အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ဆူးရစ်ကုန်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက ၄ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်ပွားတဲ့နေရာက ဆူးရစ်ကုန်းရွာက ဦးရွှေကျီးရဲ့ အိမ်ဝိုင်းထဲမှာဖြစ်တယ် ၊ သတ်ခံရသူတွေကတော့ အိမ်ရှင် ဦးရွှေကျီး ၅၀ နှစ် ၊ ဦးမောင်တင် ၆၇ နှစ် ၊ ဦးတင်ရွှေ ၅၈ နှစ် ၊ ဦးကျော်မျိုးအောင်၊၃၄ နှစ်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နွားထိုးကြီးနယ် ဆူးရစ်ကုန်းရွာမှာဖြစ်တာပါ ၊ နေ့ခင်း ၁ နာရီဝန်းကျင်မှာ ရွာထဲကို အမည်မသိ (စီစစ်ဆဲ) လူ ၂၀ က ဆိုင်ကယ် ၁၀ စီးနဲ့ဝင်လာတယ် ၊ အဲ့ဒီနောက် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဦးမောင်တင် ၊ ဦးတင်ရွှေ နဲ့၊ ဦးကျော်မျိုးအောင်တို့ ၃ ယောက်ကို ဖမ်းခေါ်သွားတယ် ၊ နောက်ပြီး ဦးရွှေကျီးရဲ့ အိမ်ဝန်းထဲရောက်မှ အိမ်ရှင်ရော ၊ ဖမ်းခေါ်လာတဲ့ လူ ၃ ယောက်ပါ ပေါင်း ၄ ယောက်ကို ပစ်သတ်သွားတယ် ၊ အဲ့ဒီ သတ်တဲ့အဖွဲ့က နွားထိုးကြီး မလှိုင်ကားလမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားတယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် တယောက်က ” ၂၀၂၁ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ ပါတီဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတာတွေရှိတယ် ၊ အဆိုးရွားဆုံးနေရာတွေက ဒီပဲယင်း ၊ တန့်ဆည် ၊ ရေဦး ၊ ကောလင်း ၊ မြောင် ၊ မြင်းခြံ ၊ နွားထိုးကြီး ၊ ငါးဇွန် ၊ မတ္တရာ ၊ စဥ့်ကူး ၊ ဝက်လက် စတဲ့ မြို့နယ်ဘက်တွေမှာဖြစ်တယ် ၊ တချို့နယ်တွေမှာဆို မိသားစုလိုက် အသတ်ခံရတာတွေရှိတယ် ၊ အဲ့ဒီလို သေဆုံးသွားတဲ့သူတွေနဲ့ ပတ်သက်လို့ ပါတီဗဟိုရုံးမှာ အောက်မေ့ဘွယ် ကျောက်တိုင်စိုက်ထူးပြီး ဂုဏ်ပြုထားတယ် ၊ အဲ့ဒီတုန်းက ပါတီဝင် ဦးရေ ၁၆၀၀ ဝန်းကျင်လောက်ပဲရှိတယ် ၊ အခုဆို ၂၀၀၀ အထက်မှာရှိနိုင်မယ် ၊ အခုဖြစ်တာက နိုင်ငံရေး ပြဿနာဖြစ်တယ် ၊ ပါတီအရေးပြဿနာမဟုတ်ဘူး ၊ အဲ့ဒါကြောင့် ပါတီကိုယ်စားလှယ်တွေကနေတဆင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးထားပါတယ် ၊ ပါတီရုံးမှာလည်း ခက်ခဲရှိသူတွေ လာရောက် ခိုလှုံနေတဲ့ မိသားစုတွေရှိတယ်.” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ သင်းတယာထန်းတောမကျေးရွာမှာ၊ အသတ်ခံထားရတဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်ကလည်း လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာကို သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းစထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။