စစ်ကိုင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ဖမ်းဆီးခံရတဲ့သူ ၁၀ ယောက်ဝန်းကျင်ရှိ

 

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ဖမ်းဆီးခံရလို့ သေဆုံးသူ အနည်းဆုံး ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတယောက် က ” မနေ့ ဇန်နဝါရီ ၂၄ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က လယ်ကြီးကျေးရွာနဲ့ ရွာမကျေးရွာနားမှာ လူငယ် လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း ထန်းတောကျေးရွာဘက်မှာ ကားတစီးနဲ့ လူငယ် လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ ဒီကြားထဲ ပစ်သတ်ဖမ်းဆီးခံရလို့ အနည်ဆုံး လူ လေးငါးယောက်လောက်ရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဖြစ်စဉ်က ရွာမကျေးရွာနားမှာ နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ ထိတွေ့မှုဖြစ်လို့ ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုမှာ အမျိုးသား လေးလောင်းနဲ့၊ လက် လုပ်သေနတ် (အရှည်) ၂ လက် ၊ (အတို) ၃ လက် ၊ ၉ မမ ကျည် ၅ တောင့် ၊ ၅.၅၆ မမကျည် ၉၈ တောင့် ၊ ၁၂ ဗို့ကျည် ၂၆ တောင့် ၊ အမ်-၂၂ ကျည် ၁၅ တောင့် ၊ လက်လုပ်ကျည်အိမ် ၅ ခု ၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး ၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံးမှန်ပြောင်း ၁ လက် ၊ ပြောက်ကျားယူနီဖောင်း ၂ စုံ ၊ ပြောက်ကျားဦးထုပ် ၂ လုံး သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် ၊ ညနေပိုင်းက စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဒေသအခေါ် ၅ မိုင်းနေရာမှာ ခရီးသွားလာနေတဲ့ ခရီးသည် ၁၉ ယောက် ပစ်သတ်ခံရပြီး သေဆုံးသူတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေအပြင် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေပါ အမည်မသိအဖွဲ့(စုံစမ်းဆဲ)က လုယက်သွား တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း အဲ့ဒီနေရာမှာ ဒေသတွင်း လက်နက်ကိုင် ၁၄ ယောက်ကို နစက လုံခြုံရေး အဖွဲ့က ပစ်သတ်ဖမ်းဆီးခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW