နေတိုးအဖွဲ့ထဲ ဆွီဒင်ဝင်ရောက်ရေး တူရကီ သဘောတူ

အန်ကာရာ၊ ဇန်နဝါရီ-၂၄-၂၀၂၄
မျိုးဆက်(VOM)

နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး တူရကီလွှတ်တော်က သဘောတူအတည်ပြုလိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေး ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။

ဆွီဒင်နေတိုးအဖွဲ့ကို ဝင်ရောက်မှုဟာ တူရကီရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း အာဏာရပါတီ လွှတ်တော်အမတ်တွေက ပြောဆိုထားပြီး တူရကီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဆွီဒင်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်လာရေး ခြေတလှမ်း ပိုမိုနီးစပ်လာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖင်လန်နဲ့အိမ်နီးချင်း ဆွီဒင်တို့ဟာ နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ ၂၀၂၂ ခုနှစ် မေလမှာ အတူတကွလျှောက်ထားခဲ့ပါတယ်။

ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဖင်လန်နိုင်ငံဟာ ယမန်နှစ်ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပေမယ့် ဆွီဒင်ရဲ့ လျှောက်ထားမှုကိုမူ ဟန်ဂေရီနဲ့ တူရကီတို့က ကန့်ကွက်ခဲ့ကြပါတယ်။

ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေနဲ့ အခြားလက်နက်ကိုင်တွေကို နိုင်ငံမှာ လက်ခံထားခြင်းအတွက် တူရကီက ဝေဖန်မှုများပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ဆွီဒင်၏ လျှောက်ထားမှုကို တူရကီလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref:NHK
Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW