ဩဂုတ် ၃၀ – ၂၀၂၃
SN (VOM)
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို လာမယ့် စက်တင်ဘာ ၄ ရက်မှစတင်ကာ အွန်လိုင်းဘိုကင်စနစ် ပြောင်းလဲမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး (ကွာလာလမ်ပူ)ကနေ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပျောက်ဆုံး/အသစ်လျှောက်ထားခြင်း ကိစ္စတွေကို မြန်မာနိုင်ငံသံရုံးသို့ လူကိုယ်တိုင်သွားရောက်ပြီး ရက်ချိန်းယူရတဲ့စနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အွန်လိုင်းကနေ QR Code နဲ့ ရက်ချိန်းရယူတဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ့်ဘာသာကိုယ် သံရုံးမှာ ရက်ချိန်းယူပြီးလုပ်မယ်ဆို ၅ လ၊ ၆ လလောက်ကြာတယ်။ ဒီ QR Code နဲ့ဆိုရင်တော့ ဘယ်လောက်ကြာမယ် မသိဘူး။ အမှန်အတိုင်းပြောရရင် ဒီစနစ်ကို မကြိုက်ဘူး။ ရှေ့မှာလည်း QR Code တင်မရလို့ အဆင်မပြေတာရှိဖူးတယ်။ ဝက်ဘ်ဆိုက်ဆိုတာနဲ့ အွန်လိုင်းကနေ ပတ်စ်ပို့လျှောက်နိုင်တဲ့ လူကရှားတယ်။ များသောအားဖြင့် မလျှောက်တတ်ကြဘူး။ အဲ့ဒီတော့ ပွဲစားတွေအတွက် အခွင့်အရေးပိုရတာပေါ့။ ဒီမှာလည်း မြန်မာပြည်လိုပဲ ပုံမှန်အတိုင်းမဟုတ်ဘူး။ ပွဲစားလမ်းကြောင်းနဲ့ သက်တမ်းတိုးမှပဲ အဆင်ပြေတဲ့အခြေအနေဖြစ်နေတယ်”လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ပုံမှန်အတိုင်း သံရုံးမှာ လူကိုယ်တိုင်သွားရောက် ရက်ချိန်းယူပြီး သက်တမ်းတိုးမယ်ဆိုရင် မလေးငွေ ရင်းဂစ် ၂၅၀ ၊ မြန်မာငွေနဲ့တွက်ရင် ၁၁၀၀၀၀ ကျော်လောက် ကုန်ကျပြီး ပွဲစားနဲ့ဆိုရင် ရင်းဂစ် ၁၅၀၀ ကနေ ၂၁၀၀ အထိ၊ မြန်မာငွေနဲ့ဆို ၆၇၀၀၀၀ ကနေ ၉၅၀၀၀၀ ဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။
မြန်မာသံရုံးအနေနဲ့ကတော့ လူကိုယ်တိုင်လာရောက်ပြီး ရက်ချိန်းရယူတဲ့စနစ်ကို စက်တင်ဘာလ ၁ ရက်နေ့အထိသာ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ကြေညာထားပြီး အွန်လိုင်းဘိုကင်စနစ်အတွက် QR Code ရယူဖို့ မြန်မာသံရုံးရဲ့ www.mekl.org ကို မိုဘိုင်းဖုန်း (ဒါမှမဟုတ်) ကွန်ပျူတာနဲ့ ဝင်ရောက်ပြီး ကောင်စစ်ဝန် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပက်သက်တဲ့ ဆောင်ရွက်လိုတဲ့ကိစ္စရပ်တွေကို သတ်မှတ်ပုံစံတွေမှာ ဖြည့်စွက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
QR Code ရယူပြီးသူတွေအတွက် မြန်
မာသံရုံးကို လာရောက်ရမယ့် နေ့
ရက်ကို မှတ်ပုံတင်ထားတဲ့ မိုဘိုင်းဖုန်းသို့ SMS ပေးပို့သွားမှာဖြစ်သလို မြန်မာသံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တို့မှာ အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ မြန်မာသံရုံး (ကွာလာလမ်ပူ)အနေနဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းကျော်လွန်နေပြီဖြစ်တဲ့ နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုကိုလည်း အခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က စတင်ကာ တိုးမြှင့်ထားပြီး အရင်ကောက်ခံနေတဲ့ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ ကို တိုးမြှင့်ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmtanmar #VOM #မလေးရှား #မြန်မာနိုင်ငံကူးလက်မှတ် #အွန်လိုင်းစနစ်ပြောင်း