တာမို့ သည်းသည်းလှုပ်ကာ အမေ့ရင်ခွင်ကြားမှာချည်းပေါ့။ ဒီတော့ မိုးအေးအေးနဲ့ အစ်မသီချင်းသံကိုပဲ နားဆင်နေရတာပါပဲ။ ကြိုးသီးချင်းတွေ၊
သီချင်းခံတွေထက် အစ်မကလည်း ယိုးဒယားဖရိန်းချား သီချင်းကြီးတစ်ပုဒ်ကို ခံတွင်းတွေ့ပုံရပါတယ်။
‘ပန်းမြိုင်လယ်’ ဆိုတဲ့ သီချင်းကြီးကိုပဲ ကျော့ကာ၊ကျော့ကာ သီဆိုနေတော့တာပါပဲ။ ကျွန်တော်က သီချင်းစာသားတွေ နားမလည်လှ…။ ဒါပေမယ့် သံစဉ်တွေက လွမ်းဖွယ်ရာ ဖြစ်နေတာကတော့ အမှန်…။
“ဘုံရွှေနန်းငယ်သည်ဝယ်…၊ ကွာနယ်ဆွေးရန်…၊ ကြံမှိုင်တွေးပြန် ပူဝှန်ပန်းဖွယ်သည်မယ်…၊ ညှိုးတယ်ဝဋ်ဖန်…၊ ဆိုယောင်မှားကံ…” ဆိုတဲ့အပိုဒ်မှာများ ဘာမှန်းညာမှန်းမသိ လွမ်းနေမိတာပေါ့။ ပြီးတော့ “စုံဆယ်ဖြာ…၊ ပန်ထွာဦးတင်၊ ဖူးမြင်သက်လွှတ်ကြောင်း၊ ထံတော်ပျောင်း၊ သောင်းမြေမိုင်၊ ရာမင်းဦးကိုင်၊ ဘုန်းညွန့်လှိုင်…”ဆိုတဲ့အပိုဒ်ရောက်တော့ အမေက ဗာလီနဲ့ သုကျိတ် မျောက်ညီနောင်အကြောင်း ပြောပြတော့တာပေါ့။ ကျွန်တော်က သဘောထားကြီးပြီး စိတ်ရင်းစိတ်ဓာတ်ကောင်းမွန်တဲ့ မျောက်ကြီးသုကျိတ်ကို သနားနေမိတယ်။ အရာရာမှာ ကောက်ကျစ် စဉ်းလဲပြီး ဗိုလ်ကျအနိုင်ကျင့်ချင်တဲမျောက်ငယ် ဗာလီကို ရွံမုန်းနေမိတယ်။ ဗာလီအနိုင်ကျင့်လိုက်ပုံများ အစ်ကိုကြီး သုကျိတ်ရဲ့ မယားသုဘတ္တာမျောက်မကိုပင် အဓမ္မခိုးယူသွားသေးသတဲ့…။
မျောက်ညီနောင်ဇာတ်လမ်းအပြင် ‘ပန်းမြိုင်လယ်’ ထဲက ထပ်မံပြီး စိတ်ဝင်စားမိတာက ‘ညာနန်းနတ်ကယ်သွင်၊လေယာဉ်ပျံ၊ တိမ်ယံတောင်စွယ်၊ မိုးလယ်ဝေယန်ဖျား’ဆိုတဲ့ အပိုဒ်ဖြစ်တယ်။ ဘယ့်နှယ် ဟိုး…ရှေးပဝေသဏီ ရာမဇာတ်မှာ ‘လေယာဉ်ပျံ’က ပါလာသလဲပေါ့လေ…။နောက် စာလေးပေလေး ဖတ်တတ်လာမှ ပြင်စည်မင်းသားကြီး ခေတ်မီလိုက်ပုံမှာ ‘ရထားပျံ’ ၊’ပန်းရထား’လို့ ခေါ်နေကြတာကို ‘လေယာဉ်ပျံ’လို့ ကြိုပြီး သုံးနှုန်းလိုက်ပုံကို သဘောကျနေတော့တာပါ။
အဲဒီ ပန်းမြိုင်လယ်သီချင်းကိုပဲ အစ်မက ပန်တျာကျောင်းက ဆင်းပြီး ပဒေသာတန်း ကိုကြည်ကိုကြူး တည်ထောင်တဲ့ ရွှေရတနာအငြိမ့်မှာ ၆ လမျှ အတွေ့အကြုံအရ ဝင်ကတော့ ကနဦး ဝါးလတ်နဲ့ မင်းသမီး သီချင်းဆိုအပြီး လူပြက်တွေနဲ့ ပရိကံစကာပြောပြီးတာနဲ့ အကတစ်ပိုဒ် ပါပါရောလား…။ အဲဒီအကပိုဒ်အတွက် ပန်းမြိုင်လယ်ရဲ့ အစပိုဒ်ကို ‘ပန်းမြိုင်လယ်’ ကနေ ‘လွမ်းဖွယ်စေ’အထိကို နရီနဲ့၊ ဝါးလတ်နဲ့၊စည်းသွက်နဲ့ သုံးမျိုးသုံးစား သီဆိုပြ၊ ကပြတယ်။ အစ်မမင်းသမီးနောက်၊ အမေနဲ့လိုက်ရင်း အငြိမ့်စင်နောက်ဖျား အစ်မရဲ့ကြိမ်သေတ္တာလေးဘေး ကုပ်ကပ်ထိုင်ရင်း ကြားနေမိ…။ ဒီလိုနဲ့ လိုက်ဆိုဖြစ်တာပါပဲ။
နောက်တော့ အစ်မ အမြဲလက်ကိုင်ထားသော နိုင်ငံတော်မူမဟာဂီတ ဟူသည့် စာအုပ်လေးကို ယူကြည့်တော့ ပန်းမြိုင်လယ်က ယိုးဒယားဖရင်းကြီးသံတဲ့။ သီကုံးသူက ပင်စည်မင်းသားကြီးတဲ့။ ဂဃနဏ စံနစ်တကျ ဘာမှတော့မသိ။ ကိုယ်ကြိုက်သော သီချင်းရေးသူက ပြင်စည်မင်းသားကြီးလို့ပဲ မှတ်ထားလိုက်တာပါပဲ။
နောက် ကျွန်တော်ငယ်ငယ်က ဗလာဆိုင်း အတော်များများကို နားထောင်ဖူးတယ်။
ကြိုက်လို့ရယ်တော့ မဟုတ်ပါဘူး။ အဖေက ဗလာဆိုင်း အတော်ကြိုက်တာ..။ ဆိုင်းများဆို ဝိုင်းဆင်ဗျာရိုက်ကနေ ပွဲသိမ်းအထိ ပြလမ်းပေါ် ဖိနပ်ခုထိုင် အစအဆုံးနားထောင်တာ။ ကျွန်တော်ကအဖေနဲ့ အမြဲလိုက်တော့ နားလည်လည် မလည်လည် ဆိုင်းဝိုင်းရှေ့ ငုတ်တုပ် အမြဲပေါ့။ ဆိုင်းအစ ယိုးဒယားကရောင်းရိုက်ရင် အဲ့ဒီကာလ နာမည်ကျော် ရွှေဒေါင်းမြိုင်က မှော်ရုံဟေဝန် ချွတ်ချုံသံနဲ့ ရိုက်တယ်။ အလားတူ နာမည်ကျော် စိန်ဘညိုဆိုင်းက မန်းတောင်လက်ျာ နဲ့ ကရောင်းရိုက်တယ်။ ကျွန်တော်က ဘာရယ် မဟုတ်ဘူး၊ မန်းတောင်လက်ျာကို ပိုကြိုက်တယ်။ ကြုံတုန်းပြောရရင် မဟာဂီတမှာ အစအဆုံး အလွတ်ရတာဆိုလို့ မန်းတောင်လက်ျာ တစ်ပုဒ်ပဲ ရှိတယ်။ ကြိုက်လွန်းလို့ အထပ်ထပ် နားထောင်လွန်းတော့ အဲ့လိုအလွတ်ရတာကိုး။ အမည်မသိစာဆိုလို့ မှတ်သားခဲ့ကြတဲ့ မန်းတောင်လက်ျာကိုလည်း ကျွန်တော်က ဘာမသိညာမသိ ပင်စည်မင်းသားကြီးရးတယ်လို့ လွဲမှားစွာမှတ်ထားပြန်လေရော။
ထားတော့..၊ ဘာမသိညာမသိ ခပ်လွယ်လွယ် လူပြိန်းမှတ် မှတ်ခဲ့တာတွေလေ။နောက် စာအုပ်လေးဘာလေး ဖတ်မှတ်တော့မှ ပင်စည်မင်းသားကြီးလို့ မှတ်သားခဲ့တာကိုက ပြင်စည်မင်းသားကြီးဘွဲ့ အမည်နဲ့က ၅ယောက် ရှိတာတဲ့။ ဆရာကြီမောင်သန်းဆွေ(ထားဝယ်) ရဲ့ ကုန်းဘောင်ရှင်းတမ်းစာအုပ်မှာ ရှင်းလင်ရေးပြထားပါတယ်။ ပထမပြင်စည်မင်းသားက အလောင်းမင်းတရားရဲ့ ညီအရင်း မင်းသားမောင်ရွှေရနဲ့ ခင်ဝတို့သား ကျောက်ဆောက်မြို့စားမင်းမှူးမောင်ပြေနဲ့ပြည်တော်သာ ရွာစားခင်အမတို့ သားမောင်ရွှေအိုင်တဲ့။ ဒုတိယပြင်စည်မင်းသားက ဆင်ဖြူရှင်မင်းရဲ့သားတော် မောင်နဂါးတဲ့။ တတိယမင်းသားက ငစဉ့်ကူးမင်းရဲ့သားတော် မောင်မျိုးစစ် တဲ့။ စတုတ္ထမင်းသားက ဘိုးတော်ဘုရားရဲ့မြေးတော် တောင်ငူမင်းသားရဲ့သားတော် ထိပ်တင်ပုတဲ့။ ပဉ္စမပြင်စည်မင်းသားက မင်းတုန်းမင်းရဲ့သားတော် ငတိုးမင်းရဲတဲ့။ ဒုတိယပြင်စည်မင်းသား မောင်နဂါးကို ၁၁၃၃ခုနှစ်မှာဖွားပြီး ၁၁၄၆ခုနှစ်မှာ လက်ရွေးငယ်မြင်းမှူးခန့်ပြီးပင်စည်မြို့ကို အသုံးကံကျွေးခံရပြီး ပြင်စည်မင်းသားတွင်တယ်။ ၁၁၅၁ခုနှစ်မှာ ဘိုးတော်ဘုရားသားတော် အိမ်ရှေ့မင်းရဲ့ အမိန့်အရ အယုဒ္ဓယပြည်၊ ဂျွမ်းပြည်၊ ဟရိဘုဉ္စတိုင်း ယွန်းပြည်တို့က ပါလာတဲ့ အရပ်ရပ် ဒဏ္ဍာရီဇာတ်တွေကို မြန်မာဘာသာပြန်ပြီး ဇာတ်စကား ဇာတ်အဖွယ်အရာစကားတွေရးသားတဲ့ အဖွဲ့နဲ့ ဇာတ်ချင်းတွေရးရမယ့် အဖွဲ့ ၂ဖွဲ့ ဖွဲဆောင်ရွက်စေတယ်။ ဒီ ၂ဖွဲ့အနက် မောင်နဂါးက ဇာတ်ချင်းရေးတဲ့အဖွဲ့မှာပါဝင်ပြီး ယိုးဒယား ၈ခန်းဖြစ်တဲ့ ရွှေတညာ၊နှင်းယွန်း ခါဟေမာန်၊တောတောင်စွယ်၊တောမြိုင်ခြေလမ်း၊ ပန်းမြိုင်လယ်၊ ခိုင်ပန်းစုံ၊မှော်ရုံဟေဝန်၊မှိုင်းမှုန်ပြာညို တို့ကို ရေးသားခဲ့တယ်။ တောင်ယံတောကြီး၊တောင်ယံတောကလေး၊ နှင်းယွန်းဂိမ္မာန်၊နှင်းယွန်း သာဟေမာန်၊ကောင်းကြီးသင်္ခါ၊ ညှင်းညှင်းပဉ္စင်ရွှေတံမွှာ၊စိန်မြရံချယ်၊သောင်းကျေးဒီပါဘွေ စတဲ့ မွန်သီချင်းတွေကိုလည်း သာယာဝတီမင်း ရန်ကုန်ကိုစုန်ပြီး ၇လကြာစံတော်မူစဉ် ရေးတယ်လို့ သိရတယ်။
စတုတ္ထပြင်စည်မင်းသား ထိပ်တင်ပုကို ၁၁၇၅ခုနှစ်မှာ ဘိုးတော်ဘုရားရဲမြေးတော် တောင်ငူမင်းသားရဲ့သားတော် ထိပ်တင်ပုတို့က မွေးဖွားခဲ့ပြီး သာယာဝတီမင်း လက်ထက်မှာ သုသီရိမဟာဓမ္မရာဇာဘွဲ့နဲ့ မင်းသားကြီးအရာထားပြီး ပြင်စည်မြို့ကို စားရတယ်။ မင်းတုန်းမင်းလက်ထက်မှ ကံတော်ကုန်တယ်။ ထိပ်တင်ပုက မင်ကွန်းမင်းသားဘဝနဲ့ သာယာဝတီမင်း လက်ထက်မှာ မန်ချာမြေကို ပတ်ပျိုးကိုရးတယ်။ မင်းတုန်းမင်းလက်ထက် ပြင်စည်မင်းသားအနေနဲ့ ကုန်းဘောင်ေအာင်ဟိန်ညွန့်၊ သင်္ခါရွှေရောင်၊ အမရပူရိန်၊ပြထားငယ်သည့်ဝေသ၀ဏ်၊မြမန်းကိုက်ရုံ၊ မုရိုးငယ်တည့်ထက်စည်သံ၊မျှော်တိုင်းခုဝယ်၊သေသော်သာမြတ်လေသိ ပတ်ပျိုးတွေနဲ့အတူ
မင်္ဂလာသီရိမြေမြတ်စွာ အစချီ မန္တလေးမြို့ဘွဲ့၊တောင်ဇမ္ဗူပိုင်၊ဝေဇယန္တာနန်းဘုံ ယိုးဒယားသီချင်းတို့ကို ရေးသားခဲ့ပါသတဲ့။
ပြင်စည် ၅ပါးရဲ့ မဟာဂီတ ဝင်္ဂပါကြီးက ကျယ်ဝန်းလှချည့်။ ကျွန်တော်ကတော့ ဒုတိယပြင်စည်မင်းသား မောင်နဂါးရဲ့ ပန်းမြိုင်လယ်ကို မြင်းထိန်းငတာ နားသာသာအဆင့်နဲ့ စွဲလှချည့်။ ပန်းမြိုင်လယ်ကို မကြာမကြာနားထောင်ဖြစ်နေခဲ့။ ဂီတလုလင်မောင်ကိုကိုနဲ့ တင်တင်မြရဲ့ ပန်းမြိုင်လယ်က ဟုန်းခနဲ နာမည်ကြီးလာတော့ တိတ်ခွေခေတ်မှသည် အခု MP3 ခေတ်အထိ ကတ်ဆက်ထဲကနေ ကွန်ပျူတာထဲအထိ တစိမ့်စိမ့် နားထောင်မဝ ရှိနေခဲ့တာ ဒီနေ့အထိပါပဲ။ ဘယ်တော့မှ မရိုးတဲ့ သီချင်းနဲ့ စန္ဒရားလက်ကွက် ပါပဲလေ…။ လူကြီးသူမတွေ၊ မန္တလေးပညာရှင် အသိုင်းအဝိုင်းတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျာ်ကတည်းက အနုပညာရှင်ကြီး ဓားတန်းဦးသန့်က ဥရောပလက်ကွက်နဲ့ တီးခတ်တဲ့ စန္ဒရားလက်သံမှာ မင်းသားရွှေမန်းတင်မောင်ရဲ့အဆိုနဲ့
‘ပန်းမြိုင်လယ်’ ရှိခဲ့ဖူးသတဲ့…။ရွှေမန်းရုပ်ရှင်ခြံမှာ အသံလည်းသွင်းခဲ့ဖူးသတဲ့…။ ဒါပေမင့် အဲဒီ
အသံသွင်းကြိုးခွေက အခုတော့ ပျောက်ချင်းမလှပျောက်…၊ အစအနပင် မရှိ လမ်းဆုံးခဲ့သတဲ့။
ပန်းမြိုင်လယ်သာမက ‘ချစ်သမျှကို’ပတ်ပျိုးကြီးကိုလည်း ဓားတန်းဦးသန့်တီးကွက်ကို သုတေသီပညာရှင်ကြီး ဦးခင်ဇော်(ဆရာK)ပင် မျက်ခုံးပင့် ကြည့်ခဲ့ရသတဲ့…။ ‘ချစ်သမျှကို’ကို ယနေ့သက်ရှိ စန္ဒရားပညာရှင်ကြီး ဦးသိမ်းမောင်က အကျအန တက်ယူထားသတဲ့…။ ဓားတန်းဦးသန့်ရဲ့ ‘ချစ်သမျှကို’စန္ဒရားလက်ကွက်ကို လွန်ခဲ့သော နှစ် ၄၀ ဝန်းကျင်က မြန်မာ့ရုပ်သံကနေ မြို့မငြိမ်းမြေး ပါရမီရွှန်းလက်သံနှင့် လွှင့်တာကြားဖူးတယ်။ ဒီလိုနဲ့မြန်မာ့ရုပ်သံမှာ မန္တလေးက
အဆီအနှစ်တွေ အများကြီးရှိနိုင်သေးတယ်။
နောက်ပြီး ‘ချစ်သမျှကို’စန္ဒရားလက်ကွက်ကို ၂၀၀၀ပြည့်နှစ် မြို့မစိန်ရတုမှာ တစ်ခန်းရပ်ပြဇာတ် ဇာတ်ဝင်အဖြစ် ‘ပါရမီရွှန်း’ပဲ တီးခဲ့တာမဟုတ်လား…။ စိန်ရတုမှတ်တမ်းလည်း မြန်မာ့ရုပ်သံက ရိုက်သွားသေးတာပဲလေ…။ စန္ဒရားဦးသိမ်းမောင်လည်း မာချာနေဆဲ၊ ပါရမီရွှန်းလည်း မြန်မာ့ဂီတသာမက ကမ္ဘာ့ဂီတအထိနှံ့စပ်ကာ ဂီတတာဝန်တစ်ခု ယူထားဆဲ..။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး