စက်တင်ဘာ ၉ – ၂၀၂၃
GG (VOM)
ခေတ်အဆက်ဆက် စျေးမတက်ခဲ့တဲ့ ၅၀ ကျပ်တန် ရှူးရှဲလက်ဖက်ကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ၁၀၀ ကျပ်အဖြစ် စျေးတက်ရောင်းချသွားမယ့်အကြောင်း ရှမ်းရွှေတောင် လက်ဖက်နှင့်ပဲကြော်စုံ လုပ်ငန်းကနေ အသိပေးလာပါတယ်။
” ရှူးရှဲလက်ဖက်က ၁၀၀ ကျပ်ဖြစ်သွားပါပြီ၊အရင်ထက်လည်းပိုပြီးတော့ ထည့်ထားပါတယ်၊ ဆိုင်တွေကိုပေးစျေးကတော့ ၇၀၀ ကျော်နဲ့ပါ။ တခြား လက်ဖက်တို့ အကြော်စုံတို့လည်း နည်းနည်းစီစျေး တက်ပါတယ်။ ” ရှမ်းရွှေတောင် တာဝန်ရှိသူတယောက်က ပြောပါတယ် ။
နှစ်ပေါင်း ၂၀ ကျော်အထိတိုင်အောင် မပြောင်းလဲတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ပေမယ့် ရေရှည်အတွက်အခက်အခဲတွေ ကြုံရတာကြောင့် ရှူးရှဲအပါ ရွှေတောင်ရဲ့ထုတ်ကုန်ပစ္စည်း ဈေးနှုန်းတွေကို ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း ရှမ်းရွှေတောင်က သူတို့ရဲ့ လူမှုကွန်ယက်ကနေလည်း ပြော ဆိုထားပါ တယ်။
ရှူးရှဲ လက်ဖက်စျေးတက်တဲ့အပေါ် စားသုံးသူတွေက ခုလို ပြောဆိုကြပါတယ်။
“ဈေးနှုန်းပြောင်းတာတော့လက်ခံနိုင်ပါတယ်၊အရသာတော့ကောင်းစေချင်တယ် ၊ခုကဝယ်စားရတာ တော်တော်ချဉ်ပြီးအရင်ကလောက်လဲမစပ်တော့ဘူး၊တခါတလေကျ ဆေးအနံ့လိုတွေထွက်နေလို့ပစ်လိုက်ရတာတွေလဲရှိတယ်၊ Quality ကိုတော့ ထိန်းစေချင်တယ်။စျေးတက်လည်း အားပေးနေမှာပါ ” လို့ မှတ်ချက်ပြုကြပါတယ်။
ရှူးရှဲလက်ဖက်ကို ၂၀၀၁ ခုနှစ်ထဲကနေ တစ်ထုပ်ကို ၅၀ ကျပ်နဲ့ရောင်းချလာတာဟာ လက်ရှိ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့အထိဖြစ်ပါတယ်။
ရှူးရှဲလက်ဖက်မှာ အချို အချဥ် အငံ အစပ် အရသာအကုန်ပါဝင်လို့ အဆင်သင့် စားနိုင်တဲ့အပြင် စျေးနူန်းကလည်း ၅၀ ကျပ်သာဖြစ်လို့ စားသုံးတဲ့ပြည်သူတွေအကြား ကလေးကအစ သိကြတဲ့ ထုတ်ကုန်တမျိုးဖြစ်ခဲ့ပါတယ်။
#voiceofmyanmar #VOM #ရှူးရှဲ #ရှမ်းရွှေတောင်