စက်တင်ဘာ ၂၉ – ၂၀၂၃
SN (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးမှာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က Light Truck ယာဉ်တစီး ရေကျော်ချောင်းဖြတ်ကူးစဉ် ရေစီးနဲ့မျောပါပြီး သားအဖ ၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ရုပ်အလောင်းတွကိုတော့ ကရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းယာဉ်နဲ့ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကာ ဒေသခံ မီးသတ်တပ်ဖွဲ့တွေက ချောင်းအတွင်း နစ်မြုပ်နေတဲ့ Light Truck ယာဉ်ကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်စဥ် ဖြစ်ပြီးခါကျမှ ကျွန်တော်တို့ကိုလှမ်းခေါ်လို့ ရောက်သွားတာ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ DB (Death Body)ကလည်း တနေရာတည်းမှာ စုစည်းပြီးသွားပြီ။ Light Truck ကလည်း ထွန်စက်တွေနဲ့ သဲတွေ ကော်နေပြီပေါ့။ သားအဖနှစ်ယောက်ကတော့ ညောင်ဦးဆေးရုံကို ရောက်သွားပါပြီ။ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပါပြီ။ ဘယ်လိုဖြစ်သွားတာလဲဆိုတာကတော့ ကျွန်တော်တို့လည်း အတိအကျမသိရဘူး။ ဒါပေမယ့် ဘေးကပြောပြချက်အရကတော့ သူတို့ကား ချောင်းနစ်နေတုန်းမှာ နောက်ထပ် ရေထပ်ကျလာပြီး ရေလုံးရိုက်သွားတယ်လို့ သိရပါတယ်။ မိုးကလည်းကြီးနေတာဆိုတော့၊ မိုးတအားရွာပစ်လို့ ဖြစ်တာပါ။ ကျွန်တော်တို့ အသင်း သက်တမ်းတလျှောက်မှာတော့ ဒီဖြစ်စဥ်မျိုးက အရင်က ဒီချောင်းမှာ တခါမှမဖြစ်ဖူးသေးဘူး။ အခုက ပထမဆုံးအကြိမ်ပါ” လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီ့ဖြစ်စဉ်ကို ညောင်ဦးခရိုင်မီးသတ်စခန်းနဲ့ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo – MFSD
#voiceofmyanmar #VOM #ညောင်ဦး