အောက်တိုဘာ ၁၉၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်၊ TNLA ထိန်းချုပ်ရာ နမ့်ဆန် နဲ့ ကျောက်မဲ မြို့နယ်တွေမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေနဲ့ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ညက နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကိုကြဲသွားတာ အတော်ဆိုးတယ်။ နေရာက လူနေအိမ် ထူထပ်တဲ့နေရာဖြစ်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အမျိုးသမီး ငါးယောက်ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသား တယောက်လည်း သေဆုံးတယ်လို့ သူက ပြောပါတယ်။
“နမ့်ဆန် ကွမ်ဟယ်ရွာထဲ မန်ကင် ရပ်ကွက်မှာ ကျတာ လူ ၆ ဦးသေတယ်လို့ ကနဦး သိရတယ်။ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ့်ခုံးအုပ်စု၊ လွယ်စုရွာ လည်းကြဲဝယ်။ အမျိုးသမီး တယောက်ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကွမ်ဟယ်မှာက ၈ ယောက် ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးသွားကာ လွယ်စုက ထိခိုက်တဲ့ အမျိုးသမီးက တင်ပါး အထက်နား ထိသွားတယ်လို့ ဆိုပါတယ်။
ကွမ်ဟယ်မှာက မနေ့ ည ၈ နာရီခွဲကျော်ခန့် ကြဲသွားပြီး လွယ်စုမှာတော့ ညနေ ၅ နာရီခွဲ ဝန်းကျင်ကြဲသွားတယ်လို့ သိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်၊ ကျောက်မဲ – မိုင်းငေါ့ လမ်းမပေါ်က ၁၁ မိုင်ရွာရှိ ဘုန်းကြီးကျောင်းကိုလည်း အောက်တိုဘာလ ၁၈ ရက်နေ့ည ၈ နာရီခွဲကျော်ခန့်က ဗုံးကြဲခံရလို့ ဘုန်းကြီးတပါး ပျံလွန်သွားတယ်လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
တအာင်းအမျိုးသမီးများ အဖွဲ့က အောက်တိုဘဘာလ ၁၈ ရက်နေ့ တရက်ထဲမှာ TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ရွာ၊ ကျောက်မဲ မြို့နယ် ၁၁ မိုင်ရွာနဲ့ ကျောက်မဲမြို့နယ် လွယ်စုရွာနဲ့ ပန်သပြေရွာရွာတို့မှာ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သတင်းထုတ်ထားပါတယ်။
Photo CJ
