မတ် ၊ ၄ ၊ ၂၀၂၄
TT (VOM)
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ လေယာဥ်ကွင်းအနီးမှာ မနေ့ မတ် ၃ ရက်က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက် သေဆုံးမှုတွေများပြားခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေဆီက သိရပါတယ်။
” တိုက်ပွဲက လွိုင်ကော် လေယာဥ်ကွင်းအနီးမှာ ဖြစ်တာပါ ၊ အဲ့ဒီနားမှာ ထပ်မြင့် အဆောက်ဦးတွေနဲ့ ဟိုတယ်တွေရှိတယ် ၊ ဒေသတွင်းလက်နက်ကိုင် KNPP/KNDF အဖွဲ့တွေက အဲ့ဒီ ထပ်မြင့်အဆောက်ဦးတွေပေါ်ကနေ နစက လုံခြုံရေးအဖွဲ့တွေကို ပစ်တယ် ၊ အဲ့ဒီလို နေရာယူပြီး ပစ်ခတ်တာတွေကြောင့် နစက လုံခြုံရေး အဖွဲ့တွေက ဟိုတယ်တွေ အပါအဝင် ထပ်မြင့် အဆောက်ဦးတွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ် ၊ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုတွေရှိပြီး အသေအပျောက်တွေလည်း များတယ် ” လို့ မြို့ခံတယောက်က ပြောပါတယ်။
ကယားပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လွိုင်ကော်လေဆိပ်ဘက်ကို မနေ့က နယ်မြေရှင်းလင်းတယ် ၊ အဲ့ဒီမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ နောက်ပြီး အမျိုးသား ရုပ်အလောင်း ငါးလောင်းနဲ့ အမ် ( ၂၂ ) သေနတ် ၂ လက်၊ အမ်အေ ( ၄) သေနတ် ၂ လက်၊ အမ်အေ (၁) သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ကျည်မျိုးစုံ ၂၂၀ တောင့်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ အီနာဂါဗုံးသီး ၈ လုံး၊ ရှော့တိုက်ဒုံး ၂ လုံးနဲ့ လက်လုပ်မိုင်း ၃ လုံး သိမ်းဆည်းရမိတယ် ၊ နစက စစ်ကြောင်းဘက်က တပ်ဖွဲ့ဝင် လေးယောက်လည်း ထိခိုက်ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ်။
မနေ့က ကယားပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်တာက လွိုင်ကော်မြို့ တခုတည်း မဟုတ်ပါဘူး ၊ ဖားဆောင်းဘက်မှာလည်း လွန်ခဲ့တဲ့ ငါးရက်ကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက လွိုင်ကော်လေဆိပ်မှာ လေယာဥ်ကွင်းဆင်းချိန် ပစ်ခတ်ခံရပြီး ခရီးသည်တယောက် ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။