ရန်ကုန် ၊ အောက်တိုဘာ ၁၄-၂၀၂၃
GG (VOM)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်က ၊ အခြေခံပညာအထက် တန်းကျောင်း (ခွဲ)ဝန်းကြီး နားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျောင်းသူ ၁ ယောက်သေပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ ၊နေ့လည် ၁၂ နာရီ ကျော်လောက်မှာ ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေပြီး ကျောင်းလွှတ်ချိန်မှာ ကျောင်းဘေး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ် ။
” နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်လောက်ကဖြစ်တာ၊ကျောင်းအပြင်ဘက်မှာလို့သိရတယ်၊ကျောင်းမုန့်စားဆင်းချိန်ဖြစ်တာ၊ ကျောင်းသူ ၄ ေယာက်ထိတာမှာ တယောက်ကတော့ဆုံးသွားတယ်၊၃ယောက်ကတော့ ဒဏ်ရာရတယ်၊ အသက်ကတော့ ၁၃ နှစ်အရွယ်လောက်တွေ၊၁၀ နှစ်အရွယ်တစ်ယောက်လည်းပါတယ် ” လို့ ကော့ကရိတ် ဒေသခံကပြောပြပါတယ်။
အဆိုပါ ဒဏ်ရာရ ကျောင်းသူ ၃ ယောက်မှာလည်း ဗုံးစထိမှန်တဲ့ဒဏ်ရာကြောင့်စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း လက်ရှိမှာ ကော့ကရိတ်ဆေးရုံကနေ ဘားအံဆေးရုံကို လွှဲပြောင်းပို့ဆောင်ကုသမှုလုပ်နေတယ်လို့ကနဦး သတင်းတွေအရသိရပါတယ်။
“စာမေးပွဲဖြေနေကြတာပါ၊ သေဆုံးတဲ့ကျောင်းသူက ၄ တန်း ကျောင်းသူဖြစ်ပြီး ဒဏ်ရာရသူတွေထဲ ၃ တန်းလည်းပါတယ်။ လောလောဆယ် စစ်ဆေးရုံမှာတစ်ယောက်ပို့ထားရတယ်၊ တိုက်ပွဲက မနက် ၉ နာရီထဲကဖြစ်နေတာပါ ” လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကိုတော့ KKO ခွဲထွက်အဖွဲ့နဲ့ pDF တွေက ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကထုတ်ပြန်ထားပါတယ်။ pdf တွေဘက်ကတော့ထုတ်ပြန်တာမရှိသေးပါဘူး။ ဒီကိစ္စ VOM က သီးခြားအတည်ပြုချက် ရဖို့ကြိုးစားဆဲဖြစ်ပါတယ်။
ကော့ကရိတ်ဘက်မှာ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ KNU ၊PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲဖြစ်ပွားမှုတွေရှိ နေတယ်လို့သိရပါတယ်။
ကော့ကရိတ်မှာ အရင်ကလည်း မြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးကျလို့ အရပ်သားသေဆုံးတာ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့သိရပါတယ်။