ဒီဇင်ဘာ-၃၁-၂၀၂၃
SN (VOM)
၂၀၂၃ ခုနှစ်အတွင်းမှာတော့ ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ နိုင်ငံတကာရဲ့ အရေးယူမှုတွေ ရှိခဲ့ပြီး အခုနှစ်ကတော့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရမှု အပြင်းထန်ဆုံး နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။
အခုလို နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ အရေးယူခံရတဲ့ လူဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေထက် မြန်မာပြည်သူတွေ၊ အခြေခံ လူတန်းစားတွေအပေါ် ရိုက်ခတ်မှု ပိုပြီး ကြီးမားလျက်ရပြီး ကြုံတွေ့နေရတဲ့ မြန်မာ့စီးပွားရေး အခက်အခဲတွေဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ သုံးသပ်ချက်အရ ကိုဗစ်ကာလနောက်ပိုင်းကစပြီး ကျုံ့သွားတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပိုပြီးတော့ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ စီးပွားရေး ပမာဏဟာ ကိုဗစ်မဖြစ်ခင် ပမာဏထက် ၃၀ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ အဲ့ဒီ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ လူတဦးချင်းရဲ့ per capital GDP ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး စီးပွားရေး နာလန်ထူဖို့အတွက် အလားအလာ မရှိတဲ့ အခြေအနေလို့ သုံးသပ်မှုတွေရှိနေပါတယ်။
အခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် ထုတ်ပြန်တဲ့ S&P Global အာဆီယံထုတ်လုပ်မှု စစ်တမ်းအရ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်ကလွဲပြီး မြန်မာအပါအဝင် တခြား အာဆီယံနိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍရဲ့ အခြေအနေဟာ ၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တလအလိုမှာ ပိုပြီး ဆိုးရွားလာနေတယ်လို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် ထုတ်ပြန်တဲ့ S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေ အသစ်တဖန် အရှိန်မြင့်လာမှုက ရှိနှင့်ပြီးတဲ့ ဝယ်လိုအား အားပျော့နေခဲ့တဲ့ အခြေအနေကို ပိုမိုခက်ခဲလာစေခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီ အများအပြားက ဖောက်သည်တွေဆီမှာ ငွေရေးကြေးရေးအခက်အခဲတွေ ရှိနေကြောင်း အစီရင်ခံကြတယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ နိုဝင်ဘာလမှာ အဓိက PMI အညွှန်းကိန်း အကျဘက်နယ်ပယ်ထဲကို ရှေ့ဆက်လျှောဆင်းသွားခြင်းက ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး သုံးလပတ်ကို မဝံ့မရဲခြေလှမ်းတွေနဲ့ ဆက်လိုက်ခြင်းပါပဲ။ ဒီလရဲ့ဒေတာက နိုင်ငံ့မြောက်ပိုင်းဒေသတစ်ဝန်း လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှုဟာ ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်နေတာကို မီးမောင်းထိုးပြလိုက်ပါတယ်” လို့ S & P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာခြင်းကလည်း ဝယ်လိုအားအခြေအနေကို အားနည်းလာစေခဲ့တယ်လို့ သိရပါတယ်။ အကျိုးဆက်အဖြစ် အော်ဒါအသစ်တွေ ကျဆင်းလာမှုက ထုတ်လုပ်သူတွေကို ထုတ်လုပ်မှု လျှော့ချဖို့ တွန်းအားပေးလာခဲ့တယ်လို့လည်း အဲ့ဒီ့ စစ်တမ်းမှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှုကလည်း ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုကြီးထွားလာစေခဲ့တယ်လို့ အဲ့ဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီတချို့က ကုန်သွယ်ရေးလိုင်စင် ရယူနိုင်ဖို့ ကြိုးစားနေချိန်မှာ တခြားတဖက်မှာလည်း လုပ်ငန်းရှင်တွေက ကုန်ကြမ်းရှားပါးနေပြီး ပို့ဆောင်ရေးအခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း စတာတွေကို ပြည်ပနိုင်ငံအသီးသီးကနေ တင်သွင်းနေရပြီး သွင်းကုန်ကို အဓိက အားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေပြီး ဈေးကွက်ထဲ ကုန်စည်အဝင် နောက်ကျကာ ပစ္စည်းပြတ်တာတွေကြောင့် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေပါတယ်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စက် သုံးဆီဈေးတွေ တက်ခြင်းကလည်း ပြည်ပမှတင်သွင်းတဲ့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးသွင်းအားစုတွေ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဈေးနှုန်းကြီးမြင့်စေပါတယ်။ လက်ရှိ နိုင်ငံ့စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာနဲ့အတူ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာ့ လောင်စာဆီဈေး မြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီးပုံမှန်မရရှိမှု စတဲ့ အချက်တွေက ပြည်သူလူထုကို ကျပ်တည်းမှုတွေ ပိုမိုဖြစ်လာစေတယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
“ကုန်ဈေးနှုန်းကတော့ ထပ်တက်ဦးမှာပဲ။ ဒါကတော့ ၁၀၀ ရာခိုင်နှုန်းအသေအချာပဲ။ ကုန်စည်ရှားပါးမှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ထိန်းရခက်နေဦးမှာပဲ။ နိုင်ငံခြားငွေ ဈေးနှုန်းတွေကလည်း ဆက်ပြီးတက်နေတဲ့အတွက် စားဆီ၊ စက်သုံးဆီလို ပြင်ပကဝယ်ရတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုတော့ ရုတ်တရက် ကျဆင်းသွားအောင် ထိန်းကျောင်းဖို့ မလွယ်ကူနိုင်ဘူး။ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီအနေနဲ့ကလည်း ဒါကိုငြိမ်အောင်၊ ရပ်တန့်အောင် လုပ်ဖို့ ခက်လိမ့်မယ်၊ ရှင်းရှင်းပြောရရင် မလုပ်နိုင်ဘူး။ တကယ့်လက်တွေ့ မြေပြင်အနေအထားအရ လုပ်လို့ အဆင်မပြေတာတွေ အများကြီးရှိတယ်လေ။ အဓိက က ဒေါ်လာကိစ္စပါပဲ၊ ဒေါ်လာကြောင့် နောက်ဆက်တွဲ ဂယက်တွေရိုက်သွားတာ” လို့ စီးပွားရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းကစလို့ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ဈေးကြီးလာပါတယ်။
နှစ်ကုန်ခါနီးမှာတော့ စက်သုံးဆီတွေ ပြတ်လပ်မှုတွေ ပိုပြီး ဆိုးရွားလာပါတယ်။ အိမ်သုံးဂက်စ်တွေ ပြတ်လပ်လာပါတယ်။ လျှပ်စစ်မီးတွေ ပိုပျက်လာပါတယ်။ နိုင်ငံခြားဆေးဝါးပစ္စည်း ဈေးကွက်မှာလည်း ပြည်ပမှ တင်သွင်းလာတဲ့ ဆေးဝါးပစ္စည်း ဈေးနှုန်းတွေ တပတ်ထက်တပတ် ဈေးမြင့်တက်လာပါတယ်။
ဒီလို အကြောင်းတရားတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်ပုံမှန်စားသုံးနေရတဲ့ စရိတ်ကို နှစ်ဆ၊ သုံးဆလောက် ပိုသုံးနေကြရပါတယ်။ ကုန်ဈေးနှုန်းတွေ တက်လာပေမယ့်လည်း စက်ရုံအလုပ်သမားတွေ အပါအဝင်၊ အခြေခံ အလုပ်သမားတွေအဖို့ တနေ့ဝင်ငွေက လွန်ခဲ့တဲ့ နှစ်တွေကအတိုင်းပဲ မပြောင်းလဲသေးပါဘူး။
အခုနှစ်ကုန် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ကြီးအပါအဝင် တခြား မြို့ကြီးတွေနဲ့ နယ်မြို့တွေမှာ စက်သုံးဆီ အမျိုးအစားအားလုံးလိုလို ပြတ်လပ်နေတာကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေရှေ့မှာ ညအိပ်တန်းစီ စောင့်ဆိုင်းရတဲ့အထိ စက်သုံးဆီရှားပါးမှု ဖြစ်ခဲ့သလို ပြည်သူတွေအနေနဲ့ လက်ရှိအချိန်အထိလည်း ဒီအခက်အခဲတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေး အခြေအနေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စံချိန်တင်ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းတွေ မြင့်တက်မှုတွေနဲ့အတူ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် လုပ်ငန်းတွေ ထိခိုက်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ တိုက်ပွဲတွေနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ပြည်ပကို တင်ပို့နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ထုတ်လုပ်မှု လျော့ကျနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ် အများစုမှာ ပိတ်ထားရပြီး လမ်းကြောင်းတွေ ပြတ်တောက်နေတာကြောင့် ပြည်ပကို ပို့ကုန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်း တခုတည်းကိုသာ အားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာ့ကုန်သွယ်ရေးရဲ့ ၈၀ ရာခိုင်နှုန်းဟာ နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရတာဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကတော့ ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပြုလုပ်နေတာလို့ သိရပါတယ်။
“အဓိက ကတော့ ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းက ရပ်နေတယ်။ ရပ်နေတော့ ဒေါ်လာ အဝင်အထွက်ကလည်း နည်းသွားတယ်။ အဲ့ဒါတော့ အမှန်တရားပဲ။ လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးတွေက ထိုင်းရော၊ တရုတ်ရော ရပ်နေတဲ့အခါကျတော့ ဒေါ်လာနဲ့ရပ်တည်ဖို့ နည်းနည်းလေး ခဲယဉ်းတဲ့အနေအထားမှာ ရှိနေတယ်” လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ နစကလက်ထက်မှာ ပို့ကုန်ရငွေ ဆက်တိုက် ကျဆင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ခြောက်လအတွင်း ပြည်ပ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၁၄ ကျော်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကတော့ မြန်မာနိုင်ငံရဲ့ ပို့ကုန်ရငွေဟာ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၅၃ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေနေတဲ့ Trading Economics အဖွဲ့က သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ နှုန်းဟာ ၂၀၁၉ ခုနှစ်က သုည ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်တဲ့ ၂၀၂၃ အတွက် ကမ္ဘာ့အဆင်းရဲဆုံး ၂၅ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၂၄ မှာ ပါဝင်နေသလို အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေကာ မြန်မာ့စီးပွားရေး ကောင်းမွန်ဦးမော့လာနိုင်ရေးက စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးဟာ အစိုးရရဲ့ သင့်တော်မှန်ကန်တဲ့ ထိန်းချုပ်မှု ရှိမှသာ ပုံမှန်အတိုင်း လည်ပတ်နိုင်မှာ ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေ တိုးတက်လာရေးမှာ နိုင်ငံရေးပြဿနာတွေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာမက ဘက်ပေါင်းစုံသော အခြေအနေတွေပေါ်မှာ တည်မှီနေဦးမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။
Photo: Original Uploader