နာရီရောင်းချင်လို့

 

 

ဆူးငှက်

 

 

ကျွန်တော် မန္တလေး တက္ကသိုလ် ကျောင်းသို့ တက်ရမည်ဆိုတော့ အဖေ့ကို ပထမဆုံး ပူဆာတာက လက်ပတ်နာရီဖြစ်သည်။ အဖေ့ကို အစ်ကို ဝမ်းကွဲတွေက လက်ပတ်နာရီလေးတွေ ဝယ်ထားတာဗျ။ ကျွန်တော်လည်း ကျောင်းတက်ရင်လက်ပတ်နာရီလေး ရှိထားမှဗျ။ ၂၅၀ ၊ ၃၀၀ လောက်ဆို ကောင်းကောင်းရတယ်တဲ့ ဟု အရဲစွန့်ပြောလိုက်သည်။

 

သည်တော့ အဖေက “အေး.. ဒါဆိုရင် နောက် ၂ရက်လောက်နေရင် မင်း ယောက်ဖ လာမှာ၊ သူလာမှ တိုင်ပင်ပြီး ဝယ်ကြတာပေါ့” တဲ့။ အဖေ က အဲ့လို၊ သူနားမလည်သည့် ကိစ္စဆိုလျှင် နားလည်သူနှင့် တိုင်ပင်ပြီးမှ ဆက်လက် လုပ်ဆောင်သည်ပေါ့။ သည်တော့ ဘယ်တတ်နိုင်ပါ့မလဲ၊ ကျွန်တော်လည်း ယောက်ဖတော် မုံရွာ လာမည့် နောက် ၂ရက်ထိ စောင့်ရုံပေါ့လေ။

 

အဖေ ပြောသည့် အတိုင်းပဲ နောက် ၂ရက်လောက်နေတော့ မုံရွာက ယောက်ဖတော် ရောက်လာသည်။ သူက ပန်းတိမ်ဆရာမို့ ပန်းထိမ်ဖိုမျာတွင် အပ်ထားသော ပစ္စည်းများ လာရောက်ယူခြင်းနှင့် အခြား အလုပ်ကိစ္စများလည်း ရှိသည်။ ယောက်ဖတော် ရောက်လာပြီး သူ့ကိစ္စတွေပြီးစီးလို့ အိမ်ပြန်ရောက်ကာ ထမင်းစားသောက်ပြီးတော့  အဖေ က စကားစသည်။ “မင်း ညီတော်မောင်က လက်ပတ်နာရီ လိုချင်လို့တဲ့။ သူကတော့ သူ့ဝမ်းကွဲ အစ်ကိုတွေ ပတ်ထားတဲ့ ၃၀၀ တန်ကို ဝယ်မယ် ပြောတာပဲ။ငါကလည်း နားမလည်တော့ သင့်တော်မယ် ထင်ရင် မင်းလိုက်ဝယ်ပေးလိုက်ပါဦး။ နာရီဖိုးအတွက် ငါ ပစ္စည်းပေးလိုက်ပါ့မယ်။မင်းပဲ ကြည့်စီစဉ်ပေးလိုက်ပါ” ဟု ဆိုတော့ ယောက်ဖတော် က လက်ဖက်ကို ဇွန်းနှင့် ကော်စားရင်း “ မင်းလိုချင်တာက ၃၀၀ ဆိုတော့ အဲ့ဒါ တရုတ်က ဝင်တာနေမှာ၊ အဲ့လို နာရီမျိုးက သူဌေးတွေမှ ပတ်တာ” ဟု ဆိုပြီး ရေနွေးကြမ်းငှဲ့ကာ သောက်သည်။

 

ကျွန်တော် က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဘုရား ဘုရား သူဌေးတွေမှ ပတ်တာ ဟုဆိုတော့ တန်ဖိုးကြီးတယ်။ ၅၀ တန် ၁၀၀ တန်လောက်ဆို တော်ရော့ပေါ့ ဟု ဆိုချင်ပုံရသည်။ ကျွန်တော်က အစ်ကိုဝမ်းကွဲတွေ ပတ်ထားသည့်ဒိုင်ခွက်က အပြာလဲ့လဲ့နှင့် day ရော date ရော ပါကာ စတီးရောင် ဝင်းဝင်း လက်ပတ်ကြိုးနှင့် နာရီလေးကို မြင်ကတည်းကသဘောကျနေသည်။ အဲ့ဒီနာရီလေးက ၃၀၀ ဆိုရပြီ။ အခု အဲ့လို နာရီမျိုးက သူဌေးတွေမှ ပတ်တာ ဆိုတော့ ကျွန်တော်လို ကောင်နဲ့ ဝေးပြီပေါ့။

 

အဖေ ကလည်း အစစ သူ့သားမက်ကို လွှဲထားတော့ ဘာမှ ဝင်မပြော။ ကျွန်တော်ကလည်း ဘာဆက်ပြောရမှန်း မသိ။ကိုလှဘော် က ရေနွေးတစ်ခွက် ကုန်အောင် သောက်ပြီးမှ “ အဲ့ဒီ ၃၀၀ တန် က တရုတ်ဖြစ်ကွ၊ ခဏနဲ့ ပျက်မှာ၊ ၆ လ လောက်ပတ်ပြီးရင် နောက်တစ်လုံး ဝယ်ရမှာ။ ကဲကွာ ၁နှစ် ခံတယ် ထားဦး တစ်နှစ်ကိုပဲ ၃၀၀ ကုန်မှာ၊ နောက်ထပ် ၃၀၀ တန်ထပ်ဝယ် ဒါလည်း တစ်နှစ်ကုန်တော့ ပျက်လို့ နောက် တစ်လုံး ထပ်ဝယ်ရမှာ၊ အဲ့လို တစ်နှစ် တစ်လုံ ဝယ်နိုင်ဖို့က သူဌေးပဲ တတ်နိုင်မှ မဟုတ်ဘူးလား။ မင်းတို့ ငါတို့ ဘယ်တတ်နိုင်ပါ့မလဲကွ” ။ ယောက်ဖတော် က လက်ဖက်ခွက် ကိုင်ပြီး အားပါးတရ စားပြန်သည်။ကျွန်တော်ကတော့ သူပြောတာတွေ နားတော့မလည်၊ မျက်စေ့တော့ လည်နေသည်။ ကိုလှဘော်က လက်ဖက် တစ်ဇွန်း စားပြီးစကားဆက် သည်။

 

“ မင်းတို့ ငါတို့က နာရီကို တစ်နှစ် တစ်လုံးမပြောနဲ့ တစ်သက် တစ်လုံးကိုပဲ အားတင်းဝယ်ကြရတာလေ။ ဒီတော့အကောင်းစားကိုပဲ တစ်ခါတည်း ဝယ်ထားရင် တစ်သက်လုံး နေရော့ပဲ။ ထပ်ဝယ်စရာ မလိုတော့ဘူးကွ၊ ဒီတော့ ဝယ်မယ့် ဝယ်ကောင်းတာပဲ တစ်ခါတည်း ဝယ်လိုက်၊ အခု အချိန်ရှိသေးတယ်၊ လာ လိုက်ခဲ့။ မင်းနဲ့ ငါဈေးချိုသွားစို့၊” ဟု ဆိုကာ ပြောပြောဆိုထပြီး စောစောက ချွတ်ထားသော အင်္ကျီကို ပြန်လျှိုသည်။ အဖေ က ဘုရားစင်ပေါ် က သူ့လက်စွဲ သော့တွဲကို ယူပြီး သော့ ၃ချက်ခတ် သူ့သံသေတ္တာကြီးကို ဖွင့်သည်။ အဝတ်တွေ အောက်ဆုံးက ယုန်မွှေးတု အနီရောင်ရဲရဲ အိတ်လေးကိုယူသည်။ ဇတ်ကိုဖွင့်သည်။ အတွင်းက ပစ္စည်း တစ်ခုကို ထုတ်ပြီး ယောက်ဖတော် လက်ထဲ ထည့်လိုက်သည်။

 

ဈေးချိုရောက်တော့ ယောက်ဖတော ်က ရွှေဆိုင်တန်း မှာရှိသော သူ့ဖောက်သည် ရွှေဆိုင်ကို အရင်ဝင်သည်။ “ ဒီပစ္စည်းလေး က ကျွန်တော့် ယောက္ခမ ပစ္စည်းပါဗျာ၊ ချိန်ကြည့်ပြီး ပေါက်ဈေးကျသင့်တာနဲ့ ယူလိုက်ပါ၊ ဝယ်စရာလေးရှိလို့ ” ဟုယောက်ဖတော် က ပြောရင်း သူ့လက်ထဲက အဖေပေးလိုက်သော ပစ္စည်းလေးကို ဆိုင်ရှင့် လက်ထဲ ထည့်လိုက်သည်။

 

 

ဆိုင်ရှင်က မှတ်တိုက်ကြည့်ပြီး ချိန်သည်။ ထို့နောက် တွက်ချက်သည်။ “ကိုင်း ဒီနေ့ရွှေဈေးနဲ့ဆို အခုပစ္စည်းက ၇၅၀ ရမယ်ဗျ၊ကျွန်တော် ဘာမှ မနှုတ်တော့ပါဘူး” ဟုဆိုက် သေတ္တာလေးထဲက ပိုက်ဆံ ၇၅၀ ကိုရေပြီး ပေးသည်။ ယောက်ဖတော ်က ဆိုင်ရှင်ပေးသော ငွေကျပ် ၇၅၀ကို သူလွယ်ထားသည့် မိုးကာ အိတ်ထဲထည့်သည်။ ဆိုင်ရှင် က ချိန်ခွင်ထဲက ပစ္စည်းကိုယူပြီး နောက်သေတ္တာလေး တစ်လုံးထဲ ထည့်သည်။

 

 

 

ယောက်ဖတော် က မြောက်မလွယ်က ထွက်ပြီး မြောက်ဘက် တိုက်တန်ဆီသို့ ဗိုလ်ချုပ်လမ်းကို ဖြတ်ကာ သွားသည်။ ကျွန်တော်က သူ့နောက်ကပေါ့။ မြောက်ဘက်တိုက်တန်းမှာ ရှိသော နာရီဆိုင် က ဆိုင်းဘုတ်ကို ယောက်ဖတော် က မော့ကြည့်ပြီး “ ဟုတ်တယ်ကွ၊ ဒီဆိုင်ပဲ၊ ငါ့နာရီကလည်း ဒီဆိုင်ကပဲ ဝယ်တာ” ဟု ပြောသည်။ ထို့နောက် ဆိုင်ထဲ ဝင်ပြီး နာရီတွေ ကြည့်သည်။ ဆိုင်ရှင်ကလည်း စိတ်ရှည် လက်ရှည် ပြသည်။ နောက်ဆုံးတော့ ယောက်ဖတော် က နာရီတစ်လုံးကို စိတ်တိုင်းကျ ရွေးကာ ဝယ်လိုက်ပါတော့သည်။ နာရီက swss မိတ် TITONI မော်ဒယ် နံပတ်က 009 တဲ့၊ ပတ်ကင်ပိတ် အသစ်စက်စက်။ တန်ဖိုးက ၇၂၅ ကျပ်တဲ့။ဆိုင်ရှင်က နာရီကို ပက်ကင်းပိတ်ထဲက ဖောက်ပြီး ကျွန်တော့ လက်နှင့် တိုင်းကာ လက်ပတ်ကြိုးကို ဖြတ်ပေးသည်။ ထို့နောက် ပိုသည့် လက်ပတ်ကြိုး အဆစ်လေးတွေကို ပလပ်စတစ် အိတ်လေး နှင့် သေချာ ထုတ်ပေးလိုက်သည်။ ကျွန်တော် က ပတ်ထားသော နာရီကို မချွတ်တော့။

 

 

အိမ်ရောက်တော့ ယောက်ဖက ပိုသည့် ပိုက်ဆံ အစိတ် (၂၅ ကျပ်) ကို ရွှေဆိုင်ဘောင်ချာ၊ နာရီဆိုင် ဘောင်ချာများနှင့်အတူ ပြန်အပ် လိုက်သည်။ “ နာရီက အော်တိုမစ်တစ် ကွ၊ ရေချိုးမှနဲ့ အိပ်မှ ချွတ်တော့။ လက်လှုပ်နေရင် သူ့ဖာသာ သံပတ်ပေးပြီးဖြစ်တာကွ” ဟု ပြောသည်။ ကိုင်း တက္ကသိုလ်ကျောင်းက မတက်ရသေး၊ အမေ့ တစ်ကျပ်သား ရွှေစိုက်ဘီးလေးက အဖေ့သေတ္တာထဲက ခုန်ထွက်သွားပြီလေ။

 

 

၁၉၇၅ ခုနှစ်က ဝယ်ခဲ့သော နာရီလေးက အခုထိ ရှိသေးသည်။ အခု ကျွန်တော် အသုံးလိုနေလို့ ဝယ်စဉ်က ဈေးအရင်းအတိုင်း ရွှေတစ်ကျပ်သားပဲ ပေးကြပါ့။

 

 

ဆူးငှက်

 

#voiceofmyanmar  #VOM #ဆူးငှက် #နာရီရောင်းချင်လို့

 

 

Related posts

Leave a Comment

VOM News

FREE
VIEW