ပဲခူးက ပရဟိတကျောင်းမှာ ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်လို့ ကလေးအပါ ၁၂၆ ယောက် ဆေးကုသမှုခံယူနေရ

ဇူလိူင် ၄ – ၂၀၂၃
GG (VOM)

ပဲခူးမြို့နယ် ၊ အဆိပ်တောင်ကျေးရွာအုပ်စု၊ သစ်နီကျေးရွာ (၅၃/၅)အနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ ဒီနေ့ ဇူလိူင် ၄ ရက် မနက်ပိုင်းက ခေါက်ဆွဲကြော်စားပြီးကလေးတွေ အပါအဝင် ၁၂၆ ယောက် အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလှူရှင်တစ်ဦးက မွေးနေ့အဖြစ် ကျောင်းမှာ ခေါက်ဆွဲကြော် လာကျွေးရာ ခေါက်ဆွဲကြော်စားပြီး ကလေး ၊ ကိုယ်ရင် ၊ လူကြီး အပါအဝင် ၁၂၆ ယောက် အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခဲ့လို့ ပဲခူးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

” ကျောင်းက ဘကကျောင်းပါ ၊အဲ့ဒီမှာအလှူရှင်ကမွေးနေ့ခေါက်ဆွဲကြော်ကျွေးတော့ အားလုံးစားကြတာမှာ အစာအဆိပ်သင့်​ပြီး အကုန်လုံးမူးမော် အန်ကြတော့ ပဲခူးဆေးရုံရောက်တယ်၊ပဲခူးဆေးရုံရောက်တဲ့အထိကလေးတွေက တော်တော်လေးမူးမော်ပြီး အန်ကြသေးတယ်၊ပဲခူးဆေးရုံရောက်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ အားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်ပြီးတော့ ဆေးသွင်းကြတယ်၊ ဆေးသွင်းပြီးနောက် ၁နာရီလောက်အကြာမှ ကလေးတွေလန်းလန်းဆန်းဆန်းဖြစ်လာတယ်၊၁၀ဦးလောက်က နည်းနည်းအခြေအနေဆိုးတာရှိခဲ့ပေမယ့် အခုတော့အခြေအနေတော်တော်လေး ကောင်းမွန်သွားပါတယ်၊ ကိုရင်စာသင်သားလေးတွေပါတယ်၊လူကြီး၄ယောက်ပါတယ်၊ကျန်တာက ကလေးတွေဖြစ်တယ် “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပဲခူးက ကလျာဏမိတ္တ လူမှုကူညီရေးအသင်း အကျိုးတော်ဆောင် ကိုတင်ဆွေမြင့်ကပြောပြပါတယ်။

အစာအဆိပ်သင့်ရတဲ့အဓိကအကြောင်းအရင်းကတော့ ခေါက်ဆွဲကြော်ထဲမှာပါဝင်တဲ့ ဂေါ်ဖီထုပ်က ဖြစ်ကြောင်း ကနဦးသိရပြီး ဆေးဖြန်းထားတဲ့ဂေါ်ဖီကို ဆေးကြောသန့်ရှင်းမှုအားနည်းတာ ၊ ဆေးအရှိန်မပျယ်သေးချိန်စားသုံးမိတာကြောင့် အစာအဆိပ်သင့်တာဖြစ်နိုင်တယ်လို့ ကနဦးစစ်ဆေးမှုအရသိရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အစာအဆိပ်သင့်ခဲ့တဲ့ ကလေး၊ကိုယ်ရင် နဲ့ လူကြီး အကုန်လုံးကို ပဲခူးဆေးရုံမှာပဲ စောင့်ကြည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း၊ အသက်အန္တရာယ်ကတော့စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

မနက်ဖြန် ဇူလိူင်လ ၅ ရက်နေ့မှာတော့ ကျန်းမာရေးကောင်းမွန်တဲ့ သူတွေကို ဆေးရုံကနေ ဆင်းပေးဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

Photo -Tin swe myint
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW