ရွှေနန်းတော်ကြီး မီးလောင်ခြင်း တေးထပ် တစ်ပုဒ် –

ဆူးငှက်
 
ရတနာပုံနေပြည်တော် မန္တလေးကို “အင်းကြီးကြာအုံ” ရတနာပုံ၊ “အုတ်ကျစ်ကျော်အေ”မန္တလေးဟူသော လင်္ကာအရ သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ရက်နေ့၊ ညဉ့် ၃ချက်တီးကျော်၊ ၇ရက် တနင်္လာနေ့သို့အဝင်၊ ၄နာရီ ၂ပါဒ်အချိန်၊ ၁၈၅၉၊မေ ၃ရက်မှ စ၍ မန္တလေး ရတနာပုံရွှေမြို့တော်ကြီးကို မော်ကွန်းစိုက်ထူခဲ့သည်။ မြို့တော်တည်သည်နှင့်အတူ ရွှေပန္နက်ချလျက် ခုနစ်ဌာနကိုလည်း တစ်ကြိမ်တည်း ပန္နက်ချဆောက်သည်။
 
ထိုခုနစ်ဌာနတို့မှာ (၁)ရွှေမြို့တော်၊ (၂)ကျုံးတော်၊ (၃)မဟာလောက မာရဇိန်စတီတော်၊ (၄)မဟာအတုလဝေယန်ကျာင်းတော်၊ (၅)သုဓမ္မာဇရပ်တော်၊ (၆)ပဋ္ဌာန်းဟောရွှသိမ်တော်၊ (၇)ပိဋကတ်တိုက်တော် တို့ဖြစ်သည်။ မန္တလေးနန်းတော် မြို့တံခါးပေါက်ကြီးများတွင် အထက်ဖော်ပြပါ ခုနစ် သက္ကရာဇ် စာသားအတိုင်း ရတနာပုံမြို့တည်နန်းတည် တံခါးအမည်မှတ်တမ်းကို စာ(၆)ကြောင်းဖြင့် မော်ကွန်းတိုင် ရေးထိုးစိုက်ထူထားကြောင်း တွေ့မြင်နိုင်သည်။
 
ရွှေနန်းပြာသာဒ်တော်၊မြနန်းတော်၊ မှန်နန်းတော်၊ ရာဇပလ္လင်း ရှစ်ရပ်မှစ၍ ရွှေနန်းတော် အဆောင်ပေါင်း (၁ဝဝ)ကျာ် ဆောက်လုပ်ပြီးနောက် နန်းမြို့တော်ကို “လေးကျွန်းအောင်မြေ”၊ရွှေနန်းတော်ကို “မြနန်းစံကျော်”ဟူ၍ ပညာရှိတို့ ဆက်သွင်းသည့်အတိုင်း မော်ကွန်းကမ္ပည်း သတ်မှတ်စေသည်။
 
၁၂၂ဝပြည့်နှစ်၊ ဒုတိယဝါဆိုလဆန်း ၆ရက်၊သောကြာနေ့တွင် မင်းတုန်းမင်းသည် ဘေးတော်၊ ဘကြီးတော်၊ ခမည်းတော် မင်းတရားကြီးတို့လက်ထက် အခမ်းအနားအတိုင်း ရွှေနန်းတော်သိမ်း စာတမ်းစာရင်းထွက်အတိုင်း အရှင်မိဖုရားခေါင်ကြီးက ရွှေကြာပန်းကိုင်၊ ဘဝရှင်မင်းတရားကြီးက ရတနာထမ်းစင်ထက်တွင် ရွှေစစ်တော်တင်ပြီးလျှင်ရွှေနန်းတော်ကြီးကို လက်ယာ လှည့်တော်မူ၍ မြနန်းတော် မင်းတက် လှေကားမှ ထက်သိမ်း စံပယ်သည်။ ရွှေနန်းတော် အဆောင်ဆောင်တို့ကို မြေမှအမြင့်(၇)တောင် (၁)မိုက် (၁၁-ပေ)မြင့်သော အုတ်ခုံပေါ်၌ တည်ဆောက်ထားသည်။ နန်းတော်အုတ်ခုံသည် အရှေ့အနောက် (၆၆၆)တောင် (၂)မိုက် (ပေ-၅ဝဝ) ကျယ်ဝန်းသည်။ နန်းတော်ဧရိယာသည် အရှေ့အနောက် ရှည်လျားသော စတုဂံပုံဟု ဆိုနိုင်သည်။ အဆောင်များမှာ အရှေ့ပိုင်း၌ မင်းဆောင်(၃၂)၊ အနောက်ပိုင်း၌ မင်းဆောင်(၄)၊ မင်းမိဖုရားအဆောင်တော် (၇၈)အားဖြင့် ရွှေနန်းတော်ဆောင်ပေါင်း (၁၁၄)ဆောင်ရှိသည်။ နောက်ပိုင်းစာရင်းအရ (၁၆၆)ဆောင်မျှရှိသည်။ရွှေနန်းအဆောင်ဆောင်တို့၏ အဦးအထိပ်ဖြစ်သော မြနန်းပြာသာဒ်တော်ကြီးမှာ (၁၁)ပေမြင့်သော မှန်ကူကွက်ဖော် မြနန်းအုတ်ခုံပေါ်ဝယ် လက်ဝဲမြေနန်းဆောင်၊ လက်ယာမြေနန်းဆောင်၊ အလယ်စမုခ်ဆောင်နှင့် ထိုအဆောင်များ ဗဟိုတည့်တည့်မှ အမိုး(၇)ဆင့်နှင့် အမြင့်ပေ(၂ဝဝ)ခန့်မျှရှိသော ပြာသာဒ်တာ်ကြီးနှင့် ရွှေနန်းတော်မှာ ထည်ထည်ဝါဝါ ရှိလှသည်။
 
မန္တလေးနန်းတော် ပတ်ပတ်လည်တွင် မြို့ရိုးနှင့် ကျုံးတော်မှာ မြန်မာတို့၏ ရှေးခေတ် ကိုယ့်ထီးကိုယ်နန်းကို မျက်ဝါးထင်ထင်တွ့မြင်နိုင်စေသော ဂုဏ်ဒြပ်များဖြစ်သည်။ ယနေ့ထက်တိုင် မပျက်မစီး ပြုပြင်ထားရှိနိုင်ခြင်းမှာလည်း မြန်မာတို့၏ ဇာတိမာန်ကို ဖော်ပြပေးနေခြင်းပင်ဖြစ်သည်။
 
ကျုံးနှင့်မြို့ရိုးမှာ မြန်မာမင်းတို့၏ မြို့တော်ဟောင်းကိုလည်း ဖော်ညွှန်းပြဆိုထားခြင်းပင် ဖြစ်သည်။ နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနားတစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင် ၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက်သည်။ တစ်မျက်နှာလျှင် ၁မိုင်၂ဖာလုံကျော်မျှရှိသည်ဟု ခန့်မှန်းနိုင်သည်။ မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာ သူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အားသုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။
 
သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မ ကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။ မြို့ရိုးတစ်လျှောက် တံခါးမကြီး ၁၂၊ထာင့်ပြကြီး(ပြာသာဒ်)လေးလုံး၊ပြငယ်(ပြာသာဒ်ငယ်) ၃၂၊ စုစုပေါင်း ပြာသာဒ် ၄၈ဆောင် ရှိသည်။ နန်းမြို့ရိုး၏ မြို့ဝင်မြို့ထွက် တံခါး ၁၂ခုရှိသည်။ မြို့ရိုးတစ်မျက်နှာ သုံးပေါက်စီ၊ အလယ်က တံခါးမကြီးအဖြစ် ကျုံးကူးတံတားင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အလယ်တံခါးပေါက်ကို ဓာတ်တံခါးများဟုခေါ်ဆိုပြီး ဝဲယာတံခါးငယ်များကို မိတ်တံခါးဟု ခေါ်ဆိုသတ်မှတ်သည်။ ဓာတ်တံခါး ၄ရပ်မှာ ပြာသာဒ်ဘုံ ၇ဆင့်၊ မိတ်တံခါး ၈ရပ်မှာ ပြာသာဒ်ဘုံ ၅ဆင့်၊ထောင့်ပြကြီး ၄ခုနှင့် ပြငယ် ၃၂ ခုများမှာ ပြာသာဒ်ဘုံ ၅ဆင့်စီ ဆောက်လုပ်ရသည်။ ယင်းတို့ကို သစွေးသရိုး၊ ဟင်္သာပြဒါး ရွှေချမွမ်းမံရသည်။
 
ရှေးက မြို့တံခါးကြီးများအဝင်တွင် တံခါးစောင့်များနေထိုင်ရန် ဝဲယာ တိုက်တန်းများ ထားရှိပြီး တံခါးစောင့်တို့က ဓား လှံ သေနတ် ကိုင်စွဲပြီး နေ့၊ညစောင့်ကြပ်ရသည်။ တံခါးစောင့်များကို တံခါးဗိုလ်၊ တံခါးမှူးများက အဆင့်ဆင့်စောင့်ကြပ်ကြရ၏။ တံခါးစောင့်တို့က မြို့ရိုးတံခါးတို့မှ နန်းမြို့အတွင်း ဝင်သူတိုင်းကို လက်နက် ပါမပါ ယစ်မျိုးနှင့် အမဲသား သွင်းမသွင်း ကြည့်ရှု စစ်ဆေးကြရသည်။ ထို့ပြင် တံခါးအတွင်းနှင့်အပြင် အတောင်၅ဝ စီ အကွာက စ၍ တံခါးကိုဖြတ်ကျော်သည့် ဆင်၊မြင်းရထားများ အပြင်းအထန် အလျင်အမြန် မမောင်းရ၊ဖြည်းညင်း သာယာစွာ သွားရသည်။ လှည်း၊ ရထား၊ လှည်းယာဉ်များမှ တစ်ပါး လှည်းကြမ်းများ မသွား မလာရ ဟု စည်းကြပ်ထားသည်။ တံခါးများ ဖွင့်ချိန် ပိတ်ချိန်နှင့် ပတ်သက်၍မူ နေဝင်ညဉ့် လေးချက်တီး ၆ နာရီအချိန်၌ အလယ် ဓာတ်တံခါးကြီး လေးခုကိုပိတ်သည်။ ဝင်လို ထွက်လိုသူများ မလွယ်မိတ်တံခါးများမှ ဝင်ထွက်ရသည်။ ယင်း မလွယ်မိတ်တံခါးများကား တစ်ယောက်ဝင် တံခါးငယ်များသာဖြစ်သောကြောင့် ဆင်၊မြင်း၊ ရထားများ သွားလာ ဝင်ထွက်၍ မရပေ။ ညဉ့်တစ်ချက်တီး ၉ နာရီအချိန်တွင် မလွယ်တံခါးများ ပိတ်လိုက်သည်။ ပိတ်ထားသော ဓာတ်တံခါး၊ မိတ်တံခါးများ အားလုံး နံနက် လေးချက်တီး ၆ နာရီမှသာ ပြန်ဖွင့်သည်။
 
တံခါးကြီးများ အနီးတွင်လည်း အချိန် နာရီများ အတွက် စည်ကြီးများ ချိတ်ဆွဲထားရာ အရှေ့ဦးထိပ်တံခါးတွင် သူရဇ္ဇဓာတ် ကျွန်းစည်တော်ကြီး ရှိ၏။ အလားတူ တောင်ဘက် ကျော်မိုးတံခါး၌ ကာလီဓာတ်ပါက်သား စည်တော်၊ အနောက် မျက်နှာ စည်ရှည် တံခါး၌ ပါပဓာတ် သစ်မဉ္ဇူ စည်တော်၊ မြောက်ဘက် လေးသိန်းတံခါးတွင် အမြိတ္တဓာတ် သရက်သား စည်တော်ကြီးများ ရှိသည်ဟု မှတ်သား ရပါသည်။ ယင်း စည်တော်ကြီးများသည် ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို တိုင်းသူပြည်သားတို့အား အသိပေး တီးခတ် ကြရလေသည်။ မြို့တံခါးကြီးများတွင် တံခါးတို့၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေများဖြင့် အပြေအပြစ် အချောကိုင်ကာ ထုံးဖြူဖွေးဖွေး သုတ်ပြီး တံခါးအထက်တွင် ဘုံငါးဆင့်၊ ဘုံခုနစ်ဆင့် အသီးသီး ရှိသည့် ယွန်းဆက်ပြေ တန်ဆောင်းပြာသာဒ်တော်ကြီးများ တည်ထားသည်။
 
တံခါးပေါက်တွင် တစ်ဖက်နှင့် တစ်ဖက် ကူးလိုလျှင်”ရင်လျှောက်”ခေါ် နင်းကြမ်း ပျဉ်ပြားများ၊ တံခါးရွက်အပြင်ဘက်က ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုးရသော “ရင်တား”ခေါ် ရက်ဖောက် သစ်တုံးအဆင့်များ၊ ထို “ရင်တား”တိုင်ကြီးတစ်ဖက်တစ်ချက်ကို/ညှပ်ထားရန်၊ စွပ်ထားရန် “တုရိုဏ်”ခေါ် တံခါးတိုင်များ၊ မြို့တံခါးပေါက် အထွက်နှင့် ရှေ့တည့်တည့်တွင် အလျား၃၃ ပေကျော်၊ အနံ ၁၁ ပေကျော် ရှိသော “မီးတာ”ခေါ် “မီးကာ”ကြီး ရှိသည်။ ၎င်းအနီးတွင် အုတ်ပလ္လင် သုံးဆင့်ခံ မော်ကွန်းတိုင်ကြီး ရှိမည်။ ဓာတ်တံခါးကြီးတွေ ဆိုလျှင် တံခါးအထွက် လက်ဝဲဘက်က မြို့စောင့်နတ် ဂူတစ်လုံးစီ ရှိမည်။ ဤသို့သော မြို့တံခါးကြီး တစ်ခုအတွက် အရပ်ရပ် ကုန်ကျငွေမှာ စတင် တည်တော်မူစဉ်က ၂ဝ၈၇၉ဝိ၂မူး ကုန်ကျသည်ဟု ဆို၏။
 
ဤသို့သော တံခါးတော်၊ပြာသာဒ်တော်၊ရွှေနန်းတော်ကြီးများမှာ သက္ကရာဇ် ၁၃ဝ၆ ခု၊ နှောင်းတန်ခူး လဆန်း(၇) ရက်၊ စက် ၁၁ နာရီ၊မြန်မာနေ့ တစ်ချက်တီးကျော် ၅ နာရီပါဒ်သုည၊ မိဿလက် ဗြိဿ စန်း အင်္ဂါ တြင်းသောကြာ နဝင်း ၂၇ လုံး ၂ ပါဒ် လက်စီးကျလျက် မိတီ ၆ လုံး ၇ ဃဋီ ၃ ဘွားအချိန် မီးလောင် ပြာကျခဲ့သည်ဟု ထွန်တုံး ဆရာတော်၏ မှတ်တမ်းကို လေ့လာရဖူး၏။
 
ရွှေနန်းတော်ကြီး မီးလောင်ခြင်း တေးထပ်တစ်ပုဒ် ကိုလည်း ဤသို့ မှတ်သားရဖူးပါ၏။ “ဧစ်တြိန္နာ သုညာဆ။နှောင်းတန်ခူးလ ဆန်းသတ္တာ၊ ကျားမင်း နံနက် ဆယ့်တစ်ချက် အခါ၊ အထက် အာကာလေတပ်ကြီး၊ ၃ လုံး၊ ၂ ပါဒ်၊ ၁၁ ဃဋီမှာ၊ အချက်မြည်စွာ အမြောက်သံက ဟည်း၊ လက်မင်းရာဇ ဟိုင်းနာဂါမဓုံမာသာပျော်နေမှီး။ခြင်္သေ့ ဗုဒ္ဓါ ကုမ်မှာ ကြီး၍ ကြွက်ပျောတဲ့ ကန်ရပ်ခွင် ၊ ရဝီနှင့် သံမိန် ဌာန ပူးမင်းမိဿ စန်းပြိဿပေါ်တွင်၊ ဂျပန်ယုတ်တို့ ရန်ငုပ် မမြင်အောင် အမြန် သုတ်သင် အသေဖမ်းတာမို့ ရွှေနန်းမြပြာသာဒ်တော် မီးပြာကျသော်… ကုန်းဘောင်ညွန့် တက်နေတော်မှာ ကျက်သရေနော် ကွယ်ပျောက်ပါပေါ့လေး ….ဟူ၍ ဖစ်၏။
 
အရှေ့ကျုံးလမ်းနှင့် ဦးထိပ်တံခါးထိပ်ရှိ “တိုက်တော်”ကျောင်းတိုက်ကြီးသည်လည်း ရွှေနန်းတော်ကြီးထက် နှစ်ရက်စောပြီး ၁၃ဝ၆ ခု၊နှောင်းတန်ခူးလဆန်း ၅ ရက်၊ စနေနေ့ ၃ နာရီအချိန်တွင် ဗုံးဒဏ်ဖြင့် မီးသင့် လောင်ကျွမ်းခဲ့လေတော့သည်။
 
#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW