ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ပြည့်ဖြိုးနိုင် အကျဉ်းထောင်ကနေ ပြန်လွတ်လာ

ဇူလိုင်၊၅-၂၀၂၃
MM(VOM)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်တာဝန်ယူခဲ့သူ ရဲအုပ် ပြည့်ဖြိုးနိုင်ဟာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။

”လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ဒီနေ့ ဇူလိုင်လ ၅ရက် မနက်ပိုင်း အချိန်က ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဟုတ်ပါတယ်၊ အတိုင်ပင်ခံရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်က လွတ်ရက်စေ့တာကြောင့် ပြန်လည် လွတ်မြောက်လာတာ။ မိသားစုက အရမ်းပျော်နေတာပေါ့။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်တွေဆောင်ရွက်ရင်း ဖမ်းဆီးခံရကာ ကနဦး ရဲဝန်ထမ်းလိုင်းခန်းမှာ ထိန်းသိမ်းစောင့်ကြည့်ခံရပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်းက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပေမယ့် ချုပ်ရက်နဲ့ လျှော့ရက်ခံစားခွင့်တွေ ရရှိတာကြောင့်ထောင် ၃ နှစ်ပြည့်ဖို့လိုနေသေးပေမယ့် လွတ်ရက်စေ့ပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည် လွတ်မြောက်လာပေမယ့် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ဒုရဲအုပ်ချယ်ရီထက်ကတော့ ထောင်ဒဏ် ၅နှစ်နဲ့ ရမည်းသင်းအကျဉ်းထောင်မှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ် အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးဖြစ်တဲ့ နိုင်ငံတော် သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး လည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ)၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)တွေနဲ့ ရမည်းသင်းအကျဉ်း ထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံထားရတယ်လို့ သိရပါတယ်။

Photo -(Ministry of State Counsellor’s Office)
#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #လုံခြုံရေးခေါင်းဆောင် #ရဲအုပ်ပြည့်ဖြိုးနိုင် #ပြန်လွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW