SN (VOM)
ဒီဇင်ဘာ-၃၀-၂၀၂၃
မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ပြန်လည် နာလန်ထူလာနိုင်ဖို့ အဟန့်အတားဖြစ်စေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ ပြည်တွင်းပဋိပက္ခတွေနဲ့အတူ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
အရင်နှစ်တွေကလိုပဲ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ အခက်အခဲတွေဟာ အခု ၂၀၂၃ ခုနှစ်မှာလည်း ဆက်လက် တည်ရှိနေခဲ့ပါတယ်။ ။ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာ၊ သွင်းအားစု ပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာတွေကြောင့် ပြည်ပသွင်းကုန်သွင်းအားစု အမျိုးအစားအားလုံး ဈေးမြင့်တက်လျက်ရှိကာ အမြတ်အစွန်း နည်းပါးမှုက ထပ်မံ ဖိစီးနေဆဲပါ။
မြန်မာ့စီးပွားရေးဟာ ၂၀၂၄ ခုနှစ်၊ မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာ တနှစ်အတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပဋိပက္ခတွေ မြင့်တက်လာခြင်း၊ ကုန်သွယ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်မှုတွေ ရှိနေခြင်း၊ ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်မှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းတို့ ပေါင်းဆုံနေတဲ့အတွက် မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ အနည်းငယ်သာရှိနိုင်ကြောင်း မျှော်မှန်းထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ တနှစ်ကို နှစ်ကြိမ် ထုတ်ပြန်နေတဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာက ဆိုပါတယ်။
မြန်မာ့စီးပွားရေးဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း နိမ့်ကျနေပြီး အရှေ့တောင်အာရှမှာ ကပ်ရောဂါအကြိုအဆင့်ကို ပြန်မရောက်နိုင်သေးတဲ့ တခုတည်းသော စီးပွားရေးဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကမ္ဘာဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ပြည်သူ့သမ္မတနိုင်ငံတော် ဌာနေကိုယ်စားလှယ် မာရီယမ်ရွာမန်က “စီးပွားရေးအခြေအနေတွေ ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေ အများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားတွေကို ပိုပြီး ထိခိုက်စေပါတယ်” လို့ သုံးသပ် ပြောကြားထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ပဋိပက္ခ အခြေအနေတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု စတဲ့ အခြေအနေပေါင်းစုံရဲ့ ရိုက်ခတ်မှုတွေကို အရင်နှစ်တွေထက်ပိုပြီး အပြင်းအထန် ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု များစွာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။
အောက်တိုဘာလကတည်းက မြန်မာနိုင်ငံတွင်း ပဋိပက္ခ ဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့တာကြောင့် လူဦးရေ ငါးသိန်းကျော်ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ အဲ့ဒီ့ ပဋိပက္ခတွေက ကုန်သွယ်မှု လမ်းကြောင်းတွေကို ထိခိုက်စေသလို ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်တွေကိုလည်း မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ အဲ့ဒီ့လို ပဋိပက္ခ ဖြစ်ပွားမှုတွေ အရှိန်အဟုန်နဲ့ ဆက်လက် မြင့်မားလာတာမျိုး မရှိရင်လည်း မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှုနှုန်း နှေးကွေးနေဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက် ကျယ်ပြန့်လာနေနိုင်တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အစီရင်ခံစာရဲ့ အထူးကဏ္ဍမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် အလုပ်အကိုင် ဖန်တီးမှုနဲ့ ဝင်ငွေအတွက် အဓိက တွန်းအားဖြစ်တဲ့ မြန်မာ့အထည်ချုပ်စက်ရုံ လုပ်ငန်းတွေရဲ့ အခြေအနေအပေါ် ဆက်လက် သုံးသပ်ထားပါသေးတယ်။
သုံးသပ်မှုမှာ မြန်မာ့အထည်ချုပ်ကဏ္ဍဟာ ပဋိပက္ခ၊ မြင့်မားတဲ့ ကုန်စည် သယ်ယူပို့ဆောင်စရိတ်တွေ၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေက စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်အပေါ် ထပ်မံ ဖိစီးနေတယ်လို့ ပါရှိပါတယ်။ ဒီအချက်တွေကြောင့် အထည်ချုပ်ကဏ္ဍဟာ နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းသွားစေတယ်လို့ ဖော်ပြထားပါတယ်။
“စီးပွားရေးလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း ကျဆင်းလာမှုနဲ့အတူ အနာဂါတ်အတွက် မရေရာမှုတွေ ပိုများလာပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံတွေဟာ ရင်းနှီးမြုပ်နှံမှုနဲ့ တိုးချဲ့နိုင်ရေးအတွက် မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီး အာရုံစိုက်နေကြရပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ် လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတခုလုံး ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် အများကြီး အဟန့်အတား ဖြစ်စေနိုင်ပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်ဦးဆောင်သူနဲ့ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အယ်လန် အဒ်ဝပ်က ပြောပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်း ညွှန်းကိန်းတွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်လယ်ကတည်းက ဆိုးရွားလာနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းထက် ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မတ်လမှစတင်ပြီး ၁၆ ရာခိုင်နှုန်းလောက် ပိုမို ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်လီအရောင်းသမားတွေအတွက် အရောင်းကျဆင်းလာခြင်းကလည်း ကြီးမားတဲ့ အဓိက စိန်ခေါ်မှု ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေက ရင်းနှီးမြုပ်နှံသူ အများအပြား မြန်မာနိုင်ငံကနေ ထွက်သွားကြတာကလည်း မြန်မာ့စီးပွားရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ အနောက်နိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကလည်း ကုန်သွယ်မှုကို ပိုပြီး ထိခိုက်စေခဲ့ပါတယ်။ နိုင်ငံခြား အရန်ငွေတွေ လျော့နည်းနေခြင်းကြောင့်လည်း ပုဂ္ဂလိကကဏ္ဍရဲ့ နိုင်ငံခြားငွေ သုံးစွဲခွင့်ဟာ အဓိက အခက်အခဲ ဖြစ်နေခဲ့ပြန်ပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ပြိုလဲလုနီးပါးဖြစ်နေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ တိုင်းပြည်တွင်းက ထွက်ခွာနေကြတာကြောင့် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
အခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ထွက်ခွာသွားကြတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ အများအပြားရှိခဲ့ပြီး အဲ့ဒီ့ထဲမှာ သိသာထင်ရှားတဲ့ ကုမ္ပဏီကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။
အသီးသီး ထွက်ခွာသွားကြတဲ့ ကုမ္ပဏီကြီးတွေထဲမှာ ဆွစ်ဇာလန်နိုင်ငံက စားသောက်ကုန်လုပ်ငန်းကြီးဖြစ်တဲ့ Nestle လည်း ပါဝင်ခဲ့ပါတယ်။ Nestle က သူ့ရဲ့ မြန်မာပြည်က လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ အခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Nestle မြန်မာ ကုမ္ပဏီဟာ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် စတဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်နေတာပါ။ မြန်မာမှာ လုပ်ငန်းရပ်ဆိုင်းပြီးရင် အိမ်နီးချင်း ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
မတ်လအတွင်းမှာလည်း ကမ္ဘာကျော် လူသုံးကုန်ရောင်းဝယ်ရေး ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ဗြိတိန် Mark & Spencer နဲ့ ဂျပန် Uniqlo ဖက်ရှင် အဝတ်အထည် လုပ်ငန်းတွေ မြန်မာနိုင်ငံမှ တပြိုင်နက်တည်း ထွက်ခွာသွားကြပါတယ်။
အဝတ်အထည်၊ အစားအသောက် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ကမ္ဘာကျော် ဗြိတိန်ကုမ္ပဏီ Mark & Spencer က နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပြီး အခု ၂၀၂၃ ခုနှစ်၊ မတ်လမှာတော့ အပြီးသတ် ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ရေပန်းစား လူကြိုက်များတဲ့ ဂျပန် အဝတ်အထည် ဖက်ရှင်ကုမ္ပဏီကြီးတခုဖြစ်တဲ့ Uniqlo ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာပြည်တွင်းမှာရှိတဲ့ သူ့ရဲ့ အထည်ချုပ်စက်ရုံတွေ၊ အဝတ်အထည် ချုပ်လုပ်မှု လုပ်ငန်းတွေ အပါအဝင် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပြန်ပါတယ်။
ဒါ့အပြင် Zara ဖက်ရှင်အမှတ်တံဆိပ်ရဲ့ မိခင်လုပ်ငန်းစုဖြစ်တဲ့ စပိန်ကုမ္ပဏီ Inditex ဟာလည်း ကမ္ဘာ့လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တောင်းဆိုချက်အတိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အနေအထားမှာ ရှိနေပြီလို့ ဇွန်လမှာ ပြောကြားလိုက်ပါတယ်။
ဆွီဒင်အခြေစိုက် H&M၊ စပိန်ကုမ္ပဏီ Inditex၊ ဗြိတိန်ဖက်ရှင်လုပ်ငန်း Primark တို့ အပါအဝင် ကမ္ဘာကျော်အထည်ကုမ္ပဏီ ၂၀ ကျော် ပါဝင်တဲ့ ACT အဖွဲ့က မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
စပိန်ဖက်ရှင်လုပ်ငန်း Inditex လိုမျိုး မြန်မာနိုင်ငံမှ ထွက်ခွာသွားသလို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေထဲမှာ Aldi South၊ C&A၊ Primark၊ Marks & Spencer၊ Tesco၊ Uniqlo ပိုင်ရှင် Fast Retailing နဲ့ Muji ရဲ့မိခင်ကုမ္ပဏီ Ryohin Keikaku တို့ ပါဝင်လျက်ရှိပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီ တခုဖြစ်တဲ့ H&M ဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ အထည်ချုပ်စက်ရုံ လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်း ထွက်ခွာတော့မှာဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက်က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေ ပိုများလာတာကြောင့် H&M အနေနဲ့ မြန်မာနိုင်ငံမှထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“သေချာစဉ်းစားပြီးမှ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေ တိုးလာနေတာကို တွေ့ရပါတယ်” လို့ H&M က ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။
ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မြန်မာနိုင်ငံကို အပ်ထည်တွေပို့တာ ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ အဲ့ဒီနှစ် မတ်လက ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် အထည်ချုပ်စက်ရုံတွေကို ပိတ်လိုက်ရင် စက်ရုံဝန်ထမ်း ထောင်သောင်းချီ အလုပ်လက်မဲ့ဖြစ်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက် ၂၀၂၁ ခုနှစ်၊ မတ်လကစလို့ မြန်မာနိုင်ငံက အထည်စက်ရုံတွေကနေ အပ်ထည်အသစ်တွေကို တဖြည်းဖြည်းချင်း ပြန်လည် မှာယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ H&M ဟာ မြန်မာနိုင်ငံက ထွက်ခွာမယ့် နောက်ဆုံး ဖက်ရှင်အထည်လုပ်ငန်း အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီ့ ဩဂုတ်လထဲမှာပဲ ဒူဘိုင်းအခြေစိုက် Primark အဝတ်အထည် အစားအသောက်နဲ့ အိမ်သုံးပစ္စည်း လက်လီကုမ္ပဏီကလည်း အော်ဒါတွေလက်မခံတော့ကြောင်း ကြေညာခဲ့သလို ဗြိတိန်အခြေစိုက် Marks & Spencer ကုမ္ပဏီကြီးကလည်း အခု ၂၀၂၃ ခုနှစ်မကုန်ခင် အော်ဒါလက်ခံမှုကိုရပ်ပစ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကတည်းက ကြေညာထားခဲ့ပါတယ်။
“အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တခုပြီးတခု ထွက်ခွာကုန်တာက နိုင်ငံရဲ့ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုနဲ့ ဈေးကွက် ယုံကြည်စိတ်ချရမှုအပေါ် တော်တော်လေး သက်ရောက်မှုကြီးမားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာတော့မယ်ဆိုရင် ထည့်ဝင်ထားတဲ့ ငွေကြေးအရင်းအနှီးကိုပါ ပြန်ထုတ်သွားတာကြောင့်မို့လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ လျော့ကျသွားပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အပိုင်းမှာလည်း လျော့ကျမှုတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းက နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကိုလည်း ကျဆင်းလာစေပြီး နိုင်ငံရဲ့ ပေးချေမှုဆိုင်ရာ မျှခြေကို ထိခိုက်စေရုံသာမက မြန်မာ့ကျပ်ငွေတန်ဖိုးလည်း ကျဆင်းလာမှာပါ” လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက သုံးသပ်ပါတယ်။
ဗြိတိန်အခြေစိုက် စီးပွားရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ စင်တာကတော့ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပိုမိုဆိုးရွားလာတာကို တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အလုပ်သမား တသိန်းကျော် လုပ်ကိုင်နေတဲ့ Inditex, H&M နဲ့ Primark အပါအဝင် နာမည်ကျော်ကုမ္ပဏီ အမှတ်တံဆိပ်လုပ်ငန်းတွေအတွက် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ အခု ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုပေါင်း ၂၀၀ ကျော်ရှိနေတယ်လို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေတွေဟာ အပြင်းထန်ဆုံး အနေအထားတခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့လို မတည်ငြိမ်တဲ့ ပဋိပက္ခတွေကြား စီးပွားရေးအရ ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာတာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေကို ခေတ္တ ရပ်ဆိုင်းထားလိုက်ကြတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ စီးပွားရေးကောင်စီ Thai-Myanmar Business Council (TMBC) က မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေက မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အချိန်ရွှေ့ဆိုင်းထားကြတဲ့အကြောင်း အတည်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဘဏ်အဖြစ် အရင်က ခွင့်ပြုထားတဲ့ တခုတည်းသော ထိုင်းဘဏ်ဖြစ်တဲ့ Bangkok Bank အနေနဲ့လည်း ရန်ကုန်မှာ ဘဏ်ခွဲတခု ဖွင့်လှစ်ဖို့ တိုးချဲ့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းစွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ PTT ဟာလည်း ဓာတ်ငွေ့ပေးပို့ခြင်းလိုမျိုး တည်ရှိပြီးသား လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက် ရှိပေမယ့်လည်း ၎င်းရဲ့ မြန်မာစီးပွားရေးလုပ်ငန်း နှစ်ခုဖြစ်တဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး (PTTEP) နဲ့ လက်လီအရောင်း (OR) တို့မှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အချိန်ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟာ လာမယ့်နှစ်တွေအတွင်း အရှေ့အုပ်စု၊ အနောက်အုပ်စု၊ အီးယူ၊ အမေရိကန် စသဖြင့် ရွေးချယ်ခွင့် သိပ်မရှိတော့ပါဘူး။ အဲ့ဒါကြောင့် ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေရဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ရေးကိုသာ ကြပ်မတ်ဆောင်ရွက်ရတော့မှာ ဖြစ်တယ်လို့ စီးပွားရေးအသိုင်းအဝိုင်းမှ လေ့လာသူတွေက သုံးသပ်ထားပါတယ်။