(မိုခါ)မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ တိရစ္ဆာန်အကောင်ရေ ငါးသိန်းကျော် သေဆုံးခဲ့

မေ၊ ၂၅-၂၀၂၃
MM(VOM)

(မိုခါ)ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ တရိစ္ဆာန်အကောင်ရေ ငါးသိန်းကျော်အထိ သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပွားကာ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ တိရိစ္ဆာန် အကောင်ရေ ၅၃၁၉၁၃ ကောင် သေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာက စာရင်းအချက်အလတ်တွေအရ သိရပါတယ်။

သေဆုံးခဲ့တဲ့ တရိစ္ဆာန်တွေထဲမှာ တောင်သူ လယ်သမားတွေ အဓိကအသုံးပြု လုပ်ကိုင်နေရတဲ့ ခိုင်းနွားတွေနဲ့ ခိုင်းကျွဲတွေ ပါဝင်တာကြောင့် လယ်သမားတွေအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

”ကြက် အကောင် ၁၀၀ သေတာ ဆုံးရှုံးတာ မှန်ပေမယ့် မခံစားရဘူး ၊ ကျွဲ ၅ ကောင် သေသွား ဘဝပျက်တာပဲ၊ ကျွဲ ၁ ကောင်ရဲ့ တန်ဖိုးကကြီးသလို ၊ လယ်ယာလုပ်ငန်းကိုလည်း တော်တော်လေး ထိခိုက်နေပါတယ်၊ အခုသေဆုံးသွားတဲ့ ကျွဲတွေက လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ကျွဲတွေပါ ၊ အခု ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေတယ်။”လို့ ရခိုင်ပြည်နယ်က ဒေသခံ လယ်သမားတစ်ဦးကပြောပါတယ်။

အဲ့ဒီ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က လယ်ယာလုပ်ငန်းမှာ အဓိက အသုံးပြုနေတဲ့ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်အပါအဝင် ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နဲ့ ကြက် ၅၁၇၀၀၅ ကောင်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

”ကြက်အကောင်ရေ ၅ သိန်းကျော်ကျော်လောက် သေဆုံးခဲ့တယ်လို့သိရတယ် ၊ကျွန်မတို့လည်း သိန်းဆယ်ချီဆုံးရှုံးခဲ့ရတယ်၊ ကျွန်မတို့ဘဝတွေက နလန်မထူတော့ဘူး ၊ကိုဗစ်ကြောင့် တမျိုး နိုင်ငံရေးအကျပ်အတည်းကြောင့် တမျိုးနဲ့ အခုလည်း မုန်တိုင်းဒဏ်ကြောင့် ဆုံးရှုံးရပြန်တယ်၊ ကြက်တစ်ပိသာကို ငွေ ၉၀၀၀ ၊အချိန်၁၀၀ဆို ၉၅၀၀၀ အထိ ဆုံးရှုံးပြီ ၊ အခုက ပိသာချိန် ၁၀၀ အထက် ဆုံးရှုံးတဲ့သူတွေကြီးပဲ။”လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

သေဆုံးခဲ့တဲ့ တိရစ္ဆာန်တွေကတော့ ရခိုင်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်က ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နဲ့ ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းက ကြက်ကောင်ရေ ၂၄၅၀၀၊ မကွေး တိုင်း မြို့နယ်ခြောက်မြို့နယ်က ကျွဲ ၃ ကောင်၊ နွား ၇၃ ကောင်နဲ့ ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်း မြို့နယ် ၂ မြို့နယ်က ကြက်ကောင်ရေ ၃၃၀၀ တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို့ ကြက်တွေ ၊ ဝက်တွေ ၊ ဆိတ်တွေ သေဆုံးခဲ့တာကြောင့် ကြက်သား ၊ ဝက်သားနဲ့ ဆိတ်သားဈေးတွေလည်း အရင်ထက် ၂ ဆကျော်ထိုးတက်လာပြီး အခြေခံလူတန်းစားတွေအဖို့ အသားဝယ်စားနိုင်ဖို့ အလှမ်းဝေးတဲ့ အခြေအနေအထိဖြစ်လာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင်(မိုခါ)မုန်တိုင်းတိုက်ခတ်မှုကြောင့် မေ ၂၁ ရက် ညနေပိုင်းအထိ သက်ဆိုင်ရာက ရခိုင်ပြည်နယ်မှာ လူအယောက် ၁၄၈ ယောက်အထိ သေဆုံးမှုရှိ လာတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မိုခါမုန်တိုင်း #တိရစ္ဆာန်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW