လိုင်စင်သက်တမ်းတိုး တင်းကျပ်မှုကြောင့် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ အခက်အခဲဖြစ်နေ

အောက်တိုဘာ ၁၈ – ၂၀၂၅
SN (VOM)
ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို လိုင်စင်သက်တမ်းတိုး စည်းမျဉ်းတွေ ထမ်မံ တင်းကျပ်လာတဲ့အတွက် သတ်မှတ်ရက်အတွင်း လိုင်စင် သက်တမ်းတိုးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီ (အေဂျင်စီ) တွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း လိုင်စင် သက်တမ်းတိုးဖို့ အလုပ်သမား ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အသိပေးလာပြီး သတ်မှတ်ရက် ကျော်လွန်တဲ့အထိ လိုင်စင် သက်တမ်းတိုးအတွက် တင်ပြခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းမယ်လို့ သိရပါတယ်။
“အခုလို ရက် ၉၀ အတွင်း မတင်ရင် ပိတ်သိမ်းမယ် ဆိုတာကတော့ တော်တော်ကို ပြင်းထန်လာတယ်လို့ ပြောရမယ်။ အခု အခြေအနေကလည်း မူဝါဒတွေ မတည်ငြိမ်တော့ လုပ်ရကိုင်ရ အတော်လေး ကျပ်လာတယ်။ ပြည်ပကို လုပ်သားတွေ လွတ်လွတ်လပ်လပ် စေလွှတ်လို့ မရတော့ဘူး။ သူတို့က သတ်မှတ်ထားတဲ့ လုပ်သားဦးရေ ပြည့်မှသာ လိုင်စင် သက်တမ်းတိုးလို့ရမှာ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
လက်ရှိ ဝန်ကြီးဌာနရဲ့ အသိပေးချက်မှာ အ‌ကျိုးဆောင် လိုင်စင်ကို ကာလ အကန့်အသတ်နဲ့ ပိတ်ခံထားရတဲ့ အေဂျင်စီတွေလည်း ပုံမှန်အတိုင်း သက်တမ်းတိုးရမှာဖြစ်ပြီး သက်တမ်းတိုးခွင့် မကုန်ဆုံးမီ နှစ်လကြိုတင်ကာ အချိန်မီတင်ပြဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
“ဝန်ကြီးဌာနဘက်က မူဝါဒတွေ ဖြေလျော့ပေးဖို့ လိုတယ်။ နောက်တခုက လိုင်စင်တွေ အများကြီး ချပေးထားတာ ရှိတော့ ဒီ လိုင်စင်တွေ များလာတဲ့အပေါ်မှာ အေဂျင်စီတွေက ဈေးကွက်လုရတာတွေ ရှိတယ်။ ရုန်းကန်ရတာ တကယ် မလွယ်ဘူး။ သတ်မှတ် လူဦးရေ မပြည့်မှာစိုးလို့ လိုင်စင်သက်တမ်း မတိုးရမှာစိုးလို့ မတန်တဆ ဈေးနှုန်းတွေနဲ့ demand ရအောင် လုပ်ရတာတွေ အများကြီး ရှိလာတယ်။ ဒါက ရေရှည် ဈေးကွက်အတွက် အလားအလာလည်း မကောင်းနိုင်ဘူး။ ဒီလို ဖြစ်နေတဲ့အပေါ်မှာ အခုထပ်ပြီး ရက်ပေါင်း ၉၀ အတွင်း လိုင်စင်သက်တမ်း တိုးရမယ် ဆိုတာကတော့ ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်စေတယ်။ အဆင်မပြေဘူး” လို့ အေဂျင်စီ အကျိုးဆောင် တယောက်က ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနမှ လိုင်စင် ချပေးထားတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ အရေအတွက်မှာ ၆၀၀ ကျော် ရှိနေပြီး နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင် ကာလကထက် နှစ်ဆနီးပါး တိုးလာတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မတ်လကစပြီး အလုပ်သမား စေလွှတ်တာနဲ့ ပတ်သက်လို့ ကန့်သတ်၊ ထိန်းချုပ်တာတွေ ရှိလာတဲ့အတွက် အေဂျင်စီအသစ် ထပ်လျှောက်သူ မရှိတော့ဘဲ လုပ်ငန်း ရပ်လိုက်တာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်းပြီး လုပ်သား လျှော့ချခြင်း၊ အချိန်ပိုကြေး လျှော့ချခြင်း၊ လုပ်သားခေါ်ယူမှုနှုန်း နည်းပါးခြင်းတွေလည်း ဖြစ်ပေါ်နေတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW