မတ် ၂၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တပ်ယူနီဖောင်း၊ ရဲယူနီဖောင်းနဲ့ လုယက်ဓားပြတိုက်နေတဲ့ဝန်ထမ်းတဦး အပါအဝင် ဓားပြအဖွဲ့ ၇ ယောက်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ည ၁၁ နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ တနေ့ညက ဖမ်းတာ။ အကုန်မိတယ်။ နယ်စပ်သာ ပြောတာ တာချီလိတ်က ထွက်ပေါက် မရှိဘူး။ သတင်းပေးတဲ့ လူကလည်း များတယ်” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဖမ်းမိထားတဲ့ သူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၈ နှစ်ကြားရှိ သူတွေဖြစ်ပြီး ဓားပြတိုက်မှုမှာ ဦးဆောင်တဲ့ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုဦးစီးမှူး ဦးအေးကိုကိုဦးနဲ့ သူ့ရဲ့ အဖွဲ့သားတွေ ဖြစ်တဲ့ စိုင်းမောင်ထွန်း (ခ) အိုက်ပီး၊ စိုင်းလှမောင်၊ စိုင်းခမ်းတွီ၊ ရဲသီဟလွင်၊ ကျိုင်းဆံဟိုင်း တို့ကို တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင် ကော်မရှင်ရုံး အိမ်ရာဝန်းရှိ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှူး နေထိုင်ရာ နေအိမ်မှာ ဖမ်းဆီး ရမိခဲ့တာလို့ သူက ပြောပါတယ်။
သူတို့ရဲ့ အဖွဲ့ဝင်တေယာက်ဖြစ်တဲ့ စိုင်းဆိုင်မိန်း ဆိုသူကိုတော့ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို တလက်နဲ့ ကျည်အိမ် တခု၊ ကျည် ငါးတောင့် ကိုလည်း ရှာဖွေ သိမ်းဆည်း ရမိထားတယ်လို့ ဆိုပါတယ်။
ဓားပြတိုက်မှုမှာ အသုံးပြုတဲ့ တပ်ယူနီဖောင်းေတွ၊ ရဲတပ်ဖွဲ့ယူနီဖောင်းတွေ အပါအဝင် ဩစတေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတိုသေနတ် တလက်၊ ကျည်အိမ် တခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ် တလက်၊ ကျည်အိမ် တခု၊ COLT အမျိုးအစား ပစ္စတိုသေနတ် တလက်၊ ကျည်အိမ် တခု၊ USA နိုင်ငံထုတ် M4 A1 CarvineM – 320461 တလက်၊ ကျည်အိမ် နှစ်ခု၊ ပွိုင့် ၂၂ သေနတ်အရှည် တလက်၊ ကျည်အိမ် တခု၊ 5.56 ကျည် ၅၉ တောင့်၊ ၉ မမကျည် ၂၀ တောင့်၊ ၃၈ ကျည် ၉ တောင့်၊၂၂ ကျည် ၄ တောင့်၊ သေနတ်အိတ် သုံးခု၊ ရဲတပ်ဖွဲ့ယူနီဖောင်းအင်္ကျီ သုံးထည်၊ ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ တထည်၊ တာလေ ပြည်သူ့စစ်ယူနီဖောင်း တစုံ၊ ဘက်တံဆိပ်မပါတဲ့ စစ်စိမ်းရောင်ယူနီဖောင်း တစုံ၊ ပြောက်ကျားယူနီဖောင်း နှစ်စုံ၊ USA တံဆိပ်ပါပြောက်ကျားယူနီဖောင်း နှစ်ထည်၊ အနက်ရောင်ဘောင်းဘီရှည် တစ်ထည်၊ အပြာရောင် ပြောက်ကျားအနွေးထည် တထည်၊ တာလေ စစ်စိမ်းရောင် ပြောက်ကျားအင်္ကျီ သုံးစုံ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တံဆိပ်ပါ ဘယ်ရီဟက် သုံးလုံး၊ အပြာရောင် တောဆောင်း တလုံး၊ ဖိုက်ဗာအပြာရောင် တလုံး၊ ပိကတ်အပြာရောင် တလုံး၊ ဦးထုတ်အဝိုင်း တလုံး၊ ARMY ကျည်ကာ ပြောက်ကျားအစိမ်းရောင် သုံးထည်၊ ကျည်ကာ ပြောက်ကျားအနက်ရောင် ငါးထည်၊ ရွှေတာချီဆိုင်ကယ်တက္ကစီအင်္ကျီ (၇၀၇) တထည်၊ မျက်နှာဖုံး အဖြူရောင် တခု၊ ဆံပင်အတု တခု၊ အီကွေ့မင့် တစုံ၊လက်ထိပ် သုံးကွင်း၊ လည်ရှည်အနက် တစုံ၊လည်တို ရှူးဖိနပ် နှစ်ရံ၊ ဓားရှည် တချောင်း၊နံပါတ်တုတ် တချောင်း၊ ခါးပါတ်အနက်ရောင် ငါးချောင်း၊ စကားပြောစက် တလုံး၊ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင်(လိုင်စင်စိစစ်ဆဲ) တစီး၊ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) တစီး လက်ရဖမ်းဆီး သိမ်းဆည်းရမိကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
“တာချီလိတ်က ကြောက်စရာကောင်းတယ်။ အရမ်းဆိုးဝါးတယ်။ ဂွင်ဖန် လုပ်စားတာတွေများတယ်။ လောင်းကစားဝိုင်း၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ မူဆယ် ထက်များတယ်” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခိုးဆိုးလုယက်တွေများနေပြီး နမ့်ခုမ်ရွာ အနီးက ဝိန်းမိုင်ရွာမှာလည်း စစ်ရှောင်ဒေသခံတွေရဲ့ နေအိမ်ကို စစ်ယူနီဖောင်း၊ ပြည်သူ့စစ် ယူနီဖောင်း ဝတ်ဆင်သူတွေက နေအိမ်သော့ဖျက်ကာ တန်ဖိုးကြီး ပစ္စည်းတွေ ယူပြီး တဲထိုးရောင်းချနေတာရှိနေပါတယ်။ သူတို့ကို ပုံရိုက်မှတ်တမ်းယူ လိုင်းပေါ်တင်ရင် အိမ်မီးရှို့ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံတွေက ပြောပါတယ်။
“လူက တခါတလေ အိမ်လာကြည့်တဲ့ လူလောက်ရှိတာ။ အိမ်တွေ သော့ဖျက်ပြီးတော့ ပရိဘောဂ က အစ တန်ဖိုးကြီး ပစ္စည်းတွေ အကုန်ယူတယ်။ ပါကေးတွေပါ ခွာယူတယ်။ အဲဒီ ညောင်ပင်အောက်နားမှာ ပေါ်တင် တဲထိုးပြီးရောင်းနေတာ။ ကြောက်လို့ ဘယ်သူမှ မပြောရဲဘူး” လို့ ဒေသခံတယောက် ကပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ် ၁၀၅ မိုင် မှာလည်း လက်ရှိ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က တွဲကား သုံးစီး မတရားယူသွားတဲ့ အပြင် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ ရုံးခန်းတွေပါ သော့ဖျက် ကာ စားပွဲခုံတွေ၊ ကွန်ပြူတာတွေက အစ ယူလိုသွားတာတွေ ရှိနေလို့ အခက်ကြုံနေရတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေ က ပြောပါတယ်။
“ကျနော်တို့ ကုန်သည်တွေရဲ့ ရုံးတွေ အကုန်ဖောက်ပြီး ပစ္စည်း ယူသွားတယ်။ ဘာမှ မကျန်ဘူး။ လက်နက်ကိုင်ပြီး ပြည်သူတွေကို အနိုင်ကျင့်တာ။ ဘယ်လက်နက်ကိုင်ကမှ ပြည်သူတွေအတွက် စဉ်းစားပေးတာ မရှိဘူး။ ပြည်သူတွေအတွက် တိုက်ပွဲ ဝင်တယ် ဆိုတာ အလကား။ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်တယ်။” လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
၁၀၅ မိုင်မှာ ကားဝပ်ရှော့ ပြင်ဆိုင်ဖွင့်ထားတဲ့ ဒေသခံ တယောက်ကလည်း တိုက်ပွဲ မဖြစ်ခင် သူများ ကားပြင်ဖို့ လာအပ်ထားတဲ့ဟာ ပြင်ပြီး ခြံဝင်းအတွင်း တံခါးသော့ခတ် ထည့်ထားကာ ရွာဘက် စစ်ရှောင်နေခဲ့တဲ့ အတွင်း ပျောက်ဆုံးသွားကာ ရှာဖွေကြည့်တော့ လက်ရှိ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုက မောင်းနှင်အသုံးပြုနေတာလို့ ဆိုပါတယ်။
နမ့်ခမ်းမြို့မှာလည်း တိုက်ပွဲ အတောအတွင်း နေအိမ်တွေ အများအပြား ဖောက်ခံရကာ စောင်က အစ မွှေနှောက် ယူဆောင်ခံ ရသလို နမ့်ဖတ်ကာမှာလည်း နေအိမ်တွေ ဖောက်ထွင်းကာ အိမ်တွင်းပစ္စည်းတွေ ခိုးယူခံနေရပြီး လောက်ကိုင်၊ သိန္နီ တို့မှာ လည်း နေအိမ်၊ ဆိုင်ခန်းတွေထဲက ပစ္စည်းတွေ မွှေနှောက် ယူဆောင်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေရဲ့ နေအိမ်ထဲက ကွန်ပြူတာ၊ စားပွဲတွေက အစ အိမ်ရှင်တွေ မရှိချိန် ခွင့်ပြုချက်မရှိပဲ ယူသုံးနေတာ မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့တယ်လို့ သိန္နီ ဒေသခံ တယောက်က ပြောပါတယ်။
“ဒီလို ပြည်သူတွေရဲ့ ပစ္စည်း ဖျက်လို ဖျက်စီး ယူချင်သလို့ ယူတာက မဖြစ်သင့်ဘူးလေ။ ပြည်သူတွေအတွက် ဘာမှ လုပ်မပေးနိုင်ရင် ဘယ်အဖွဲ့ လာလာ ဘာထူးလဲ။ ပျက်စီးသွားတဲ့ ဟာတွေလည်း ပျက်စီးကုန်ပြီ။ ပြန်အမ်းယူလို့ မရတော့ဘူး။” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က သိမ်းပိုက်ထားပြီး MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ သိန္နီ၊ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို သိမ်းပိုက်ခဲ့က နမ့်ဖတ်ကာ တိုက်နယ်ကိုတော့ KIA က သိမ်းထားတာ ဖြစ်ပါတယ်။
Photo Crd# Original Uploader