မုန်တိုင်းလွန် ကာလမှာ မဟာမြိုင်ကားလမ်း သွားလာလို့မရသေး

မေ ၊ ၁၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းဟာ မေ ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ကြာ မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် မြေသားလမ်းတွေပျက်စီးနေတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မုန်တိုင်းအကြိုကာလဖြစ်တဲ့ ၁၂ ရက်ကတည်းက တောင်ပေါ်မှာ မိုးစရွာတယ် ၊ ဆက်တိုက်ရွာတာဟာ ၄ ရက်ကြာတယ် ၊ မနေ့က နေ့လယ်ပိုင်းမှ မိုးစဲသွားတယ် ၊ မိုးရွာသွန်းမှုများတဲ့အတွက် တန့်ဆည် – ကလေးဝ ၊ တန့်ဆည် – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းဖြစ်တဲ့ မဟာမြိုင်လမ်းမှာ မြေသားတွေပြိုပြီး ၊ သဲချောင်းတွေရေလျှံနေတာကြောင့် ကားတွေသွားလာလို့ မရဘူး ၊ နားထားရတယ် “လို့ မုံရွာ – ကလေး – တမူး ကားသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၁၁ ရက်ကနေ ဒီကနေ့အထိ တမူး – ကလေး – မုံရွာ ၊ မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း – မုံရွာ ကားတွေ ပြေးဆွဲခြင်းမရှိပဲ ရပ်နားထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် မြောက်ပိုင်းလမ်းဖြစ်တဲ့ ကလေး တီးတိန် ဟိုင်မွှယ်လမ်းပိုင်းလည်း မိုးရွာသွန်းမှုများပြားတဲ့အတွက် ကားတွေ သွားလာလို့ မရ ဖြစ်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ပုံမှန် မိုးကာလရောက်ရင် မဟာမြိုင်လမ်းက သွားလာလို့မရဘူး ၊ အခုလို မိုးများတာကြောင့် လမ်းပိုင်းနေရာတွေ တော်တော်များများ ပြုပြင်ထိန်းသိမ်းပြီးမှ သွားလာလို့ရမှာပါ ” လို့ မုံရွာ ဖောင်းပြင် ဟုမ္မလင်း ပြေးဆွဲနေတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။

မုံရွာမြို့ကနေ ကလေး – တမူးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း ၃ ခုရှိပါတယ် ၊ အဲ့ဒီထဲက မုံရွာ ဂန့်ဂေါ ကလေး လမ်းပိုင်းနဲ့ မုံရွာ ယာကြီး ကလေးဝ လမ်းပိုင်းတွေဟာ မကြာခဏ လမ်းဘေးမိုင်းတွေ ပေါက်ကွဲတာကြောင့် ကားသမားတွေက မုံရွာ တန့်ဆည် ကလေးဝ ကလေး တမူး မဟာမြိုင်လမ်းကို အဓိကထား အသုံးပြုတာဖြစ်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ဓာတ်ပုံ – ကားသမားတစ်ဦး
#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #မုန်တိုင်းအလွန် #သွားလာလို့မရသေး

Related posts

Leave a Comment

VOM News

FREE
VIEW