အမြန်လမ်းယာဉ်တိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၀ – ၂၀၂၃
SN (VOM)

မနေ့ စက်တင်ဘာ ၉ ရက်၊ ည ၁၀ ခွဲ ဝန်းကျင်က အမြန်လမ်းမှာ အိမ်စီးကား ၁ စီး လမ်းလယ်ရှိ ဘယ်ရီယာတုံးတွေကို ဝင်တိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၀/၂) နဲ့ (၁၁၀/၃) ကြားမှာ Toyota Corolla Van (ခဲရောင်ယာဉ်) ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။

“ကားက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်တက်တဲ့ကားပါ။ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်က ဘယ်ရီယာတုံးတွေကို ဝင်တိုက်မိတာ။ အခုတလော မိုးလေများတော့ အခုလိုတွေ ခဏခဏဖြစ်တယ်။ အခုဖြစ်စဉ်မှာ ကလေးက တယောက်တည်းပါတာပါ။ ဒဏ်ရာအခြေအနေတွေကတော့ သိပ်မစိုးရိမ်ရပါဘူး”လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်ကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၃) ဦး၊ အမျိုးသမီးငယ် (၁)ဦးအနက် အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီးငယ် (၁) ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ၁၁၅ မိုင် အမြန်လမ်း ကြက်ခြေနီအသင်းပိုင် လူနာတင်ယာဉ်နဲ့ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၉၂) မှာ ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ရွှေမန်းသူခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါခရီးသည်တွေအနက် မ (၁) ဦး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး ကျား(၄)ဦး၊ မ(၆) ဦး စုစုပေါင်း (၁၀) ဦး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ စက်တင်ဘာ ၈ ရက်နေ့မှာ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နဲ့ ပိန်းဇလုပ်မြို့ကြား မိုင်တိုင်အမှတ် (၈၇/၈) နဲ့ (၈၈/၀) ကြားမှာ ရပ်ထားတဲ့တွဲကားကို (၁၂) ဘီးကားက နောက်မှဝင်တိုက်ခဲ့တာကြောင့် (၁၂) ဘီးကားပေါ်မှ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုပေါင်း ၁၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၁ ဦး ရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo -MFSD
#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW