မူဆယ်မှာ တရုတ် – မြန်မာ (၇)ရက်တာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စထုတ်ပေး

စက်တင်ဘာ ၄၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူပေါက်မှာ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက်ကဒ်ကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက စတင်ထုတ်ပေးနေပြီ ဖြစ်တယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကနေ သိရပါတယ်။

“လုပ်ပေးပြီ ၁၂ နာရီ ကတည်းက။ တစ်ခါ သုံးကဒ်ပေါ့နော်။ ၆ ညအိပ် ၇ ရက်ရပြီ၊ ကုန်သွယ်ရေးကားသမားတွေကလည်း ဒီ ၇ ရက် ၁ ပတ် ကဒ်နဲ့ သုံးရမှာ၊ ၁၃/ တခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်သူတွေ အကုန်လုံးရပြီး ဒီနေ့ အစမ်းဝင်တဲ့သူ‌တွေက တစ်ထောင်ကျပ်ပဲ”လို့ မူဆယ်ခရိုင် ပြန်/ဆက်ဦးစီးဌာန ဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။

လက်ရှိ အဲဒီ တစ်ခါသုံး ၇ ရက်ကဒ်ကို မူဆယ် ဆင်ဖြူ နှစ်နိုင်ငံ အဝင်အထွက်ဂိတ်မှာ ပြုလုပ်ပေးနေပြီး တချို့တန်းစီနေတဲ့သူတွေက နှစ်ထောင်ကျပ် ပေးရမယ်လို့လည်း သိရပါတယ်။

“ဘာမှ မလိုဘူး။ မှတ်ပုံတင်ရှိရင်ရပြီ” လို့ တန်းစီနေတဲ့ အမျိုးသား ၁ ဦးက ပြောပါတယ်။

တန်းစီး စောင့်ဆိုင်းနေတဲ့သူ‌တချို့ကတော့ ညအိပ်စောင့်မယ်လို့ သိရပါတယ်။

တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကားသမားတွေကလည်း ၇ ရက် တပတ် ကဒ်ရှိရင် ကိုယ်တိုင် ကားမောင်းကာ ဝင်/ထွက် လို့ ရပြီး ဖြစ်တယ်လို့ ခရိုင် ပြန်/ဆက် ဦးစီးဌာနက သိရပါတယ်။

တစ်ခါသုံးကဒ် ထုတ်ပေးနိုင်ဖို့ ညှိနှိုင်း ပြင်ဆင်တာ ၉ လ ခန့် ကြာတာကြောင့် တစ်နှစ်သုံးလို့ရတဲ့ စာအုပ်တွေလည်း ထုတ်ပေးနိုင်ဖို့ ညှိနှိုင်း ပြင်ဆင်နေဆဲ ဖြစ်ပေမယ့် ဘယ်အချိန် ထုတ်ပေးနိုင်မယ်ဆိုတာ မသိသေးဘူးလို့ သိရပါတယ်။

တရုတ် – မြန်မာ နှစ်နိုင်ငံ လူဝင် လူထွက်ကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ခဲ့တာဖြစ်ပြီး အခုနှစ် နှစ်ဆန်းပိုင်းမှာ မူဆယ်ခရိုင် အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Photo-Shy V(VOM)
#voiceofmtanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW