နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆
Voice Of Myanmar
အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကို VOICE OF MYANMAR (VOM) သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တာတွေအပြင် ဒီအလုပ်ရုံဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် ဘာတွေပြုပြင်ပြောင်းလဲ နိုင်မလဲဆိုတာ အပါအဝင် စတဲ့မေးခွန်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
VOM ။ ။ ဒီကနေ့ကျင်းပတဲ့ပွဲဟာ ကျနော်တို့နိုင်ငံအရေးအတွက် ဘာတွေသက်ရောက်မလဲ၊ အိန္ဒိယကနေ အတုယူစရာ ဘာတွေများရမလဲ ခင်ဗျာ။
ဦးဘရှိန် ။ ။ အတုယူရင်တော့ ကောင်းတာတွေလည်းရတာပဲ၊ ရှောင်စရာတွေလည်း ဒါပေမယ့် အဓိကတော့ message တခုရပြီဆိုလို့ရှိရင် ဒီ message တခုကို ကိုယ်နဲ့ အဆင်ပြေမယ့် သတင်းလည်းပါမယ်၊ အဆင်မပြေတဲ့ သတင်းလည်းပါမယ်၊ အဆင်ပြေတဲ့အချက်အလက်တွေပါရင် အဲ့ဒီအချက်အလက်တွေကို ထိမ်းသိမ်းစောင့်ရှောက်ပြီးတော့ အသုံးပြုရမှာပေါ့၊
VOM ။ ။ အိန္ဒိယနိုင်ငံမှာဆိုရင် မတူညီတဲ့ ဘာသာရေးရှုထောင့်တွေ မတူညီတဲ့ ယဥ်ကျေးမှုတွေ အများကြီးစုဖွဲ့နေတဲ့နိုင်ငံဆိုတော့ ကျနော်တို့နိုင်ငံမှာ အများသောအားဖြင့် ဘုံတူတာများတယ် အဲ့တော့ ကျနော်တို့နိုင်ငံက ဘာတွေခက်ခဲနေလဲ
ဦးဘရှိန် ။ ။ ကျနော်တို့မှာ လုပ်စရာတွေ ဖြေရှင်းစရာတွေအများကြီးရှိမှာပဲလေ၊ မြန်မာခေါင်းဆောင်တွေထဲမှာလည်း အယူအဆ အမျိုးမျိုးရှိနေကြတာပဲ အချင်းချင်းမှာကို အယူအဆတွေက အမျိုးမျိုးရှိနေကြတော့ မြန်မာခေါင်းဆောင်တွေကို စင်တာထားပြီးသွားနေတဲ့ ဗဟိုပြုပြီးသွားနေတဲ့ ဒီနိုင်ငံရေးစမ်းသပ်မှုမှာ ဘယ်လိုလုပ်ရင် ဘာဖြစ်မယ်ပြောတာက သိပ်ပြီး ပေါ့ပေါ့ပါးပါးအဖြေလည်းမဟုတ်ဘူး ဒီပွဲကနေတစုံတရာတော့ တန်ဖိုးရှိတာတွေရပါတယ်။
VOM ။ ။ ကိုလိုနီလက်အောက်ကနေ လွတ်ခဲ့တဲ့ နိုင်ငံချင်းတူတယ် သူတို့နိုင်ငံက ကမ္ဘာရဲ့ လူဦးရေအများဆုံးဖြစ်နေတယ်၊ ကျနော်တို့နိုင်ငံနဲ့ယှဥ်ရင် ဘယ်လိုပညာတွေရမလဲ၊ ဒီကရတဲ့ သင်ခန်းစာတွေကို ဘယ်သူတွေက ဆက်ပြီးအကောင် အထည်ဖော်မလဲ၊ အန်ကယ်တို့လို နိုင်ငံရေးသမားတွေ အစိုးရအဖွဲ့တွေ၊ အခုပြည်ထောင်စု အတိုင်ပင်ခံတွေ EAO’s တွေ ဒါတွေက ဆက်လုပ်သွားမလား
ဦးဘရှိန် ။ ။ အဲ့ဒါတော့ ယူတတ်တဲ့သူအပေါ်မှာ မူတည်တယ်၊ လက်ရှိ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ အာဏာရထားတဲ့သူတွေက ဘယ်လိုအသုံးချကြမလဲ၊ အဲ့လိုအသုံးချကြဖို့ သူတို့က ဘယ်လိုသဘောရလဲဆိုတာက အဓိက ကျမှာပေါ့လေ၊ အဲ့ဒီလို ဒီဘက်ကတွေးသလို ပြည်သူတွေဘက်က ပြန်ပြီးတော့ give and take ကတော့ ရှိမှာပေါ့လေ၊ ဘယ်အရာပဲဖြစ်ဖြစ် လုပ်ငန်းတခုအကောင်အထည်ဖော်မယ်ဆိုရင် give and take လုပ်ရတာရှိတယ်၊
VOM ။ ။ ဒီလို အလုပ်ရုံဆွေးနွေးပွဲတွေကနေတဆင့် ဘာတွေ ဆက်လုပ်ဖို့ အကြံပြုချင်တာများရှိအုံးမလဲခင်ဗျ။
ဦးဘရှိန် ။ ။ ပွဲအစပဲရှိသေးတယ်၊ အကြံပြုဖို့ကတော့ လောလောဆယ် အတုယူကြပါလို့ပဲ ပြောချင်တယ်၊ ကမ္ဘာမှာ ထင်ရှားတဲ့ ကွန်စတီကျူးရှင်း နှစ်ခုရှိတယ်လေ၊ အမေရိကန် ကွန်စတီကျူးရှင်းရယ် အိန္ဒိယ ကွန်စတီကျူးရှင်းရယ်၊ ဒီကွန်စတီကျူးရှင်းနှစ်ခုကို မဏ္ဍိုင်ထားပြီး နမူနာယူကြပေါ့၊
VOM ။ ။ ကျနော်တို့ဖွဲ့စည်းပုံက အင်ဒိုနီးရှား ကွန်စတီကျူးရှင်းကို အဓိအခြေပြုထားတာ အဓိက ဆိုရင် ဆိုလို့ရတာပေါ့နော် ဒီတော့ ဘယ်လိုယှဥ်ပြောလို့ရမလဲ
ဦးဘရှိန် ။ ။ အဲ့လိုပြောရင်လည်း ကျနော်တို့ကတော့ စိတ်မဆိုးပါဘူး ဘာဖြစ်လို့လည်းဆိုတော့ သမ္မတဆူဟာတိုက အာဏာသိမ်းပြီးတော့ စစ်တပ်က ဒီမိုကရက်တစ်နိုင်ငံကို ပြန်လာတဲ့အခါ အရပ်ဘက်စစ်တပ်နဲ့ ယုံကြည်မှုဖြတ်သန်းလာတယ်၊ ဒီမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ သွားလို့ရမယ်ခန့်မှန်းခဲ့ကြတယ်၊ ဒါပေမယ့် အင်ဒိုနီးရှားအတိုင်း မဖြတ်သန်းနိုင်ခဲ့ကြဘူး အကောင်းဆုံးဘယ်လိုဖြတ်သန်းကြမလဲ တာဝန်ရှိတဲ့သူတွေ သေခြာစဥ်းစားကြပေါ့ဗျာ။
ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party, RNP)ဟာ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွင်းမှာပေါ်ပေါက်လာတဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပါတီတည်ထောင်သူမှာ ကျောက်ဖြူမြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘရှိန် ဖြစ်ပါတယ်။
ဒီကနေလုပ်တဲ့ပွဲမှာ အမျိုးသားလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ ပြည့်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပြည်ထောင်စုအတိုင်ပင်ခံပုဂ္ဂိုလ်တွေ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ် ၁၅ ယောက်၊ တိုင်းရင်းသား ပါတီခေါင်းဆောင်တွေအပြင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအပါအဝင် လူဦးရေ ၁၀၀ နီးပါးက ဆွေးနွေးသုံးသပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ပုံစာ – ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာ နေပြည်တော် ဆွေးနွေးပွဲ
Photo- မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးဖေ့စဘုတ်
