မတ် ၊ ၄ ၊ ၂၀၂၄
SP (VOM)
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာ နစကတပ်ဖွဲ့တွေနဲ့ KIA – PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် သုံးရက်မြောက်တဲ့နေ့ဖြစ်ပြီး နှစ်ဘက်ထိခိုက် သေဆုံးတာတွေ များပြားလာတယ်လို့ ကနီတိုက်ပွဲရှောင် ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲရှောင်လာတဲ့ ကနီမြို့ခံတယောက်က
” မတ် ၂ ရက်နေ့ မနက်ပိုင်းစလို့ တိုက်ပွဲစဖြစ်တာ ဒီကနေ့အထိဖြစ်နေတုန်းပဲ ၊ မြို့ပေါ်မှာ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်နေတာဖြစ်တယ် ၊ မြို့ပေါ်က လူနေရပ်ကွက် သုံးခုရှိတယ် ၊ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ ကတော့ လူတယောက်မှ မရှိတော့ဘူး ၊ ကန္နားလမ်းပိုင်းကလူတချို့လောက်ပဲကျန်တော့တယ် ၊ နောက်ပြီး ဒီမနက် ၁၁ နာရီဝန်းကျင်ကစလို့ မြို့နယ်သမဝါယ ၊ မြန်မာ့စီးပွားရေးဘဏ် ၊ မြို့နယ် မြေစာရင်းရုံး နဲ့ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး စတဲ့ အဆောက်ဦးတွေ မီးလောင်နေတယ် ၊ တိုက်ပွဲစဖြစ်တဲ့ မနက်ပိုင်းက ကနီမြို့ခံတွေက ထွက်မပြေးပဲ အိမ်အောက်တွေမှာ ရှိတဲ့ ပုန်းခိုကျင်းတွေ ဝင်ပုန်းနေကြတယ် ၊ အဲ့ဒီ အချိန် ဒရုန်းဗုံးတွေနဲ့ ပစ်ကြတော့ အိမ်တွေထဲပုန်းနေတဲ့ လူတွေအားလုံး ဘုန်းကြီးကျောင်းတွေထဲ ပြေးပြီးပုန်းကြတယ် ၊ အဲ့ဒီလို ပုန်းနေတဲ့ ဘုန်းကြီးကျောင်းတွေကို PDF အဖွဲ့တွေက စီးနင်းဝင်ရောက်ပြီး ဝန်ထမ်းမှန် သမျှ အကုန်ထွက်ခိုင်းတယ် ၊ ထွက်လာတဲ့ ဝန်ထမ်း ၅၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်ခဲ့တဲ့ လူတွေကတော့ ပုန်းခိုခွင့်ပေးထားတယ် ” လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ကနီထိတွေ့တိုက်ပွဲက သုံးရက်ရှိပြီး ၊ အခုထိ စစ်ရှိန်က မြင့်နေတုန်းပဲဖြစ်တယ် ၊ ဒီရက်ပိုင်း တိုက်ပွဲကာလအတွင်း အမျိုးသား ရုပ်အလောင်း ၅၀ ကျော်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိထားတယ် ၊ နစက လုံခြုံရေး အဖွဲ့ထဲက သုံးယောက်သေဆုံးပြီး ဆယ်ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ်။
ကနီမြို့ဟာ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်း နဖူးပေါ်တွင် တည်ရှိပြီး မြို့ရဲ့ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ ရေဝါသဲချောင်းကြီးရှိပါတယ် ၊ ဒါ့အပြင် မြို့ရဲ့ မြောက်ဘက်မှာ မြင်းဖြူရှင် တောင်တန်းတွေရှိတာကြောင့် ကနီမြို့ခံတွေအဖို့ ထွက်ပြေးတိမ်းရှောင်နိုင်မယ့် လမ်းစ နည်းနေတယ်လို့ သိရပါတယ်။